စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်သို့ ဝင်လာသည့် စစ်ကောင်စီတပ်များနှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းက ဒေသခံများအား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်နေခြင်းကြောင့် စိတ်ဒဏ်ရာရကာ မိမိကိုယ်မိမိအဆုံးစီရင်သည်် ဖြစ်စဉ်များရှိနေကြောင်း ဒေသ တွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
မိမိကိုယ် မိမိ အဆုံးစီရင် သတ်သေမှုများမှာ ၂၀၂၂ခုနှစ်မှစကာ ယနေ့တိုင် ၄ ကြိမ်ထက်မနည်း ရှိခဲ့ပြီး အများစုမှာ အသက် ၄၀-၅၀ ဝန်းကျင် အမျိုးသားများဖြစ်ကြောင်း၊ စစ်ကြောင်း၏ ဖမ်းဆီးနှိပ်စက်ခံရခြင်း၊ နေအိမ်များ မီးရှို့ဖျက်ဆီး ခံရခြင်း၊ စစ်ကောင်စီတပ်က ၎င်းတို့ မိသားစုဝင်များကို ဖမ်းဆီးကာ ငွေကြေးဖြင့် ပြန်ရွေးခိုင်းခြင်း၊ စစ်ကောင်စီနှင့် ပျူစောထီးများ၏ ခြိမ်းခြောက်ခံရခြင်း စသည်တို့ကြောင့် အကြောက်တရားများဖြစ်ပေါ်ပြီး စိတ်ဖိစီးမှုဒဏ်များကို မခံနိုင်ဘဲ မိမိကိုယ်ကို အဆုံးစီရင်ကြခြင်း ဖြစ်ကြောင်း သိရသည်။
စစ်ဘေးရှောင်များကို ကူညီနေသူတဦးက “စစ်ကြောင်းထိုးတဲ့အခါမှာ ရွာတွေကို မီးတိုက်တာတွေအပြင် သူတို့နဲ့ ထိပ် တိုက်တွေ့တာနဲ့ ဖမ်းဆီးပြီး ရက်ရက်စက်စက် နှိပ်စက်သတ်ဖြတ်တာတွေကို လုပ်နေကြတာ။ သူတို့ ရွာတွေကို မီးရှို့ခံ ရတာတွေရယ်၊ အဖမ်းခံရပြီးရင် စစ်ကြောင်းသွားရာတလျှောက် ပေါ်တာပုံစံမျိုး လိုက်နေကြရတာတွေနဲ့ အတူ အပြစ်မဲ့ ပြည်သူတွေရဲ့ အသက် အိုးအိမ် စည်းစိမ်တွေကို အကြောင်းမဲ့ နှိပ်စက်ဖျက်ဆီးနေတာတွေကြောင့် ဒေသခံတော်တော် များများ စိတ်ဒဏ်ရာတွေ အများကြီးနဲ့ ဖြစ်နေရတာပေါ့၊ အဲဒီမှာ အချို့ဆိုရင် စိတ်ဒဏ်ရာတွေကြောင့် အကြောက်လွန်ပြီး အဆုံးစီရင်တဲ့ ဖြစ်စဉ်တွေပါ ဖြစ်လာရတာပဲ”ဟု ပြောသည်။

ကန့်ဘလူမြို့နယ် ပင့်သာကျေးရွာမှ ၄၈ နှစ်အရွယ် ဦးဆန်းဦးသည် နိုဝင်ဘာလက စစ်ကောင်စီစစ်ကြောင်း၏ ဖမ်းဆီးခံရပြီး ဒီဇင်ဘာလကုန်ပိုင်းတွင် ထွက်ပြေးလာခဲ့သော်လည်း ထပ်မံဖမ်းဆီး နှိပ်စက်ခံရမည်ကို စိုးရိမ်ကြောက်ရွံ့နေပြီး ပုံမှန်စိတ် အခြေအနေ မရှိတော့ဘဲ ဇန်နဝါရီလဆန်းပိုင်းက ကြိုးဆွဲချ သေဆုံးခဲ့သည်။
ပင့်သာကျေးရွာဒေသခံတဦးက “ဦးဆန်းဦက ပင့်သာရွာသား စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ အချိန် ဖမ်းဆီးခံရတာ တလကျော်ကြာတယ်၊ အာဏာမသိမ်းခင်တုန်းက စိတ်က ပုံမှန်ပါပဲ၊ စစ်တပ်က ဘယ်လောက်ထိ ညှဉ်းပမ်းနှိပ်စက်လိုက်သလဲ ဆိုတာ မသိရပေမယ့် ပြန်လွတ်လာကတည်းက စိတ်က ပုံမှန် မဟုတ်တော့ဘူး၊ ပြင်းပြင်း ထန်ထန်ကို နှိပ်စက်ခံရလို့သာ စိတ်ကျန်းမာရေးအခြေအနေက မကောင်းတော့တာလို့ သုံးသပ်ရတာပေါ့”ဟု ပြောသည်။
ဦးဆန်းဦး၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများကို ဆေးကုသပေးနိုင်ကြသော်လည်း စိတ်ဒဏ်ရာကိုမူ မဖြေဖျောက်နိုင်ခဲ့ကြောင်း၊ ထို့ပြင် မိဘများ ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်ခြင်း၊ မိသားစုဝင်များ၏ အလောင်းများအား ကိုယ်တိုင်သင်္ဂြိုဟ်ပေးရခြင်း ကလည်း ၎င်း၏ စိတ်ကျန်းမာရေးကို ပို၍ ဆိုးရွားစေခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ထို့အတွက် ပြီးခဲ့သည့် ဇန်နဝါရီ ပထမပတ်က ပင့်သာဒေသသို့ စစ်ကောင်စီတပ်များ ထပ်မံစစ်ကြောင်းထိုးလာချိန် ဦးဆန်းဦးလည်း အများနည်းတူ ဘေးလွတ်ရာသို့ ရှောင်သွားသည်ဟု ဒေသခံများက ထင်ခဲ့ကြသော်လည်း ဇန်နဝါရီ ၉ ရက်က သစ်ပင်ပေါ်တွင် ကြိုးဆွဲချသေဆုံးနေသည့် ဦးဆန်းဦး၏ အလောင်းကိုသာ တွေ့ရှိခဲ့ကြသည်။
အလားတူ ထန်းတပင်ရွာခံတဦးဖြစ်သူ အသက် ၄၀ ကျော်အရွယ် အမျိုးသားတဦးမှာလည်း ၎င်းအလုပ်သွားနေချိန်တွင် မိသားစုတခုလုံးကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် မိသားစုဝင်များအား ငွေကြေးဖြင့် ပြန်ရွေးခိုင်းရာ ငွေကြေးအကျပ်အတည်း၊ ပျူစောထီးများ၏ ခြိမ်းခြောက်ဖိအားဒဏ်များကို မခံနိုင်ဘဲ ချောင်း (ဒေသအခေါ် မူး)ထဲသို့ ဆင်းကာ မိမိကိုယ်ကို အဆုံးစီရင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ကန့်ဘလူဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “စစ်ကြောင်းဆက်တိုက်ထိုးပြီး ရက်ရက်စက်စက်တွေ လုပ် နေတာကြောင့် ပြည်သူအများစုမှာ အကြောက်တရားတော့ ရှိနေတယ်ဆိုတာ အမှန်ပဲဗျ၊ ဘယ်လိုကြောက်တာလဲဆိုတော့ စက်ဆုပ်ရွံရှာ မုန်းတီးစိတ်တွေနဲ့ ကြောက်တဲ့ အကြောက်တရားမျိုးပေါ့”ဟု ပြောသည်။

ယခင်က စစ်ကြောင်းထိုးရာတွင် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးပြုလုပ်ပြီးနောက် ပြန်လည်ထွက်ခွာလေ့ရှိသော်လည်း ဒီဇင်ဘာအတွင်းမှ စတင်ကာ ပျူစောထီးအားကောင်းသည့် ကျေးရွာများ၌ တပ်စွဲကာ အကြိမ်ကြိမ် လှည့်လည် စစ်ကြောင်း ထိုးသည့် ပုံစံသို့ ပြောင်းလဲလာကြောင်း ဒေသတွင်းတော်လှန်ရေး အင်အားစုများထံမှ သိရသည်။
ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များအတွင်းသို့ အမှတ်(၁၀) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်လက်အောက်ခံ ကလေး အခြေစိုက် ခမရ ၃၆၁၊ ဖောင်းပြင်အခြေစိုက် ခမရ ၃၆၈ ၊ ဟုမ္မလင်းအခြေစိုက် ခမရ ၃၆၉နှင့် ပျူစောထီးပူးပေါင်းအဖွဲ့များ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း ဒေသတွင်း တော်လှန်ရေး အင်အားစုများထံမှ သိရသည်။
ယင်းကဲ့သို့ စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်များ မီးရှို့ဖျက်ဆီးခံရသောကြောင့် ကန့်ဘလူခရိုင်အတွင်းရှိ ပလူသာ ကျေးရွာနှင့် ပိတောက်ပင်ကျေးရွာမှ အသက် ၄၀-၅၀ကြား အမျိုးသား ၂ဦးမှာလည်း ကြိုးဆွဲချကာ အဆုံးစီရင်ခဲ့ကြ ကြောင်း သိရသည်။
ကန့်ဘလူခရိုင်အတွင်း လက်နက်ကိုင် ခုခံတွန်းလှန်ခြင်းကို ၂၀၂၁ခု ဩဂုတ်လခန့်တွင် စတင်ခဲ့ရာ စစ်ကောင်စီတပ်က ယင်းအချိန်ကတည်းကပင် ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာများကို ဝင်ရောက်စီးနင်းနေခဲ့ခြင်းဖြစ်ကြေင်း၊ ထိုစဉ်က ဝင်ရောက်စီးနင်းပြီးနောက် ပြန်လည်ဆုတ်ခွာလေ့ရှိသော်လည်း ၂၀၂၂ အတွင်းတွင်မူ ကန့်ဘလူနယ်ထဲသို့ ၅ ကြိမ်ထက် မနည်းဝင်ရောက်စီးနင်းပြီး ဒေသခံများကို အကြမ်းဖက် နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခေါ်ဆောင် နှိပ်စက်ခြင်း၊ ကျေးရွာများအား အကြိမ်ကြိမ် မီးရှို့ခြင်းများကို လုပ်ဆောင်လာခဲ့ကြသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် နိုင်ငံရေး၊ လူမှုရေး၊ ပွားရေးဆိုင်ရာ အကျိုးဆက် များကြောင့် အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာကိစ္စရပ်များအပြင် စစ်ကောင်စီက မီးရှို့ဖျက်ဆီး သတ်ဖြတ်နေမှုများကြောင့် နိုင်ငံသားအများစုသည် အနာဂတ်မဲ့နေသော စိတ်ခံစားချက်များကို ရင်ဆိုင် နေကြရကြောင်း၊ ထိုသို့သော ပြဿနာများကို ရင်ဆိုင်နေရချိန်တွင် သေကြောင်း ကြံစည်ပြီး ထွက်ပေါက်ရှာလာခြင်းမျိုး ဖြစ်ကြောင်း စိတ်ပညာရှင်များက ယူဆထားကြသည်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းတွင်သာမက မြန်မာနိုင်ငံနေရာအနှံ့အပြား အထူးသဖြင့် ရန်ကုန်တိုင်းအတွင်း မိမိကိုယ်ကို သတ်သေမှုဖြစ်စဉ်များ အများအပြားရှိခဲ့သည်။
မြန်မာနိုင်ငံ၌ အဖြစ်အများဆုံး စိတ်ပိုင်းဆိုင်ရာဝေဒနာများအနက် စိတ်ကျဝေဒနာ (Depression) သည် နံပါတ် ၁ နေရာ၌ ရပ်တည်နေပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုများနှင့် အများဆုံး ဆက်စပ်မှုရှိသော ဝေဒနာတမျိုးဖြစ်ကြောင်း ပညာရှင်များက ဆိုသည်။
၂၀၂၀ ပြည့်နှစ် WHO ၏ စာရင်းဇယားများအရ မြန်မာနိုင်ငံတွင် လူဦးရေ ၁ သိန်းလျှင် ၂ ဒသမ ၉ ယောက်နှုန်း(၃ ယောက်ခန့်) သတ်သေနှုန်းရှိခဲ့ပြီး နိုင်ငံပေါင်း ၁၈၀ ကျော်၌ အမှတ်စဉ် ၁၆၂ နေရာတွင် ရှိနေကြောင်း သိရသည်။
You may also like these stories:
စစ်ကိုင်းတိုင်းတွင် တနှစ်အတွင်း ရွာပေါင်း ၁၀၀ ကျော်မီးရှို့ခံရ
စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတွေကို စစ်ကောင်စီ မီးတိုက်ရှို့
အကျပ်အတည်းတွေကြား အဆုံးစီရင်မှုတွေ တိုးလာသလား