မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ခြမ်း ဧရာဝတီမြစ်ရိုးတလျှောက်ရှိ ကျေးရွာများကို နိုဝင်ဘာ ၁၄ ရက်မှ စတင်၍ စစ်ကောင်စီတပ်များ စစ်ကြောင်း ထိုးလာသဖြင့် ကျေးရွာ ၁၂ ရွာမှ ဒေသခံ ၁ သောင်းကျော် ထွက်ပြေးတိမ်းရှောင် နေကြရပြီး ကျေးရွာ ၃ ရွာခန့်မှ ဒေသခံများမှာ ပိတ်မိနေကြောင်း သိရသည်။
အဆိုပါ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များမှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်များ အပါအဝင် အင်အား ၄၅၀ ခန့် ပါသော ပူးပေါင်းတပ်များဖြစ်ပြီး တပ်ရင်းတပ်ဖွဲ့ကိုမူ အတိအကျ အတည်မပြုနိုင်သေးကြောင်း ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့များက ဆိုသည်။
မတ္တရာဒေသခံတဦးက “မနေ့က နေ့လယ်ပိုင်းမှာ မတ္တရာနယ် မြစ်ရိုးဘက်ကို ဖောကား ၄ စီး၊ စစ်ကားအကြီး ၃ စီး၊ အိမ်စီး ကား ၂ စီးနဲ့ မန္တလေးဘက်ကနေ ထွက်လာပြီးတော့ မာရဘင်၊ တောပုရွာဘက်မှာ ထိုးရပ်ပြီး အထိုင်ချ တပ်စွဲသွားတယ်။ မာရဘင် စာသင်ကျောင်းထဲမှာ လက်နက်ကြီး အထိုင်ချပြီးတော့ ပတ်လည်ကျေးရွာတွေကို ညပိုင်းမှာ လက်နက်ကြီးတွေ ထုလို့ ရွာတွေက ပြေးကြရတာ” ဟု ရှင်းပြသည်။
စစ်ကြောင်း ထိုးလာခြင်းကြောင့် မတ္တရာမြို့နယ်အနောက်ခြမ်း ဧရာဝတီမြစ်ရိုးတလျှောက်ရှိ မာရဘင်၊ ပင်းယျ၊ တောပု၊ ရွာ တော်၊ ရှင်လှ၊ အေးကျွန်း၊ မိုးကြိုး၊ ဟင်္သာ၊ ရွာသစ်၊ ရေလည်ကျွန်း၊ စိန်ပန်းကုန်း၊ ပို၀ စသည့် ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံတဦးကလည်း “သူတို့ ရောက်ပြီဆိုတာ သတင်းရကတည်းက ပြေးနိုင်တဲ့သူတွေက ပြေးကြတယ်။ ပြေးချိန်မရဘဲ ရွာထဲ ပိတ်မိ ကျန်နေတဲ့သူတွေလည်း ရှိတယ်။ ရေလယ်မှာရှိတဲ့ ကျွန်းတွေပေါ်နဲ့ ဘေးလွတ် ရာတွေကို ပြေးကြရတာပေါ့။ မြစ်ရိုးရွာတွေဆိုတော့ ရွာချင်းက ဆက်နေတာလေ။ အခု မနက်ပိုင်းထိတော့ ကိုယ့်ရွာကိုယ် ပြန်မကပ်နိုင်သေးဘူးရယ်” ဟု ဆိုသည်။
ထိုသို့ ကျေးရွာများအတွင်း စီးနင်းဝင်ရောက်ရာတွင် စစ်တပ်က စစ်ကြောင်း ၃ ကြောင်းခွဲပြီး ပတ်မွှေနေခြင်း ဖြစ်ကြောင်း၊ ပင်းယျ၊ မာရဘင်၊ ရွာတော်မှ ဒေသခံ အတော်များများ ရွာထဲတွင် ပိတ်မိနေကြကြောင်း၊ စစ်ကြောင်းနှင့်တိုးပြီး ဖမ်းမိပါက အသတ်ခံ၊ နှိပ်စက်ခံရမည်ကို စိုးရိမ်သဖြင့် ထွက်ပြေးကြခြင်း ဖြစ်ကြောင်းလည်း ဒေသခံတဦးက ပြောသည်။
မာရဘင်ကျေးရွာ စာသင်ကျောင်းအတွင်း ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးများ တပ်ဆင်ကာ တပ်စွဲထားသော အဆိုပါ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက နိုဝင်ဘာ ၁၄ ရက် ညပိုင်းအချိန်တွင် ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ စစ်ကိုင်းတိုင်း ဝက်လက်၊ စစ်ကိုင်းမြို့နယ်များမှ မြစ်ကမ်းနားကျေးရွာများသို့ လက်နက်ကြီး ၁၀ ချက်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း ဝက်လက်မြို့နယ်ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံး ပျက်စီးမှုများ မရှိသော်လည်း ဝက်လက်၊ စစ်ကိုင်း မြို့နယ်များ အတွင်းက မြစ်ကမ်းနားကျေးရွာများမှ ဒေသခံများ ညတွင်းချင်း ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းက မြွေတလိုင်းကျေးရွာတွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီ တပ်ဖွဲ့သည် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ထောင်ထားသည့် မိုင်းကွင်းအတွင်း ရောက်ရှိလာချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၉ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကို မတ္တရာနယ်အခြေစိုက် တောကြီးမြွေးပွေးတပ်ဖွဲ့နှင့် ရွေဘို ခရိုင် အမှတ်(၁၇) တပ်ရင်း – ဒေါင်းစစ်သည်တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း တောကြီးမြွေပွေးအဖွဲ့က သတင်း ထုတ်ပြန်ထားသည်။
လက်ရှိတွင် မတ္တရာမြို့နယ်အတွင်းရှိ တောင်ခေါင်း၊ ဇီးဖြုူပင်၊ ကျောက်ဆည်လေး၊ ကင်းရွာ၊ မြောင်းဦး၊ ကျပ်ပြင်၊ မြောင်း သစ်၊ ဥမင်၊ ရုံးပင်၊ မြွေတလိုင်းကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့များ အထိုင်ချတပ်စွဲထားသောကြောင့် ဒေသခံများ အနေဖြင့် သတိရှိစွာ နေထိုင်ကြရန်လည်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက အသိပေး ထုတ်ပြန်ထားသည်။