မန္တလေးတိုင်း မတ္တရာအနောက်ခြမ်းနှင့် စဉ့်ကူးနယ်တလျှောက်ရှိ ဧရာဝတီမြစ်အတွင်းမှ ကျွန်းရွာများနှင့် မြစ်ရိုးတလျှောက် ရွာများသို့ ဖေဖော်ဝါရီ ၁ ရက်မှ စ၍ စစ်တပ်က စစ်ကြောင်းထိုးလာသဖြင့် သီးနှံများ ရိတ်သိမ်းရန် အခက်အခဲ ဖြစ်နေ ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံက သိရသည်။
စစ်ကောင်စီတပ်များသည် စဉ့်ကူးမြို့နယ် ဇီးကုန်း၊ ထုံးကြီးကျေးရွာများမှတဆင့် ဧရာဝတီမြစ်အတွင်း ကျွန်းရွာများ၊ မြစ်ရိုး တလျှောက် ရွာများဘက်သို့ အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်း ၂ ကြောင်းထိုးနေခြင်းဖြစ်ကြောင်း၊ အဆိုပါ မြေနုကျွန်း များပေါ်တွင် ကိုင်းသီးနှံအဖြစ် ထောပတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ မြေပဲများကို အဓိက စိုက်ပျိုးကြခြင်းဖြစ်ကာ စိုက်ဧက ၂၀၀၀ ခန့်ထိ ရိတ်သိမ်းနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
ဒေသခံတဦးက “စစ်ကြောင်း ၂ ကြောင်း တပြိုင်တည်း ထိုးလာတာကြောင့် ကောက်ပဲသီးနှံနဲ့ ကိုင်းမြေပဲတွေ သိမ်းချိန် ရောက်နေတာတောင် ဘာမှမလုပ်နိုင်ကြဘဲ အကုန်ပစ်ပြီး ပြေးခဲ့ကြရတာ၊ အချို့ဆိုရင် မြေပဲခင်းတွေ ဒီအတိုင်းပစ်ထားခဲ့ကြ တာ၊ နှုတ်ရမယ့်အချိန် မနှုတ်နိုင်တော့ အထွက်နှုန်းမှာ မှန်းထားသလောက် မရနိုင်တော့ဘူးပေါ့”ဟု ပြောသည်။
စစ်ကြောင်းထိုးလာမှုကြောင့် မတ္တရာမြို့နယ်အနောက်ခြမ်း ဧရာဝတီမြစ်ရိုးတလျှောက်ရှိ စိန်ပန်းကုန်း၊ ပိုဝ၊ မာရဘင် နှင့် စဉ့်ကူးမြို့နယ်မှ ကောက်ရိုးပုံ၊ ကျွန်းကြီး စသည့် ကျေးရွာများမှ ဒေသခံ ၄ ထောင်ခန့်ထိ ထွက်ပြေးတိမ်းရှောင်နေကြ ကြောင်း သိရသည်။
ဇီးကုန်းဒေသခံတဦးက ပဲစိုက်တာက အဓိကတော့ ထောပတ်ပဲပေါ့၊ အခုလိုအချိန်မှာ မရိတ်သိမ်းနိုင်တော့ ဆုံးရှုံးတာတွေ က အများကြီးပဲ၊ ကျနော် တို့ တောင်သူတွေဆိုတာ ယာကနေရတဲ့ ပိုက်ဆံလေးတွေနဲ့မှ တနှစ်ပတ်လုံး လည်ပတ်နေကြ ရတာလေ၊ အခုလိုမျိုး ကိုယ်လွတ်ရုန်းပြေးလာကြရတာဆိုတော့ အားလုံး ခက်ခဲသွားတယ်”ဟု ဆိုသည်။
စစ်ကြောင်းထိုးဝင်ရောက်ရာတွင် ရွာများအတွင်း တပ်စွဲပြီး ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ တန်ဖိုးကြီး ပစ္စည်းများအား ခိုးယူခြင်း၊ ဒေသခံများအား ဖမ်းဆီး သတ်ဖြတ်ခြင်းများကို ပြုလုပ်နေကြကြောင်း သိရသည်။
ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံတဦးက “လက်နက်ကြီးတွေနဲ့ စပစ်တဲ့အချိန်ကတည်းက အကုန်ကိုယ်လွတ်ရုန်း ပြေးကြရတာ၊ ပြေးပေါက်က အရှေ့ဘက်ရော အနောက်ဘက်ရော ဘယ်ကိုမှ ပြေးလို့မရတော့ အနောက်ဘက်ကမ်းဘက် ပြေးကြရတာပေါ့၊ အချို့လည်း ရေလယ်မှာရှိတဲ့ ကျွန်းတွေပေါ်နဲ့ ဘေးလွတ်ရာတွေကို ပြေးကြရတာပေါ့၊ မြစ်ရိုးရွာတွေဆို တော့ ရွာချင်းက ဆက်နေတာလေ၊ ဒီနေ့အထိ ကိုယ့်ရွာကိုယ် ပြန်မကပ်နိုင်သေးဘူးရယ်”ဟု ပြောသည်။
ထိုသို့ စစ်ကြောင်းထိုးဝင်ရောက်ရာတွင် ကျေးရွာများအား ဝင်ရောက်စီးနင်းပြီး ပစ္စည်းများကိုသာ ခိုးယူနေခြင်းဖြစ်ကာ ယနေ့ ၆ရက်မြောက်နေ့အထိ မီးရှို့ဖျက်ဆီးခြင်းများ မရှိသေးကြောင်း၊ လက်ရှိအချိန်အထိ စဉ့်ကူးမြို့နယ် ဇီးကုန်းကျေးရွာနှင့် မတ္တရာမြို့နယ် တောပုကျေးရွာများတွင် တပ်စွဲထားကြောင်း ဒေသတွင်းတော်လှန်ရေးအင်းအားစုများထံမှ သိရသည်။
မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “၁ ရက်နေ့ညက ညအိပ်တပ်စွဲခဲ့တဲ့ ဇီးကုန်းရွာမှာ အလှူတခုရှိတယ်၊ အလှူလာသူတွေကို အကုန်ဖမ်းပြီး ရွာက ကာလသားခေါင်းဆောင်အပါအဝင် ၅ ဦးကို လက်ပြန်ကြိုးတုတ် ရိုက်နှက်ပြီး ခေါ်သွားကြတယ်၊ ဒီနေ့ထိ အဆက်အသွယ်မရသေးဘူး”ဟု ပြောသည်။
စစ်ကောင်စီစစ်ကြောင်းကို ဒေသတွင်းတော်လှန်ရေးအင်အားစုများဖြစ်သော ABRF Madaya၊ ကောင်းကင်တော်လှန်ရေး အင်အားစု၊ ဧရာဝတီ ပျံလွှားအဖွဲ့၊ Unicorn Guerrilla Force တို့ ပူးပေါင်းပြီး ထိတွေ့တိုက်ပွဲနှင့် မိုင်းဆွဲတိုက်ခိုက်ခြင်း များ ကို ပြုလုပ်ခဲ့ရာ ဖေဖော်ဝါရီ ၂ ရက်နေ့က မတ္တရာမြို့နယ် ပိုဝ(တောင်) ကျေးရွာသို့ ဝင်ရောက်စီးနင်းသည့် အင်အား ၅၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒရုန်းဖြင့် ၃ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့ကြောင်းကို မတ္တရာမြို့မှ လူမှုကူညီရေးအသင်းကား ၂ စီးမှ ရုပ်အလောင်းများ လာရောက် ကောက်ယူသွားခြင်းမှတဆင့် အတည်ပြုနိုင်ခဲ့သည်ဟု Unicorn Guerrilla Force က ပြောသည်။
ဖေဖော်ဝါရီ ၄ ရက်ကလည်း မတ္တရာမြို့နယ် တောပုကျေးရွာကို စီးနင်းပြီး ဘုရားအတွင်း တပ်စွဲထားသည် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စဉ့်ကူးနှင့် မတ္တရာမြိုနယ်အစပ် ဧရာဝတီမြစ်ကမ်းအနီး ဇီးကုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ညပိုင်အချိန်တွင် ကျွန်းရွာများနှင့် မြစ်ရိုးတလျှောက်ရှိ ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ၇ လုံး ထက်မနည်း ဆက်တိုက် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်းကို ဖေဖော်ဝါရီ ၁ ရက်မှ ၄ ရက်နေ့ထိ ဒေသတွင်းတော်လှန်ရေး အင်အားစုများက မိုင်းဆွဲတိုက်ခိုက်ခြင်းနှင့် ပြောက်ကျားထိတွေ့မှုများ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီ ၄ ရက်နေ့ တိုက်ပွဲတွင် တောကြီးမြွေပွေးပြောက်ကျားတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၃ဦးကျဆုံးခဲ့ရကြောင်း တောကြီးမြွေပွေးပြောက်ကျား တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
You may also like these stories:
စစ်ကြောင်းထိုးမှုကြောင့် မတ္တရာနယ်က ဒေသခံများ ထွက်ပြေး၊ တချို့ ပိတ်မိနေ
မူးမြစ်ဘေးရှိ ရွာများမှ ဒေသခံ ၆၀ ကျော် စစ်ကောင်စီတပ် ဖမ်းဆီး
ဧရာဝတီမြစ်ဘေး ကျေးရွာ ၂၀ မှ ဒေသခံများ ထွက်ပြေးနေကြရ