၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီနောက် စစ်ကောင်စီသည် အိမ်ပေါင်း ၅၅,၄၈၄ လုံးကို မီးရှို့ခဲ့ကြောင်း လွတ်လပ်သော သုတေသနအဖွဲ့ဖြစ်သည့် Data For Myanmar က ပြောသည်။
Data For Myanmar သည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့မတိုင်မီအထိ ဖြစ်ပွားသည့် မီးရှို့မှုများကို မှတ်တမ်းပြုစုထားခြင်း ဖြစ်သည်။
ထိုသို့မီးရှို့ခံရသောအိမ်များ၏ ၈၀ ရာခိုင်နှုန်းမှာ စစ်ကိုင်းတိုင်းမှ ဖြစ်သည်။
ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် စစ်ကောင်စီတပ်များသည် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ထူးကြီးကျေးရွာကို မီးရှို့ကြောင်း ပညာရေးနှင့် အရေးပေါ်ကယ်ဆယ်ရေးအသင်း S&C က ပြောသည်။
“ဒေသတွင်းမှာ ဘာတိုက်ပွဲမှ မဖြစ်ဘဲ စစ်တပ်က နေ့ခင်းကြောင်တောင်မှာ ရွာကို ဝင်စီးတာ။ သူတို့ လာနေတာကိုသိလို့ မနက်ပိုင်းကတည်းက ရွာကထွက်ပြေးကြတာ။ အိမ်အားလုံး မီးရှို့သွားတယ်” ဟု ထူးကြီးရွာမှ အသက် ၅၂ နှစ်အရွယ် ဦးမြက ပြောသည်။
ထူးကြီးကျေးရွာရှိ နေအိမ် အလုံး ၂၀၀ မီးရှို့ခံရပြီး ကျေးရွာသားများသည် အခြားရွာများနှင့် တောများထဲတွင် ခိုလှုံနေရသည်။ S&C အဖွဲ့က ၎င်းတို့ကို ကူညီထောက်ပံ့ရန် ကြိုးစားနေသည်။
“ရွာသားအားလုံး အဖမ်းမခံ၊ အသတ်မခံရဘဲ လွတ်တယ်။ ဒါပေမယ့် ပိုင်ဆိုင်တာတွေတော့ မရှိတော့ဘူး” ဟု S&C အဖွဲ့ဝင်တဦးက ပြောသည်။
စစ်ကောင်စီတပ်များသည် ရွာများတွင် သိုလှောင်ထားသည့် စားနပ်ရိက္ခာနှင့် ကောက်ပဲသီးနှံများကိုလည်း မီးရှို့ဖျက်ဆီးပြီး မွေးမြူထားသော တိရိစ္ဆာန်အားလုံးကို သတ်ဖြတ်ခဲ့ကြောင်း S&C က ပြောသည်။
ယခုသီတင်းပတ် ၃ ရက်တာ ကာလအတွင်း စစ်ကောင်စီတပ်များသည် ကန့်ဘလူခရိုင်မှ အိမ် ၂၄၈ လုံးကိုလည်း မီးရှို့ခဲ့သည်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တွင် ခြေလျင်တပ်ရင်း ၃၆၉ သည် ကန့်ဘလူမှ မြေမွန်နှင့် တရော်ကိုင်းကျေးရွာများမှ နေအိမ် ၂၁၉ လုံးကို မီးရှို့သည်။ ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးမျာသည် ကန့်ဘလူမှ ချောင်းကြားကျေးရွာရှိ နေအိမ် ၂၈ လုံးကိုလည်း မီးရှို့သည်။
မကွေးတိုင်းသည် ဒုတိယအဆိုးရွားဆုံး မီးရှို့ခံရသော ဒေသဖြစ်ပြီး ချင်းပြည်နယ်သည် တတိယအဆိုးရွားဆုံး ခံရသည်။
မကွေးတိုင်းတွင် နေအိမ် ၈,၈၆၃ လုံးနှင့် ချင်းပြည်နယ်တွင်နေအိမ် ၁,၄၈၄ လုံးကို စစ်ကောင်စီက မီးရှို့ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီးခြင်းများ လုပ်ခဲ့ကြောင်း Data For Myanmar က ဖော်ပြသည်။
You may also like these stories:
စစ်ကောင်စီက သတ်ဖြတ်သည့် အရပ်သားအရေအတွက် ၃,၀၀၀ ကျော်လာ
ကသာနယ်တွင် စစ်ကြောင်းထိုးသဖြင့် ဒေသခံ ၃ထောင်ကျော် ထွက်ပြေးနေရ
စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ခင်ဦးမြို့နယ်တွင် စစ်ကောင်စီ မီးလိုက်ရှို့
ကန့်ဘလူ၌ စစ်ကြောင်းထိုး နှိပ်စက်မှုများကြောင့် မိမိကိုယ်ကို အဆုံးစီရင်မှုများ ရှိလာ
ဝက်လက်နယ်တွင်၂ ပတ်အတွင်း အိမ် ၂ ထောင်ခန့် မီးရှို့ခံရ