စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့အနီးဝန်းကျင်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဇွန်လ ၁၃ ရက်မှစ၍ ၃ ရက်ဆက်တိုက် တိုက်ပွဲများ ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုများ ရှိကြောင်း ဒေသခံ တော်လှန်ရေး အင်အားစုများထံက သိရသည်။
ဆားတောင်မြို့အနီးဝန်းကျင်သို့ အင်အား၂၀၀ ခန့်ပါသော တပ်မ ၃၃ မှ စစ်ကောင်စီတပ်များ၊ ဆားတောင်ရဲစခန်းမှ ရဲ တပ်ဖွဲ့ဝင်များ၊ ညောင်ငုတ်တိုကျေးရွာမှ ပျူစောထီးများ ပူးပေါင်း၍ ဆားတောင်မြို့အနောက်ဘက်မှ အိမ်ခြေ ၁၅၀၀ ခန့်ရှိ သော သာဇင်ကျေးရွာသို့ ဇွန်လ ၁၃ ရက် နံနက်ပိုင်းမှ စတင်ကာ စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ခေါင်းဆောင် ကိုသက်ကြီးက “၃ ရက်တာ တိုက်ပွဲမှာ ၁၃ ရက်က စစ်ကောင်စီဘက်က ၁၀ ယောက်လောက် ထိခိုက်ဒဏ်ရာတယ်လို့ သိရတယ်။ မနေ့ကတော့ ရင်ဆိုင်တိုက်တာမှာ တိုက်ပွဲက တော်တော်ပြင်း ထန်ခဲ့တယ်။ သူတို့ဘက်က ထိခိုက်ကျဆုံးတာတွေ ရှိနိုင်သော်လည်း ကျနော်တို့ အတည်မပြုနိုင်ဘူး ဖြစ်နေတယ်။ ဒီနေ့ မနက်ပိုင်းမှာလည်း တိုက်ပွဲဖြစ်တယ်။ စစ်တပ်ဘက်က အယောက် ၂၀ ကျော်လောက် သေဆုံးပြီး၂၀ ကျော်လောက် ဒဏ် ရာ ရတယ်လို့ သိရတယ်။ ကျနော်တို့ဘက်က ရဲဘော် ၆ ယောက်လက်နက်ကြီးကျကွဲလို့ ထိခိုက်ဒဏ်ရာရတာတွေ ရှိ တယ်” ဟု ပြောသည်။
သာဇင်ကျေးရွာ၌ ဇွန်လ ၁၃၊ ၁၄ရက်များတွင် နှစ်ရက်ဆက်၍ တိုက်ပွဲဖြစ်ပွားခဲ့သလို ဇွန် ၁၅ ရက်တွင် ပေါက်မတောင် ရွာတွင် ဖြစ်ပွား ခဲ့ကြောင်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက ဆိုသည်။
စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ဒီနေ့ ပေါက်မကို ဝင်တဲ့အချိန်မှာ ကျနော်တို့အဖွဲ့တွေနဲ့ ထိတွေ့မှု ဖြစ်သေးတယ်။ ကျနော်တို့ဘက်က တာဝေးပစ်တွေနဲ့ ပစ်ကူပေးပြီး အနီးကပ် ထိပ်တိုက် ရင်ဆိုင်ရတာတွေလည်း ရှိတယ်။ အခုနောက်ပိုင်း စစ်ကြောင်းထိုးလာရင် အရင်ကလို တပ်ရင်းလိုက် လာတာမျိုး မဟုတ်တော့ဘဲ ရဲ၊ ပျူစောထီး၊ စစ်တပ် စုပေါင်းပုံစံမျိုးနဲ့ စစ်ကြောင်းထိုးလာတာကို သတိထားမိတယ်။ ဒါကိုကြည့်ချင်းအားဖြင့် စစ်တပ်မှာ အင်အားတော်တော် နည်းလာတယ် ဆိုတာကို ပြသနေသလိုပါပဲ” ဟု ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကို ဇီးရိုးပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)၊ နဂါးနီပြောက်ကျားတပ်ဖွဲ့ (ကျောက်ဆည်)၊ ဆားတောင်မိုးကြိုး နှင့် မဟာမိတ်အဖွဲ့များ၊ စစ်ကိုင်းခရိုင် တပ်ရင်း ၁ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကာ လူအင်အား၊ လက်နက်အင်အား မမျှ ခြင်းကြောင့် အချိန်တို ကြားဖြတ်တိုက်ခိုက်ခြင်းများ ကိုသာ ပြုလုပ်နိုင်ကြောင်း ဒေသတွင်း တော်လှန်ရေး အင်အားစုများက ပြောသည်။
ဆားတောင်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက “စစ်ကြောင်းကို တားဆီးဖို့ သာဇင်ရွာအနီး အရောက် မှာ ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပေမယ့် လက်နက်အင်အား လူအင်အား မမျှလို့ ထိပ်တိုက် တိုက်ပွဲတွေဆိုရင်လည်း အချိန်ဆွဲ မတိုက်တော့ဘူး၊ နောက်တခုက စစ်တပ်နဲ့ ပျူတွေက သူတို့ ခြေကုပ်ယူထားတဲ့ နေရာ တွေ တိုက်ခိုက်ခံရတိုင်း အနီးနားက ကျေးရွာတွေကို ပတ်မွှေနေတာ တော်တော်ကြာပြီ၊ ဒါတွေကို ကျနော်တို့ တော်လှန် ရေးအဖွဲ့တွေက အတတ်နိုင်ဆုံး တားဆီး တိုက်ခိုက်နေပေမယ့် လူအင်အားနဲ့ လက်နက်ခဲယမ်း လိုအပ်ချက်က အတား အဆီးတခု ဖြစ်စေတယ်” ဟု ပြောသည်။
ထို့နောက် သာဇင်ကျေးရွာအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ဝင်ရောက်စီးနင်းပြီးနောက် သာဇင် ကျေးရွာသား ၄၀ ကျော်ကို ကျေးရွာအနောက်ဘက်ရှိ ဘောဂကျောင်းတိုက်အတွင်း ဖမ်းဆီးထားခဲ့ပြီး ညနေပိုင်းတွင် အမျိုး သမီးများကို ပြန်လွှတ်ပေးကာ အမျိုးသား ၃၀ ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားကြကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ပြေးရင်းလွှားရင် ပိတ်မိခဲ့တဲ့ ရွာသား ၄၀ ကျော်ထဲက အမျိုးသမီး တွေကို ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပြီး အမျိုးသား ၃၀ လောက် ဓားစာခံအနေနဲ့ ဖမ်းခေါ်သွားကြတယ်။ ဖမ်းခံရတဲ့သူတွေ ကို စစ်ကြောင်းနောက်မှာ တောက်လျှောက် ခေါ်သွားကြတာ ဒီနေ့အထိပဲ၊ ကျနော်တို့ ပြည်သူတွေကလည်း ပြည်သူတွေ ပဲဗျ၊ စစ်ကြောင်းဝင်လာလို့ တိမ်းကြပါဆိုတာကို မတိမ်းကြဘူး၊ အဲဒါကြောင့်လည်း အခုလိုတွေ ပါသွားတာမျိုးပဲဗျ” ဟု ပြောသည်။
သာဇင်ကျေးရွာကို စစ်ကောင်စီ စစ်ကြောင်းမှ မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် နေအိမ် ၆၀၀ ကျော်ထိ မီးလောင်ဆုံးရှုံးခဲ့ရပြီး စစ်ရှောင်ပြည်သူများမှာ အရေးပေါ် အကူအညီ လိုအပ်လျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းမြို့နယ် စစ်ဘေးရှောင် ကူညီ နေသူတဦးက “သာဇင်ရွာကို မီးရှို့ပြီးတော့ ဆားတောင်မြို့ပေါ်ကို ပြန်ဝင်တယ်၊ မနေ့ညက ဆားတောင်ရဲ့ မြောက်ဘက်က သိမ်ချောင်းမှာ ညအိပ် တပ်စွဲတယ်၊ ဒီနေ့မနက်ကျတော့ သိမ်ချောင်းရဲ့ အနောက်ဘက်နားက ပေါက်မရွာကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်စီးနင်းပြီး မီးရှို့တာတွေ လုပ်နေတယ်၊ ဒေသခံတွေကတော့ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတာပေါ့၊ အရေးပေါ်အခြေအနေမို့ စားနပ်ရိက္ခာကအစ အကူ အညီတွေ လိုအပ်နေပါတယ်” ဟု ပြောသည်။
ထို့ပြင် ဇွန်လ ၁၄ ရက်တွင် သာဇင်ကျေးရွာမှ အသက် ၆၀ ကျော်အရွယ် ဒေါ်သန်းမြဆိုသူကိုလည်း သတ်ဖြတ်ပြီး အလောင်းအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်သွားကြောင်း၊ ရေတွင်းကောင်း ကျေးရွာသား ၅ ဦး ကျည်ထိမှန် ဒဏ်ရာရခဲ့ပြီး ကလေးငယ်တဦးမှာ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသလို ရေတွင်းကောင်းကျေးရွာသား ၄ ဦး၊ မိုးသောက်ကျေးရွာ ၁ ဦးတို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဟု သိရသည်။
ဆားတောင်မြို့သည် စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ နှင့် ၁၀ မိုင်ခန့်သာ ကွာဝေးကာ ပြီးခဲ့သည့် ရက်ပိုင်းက ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ခေါင်းဆောင် ကိုသက်ကြီးအပါအဝင် တော်လှန်ရေးအဖွဲ့ဝင်များ ဆားတောင်မြို့ပေါ်တွင် ဈေး ဝယ်ထွက်ခဲ့သည့် ရုပ်သံဖိုင် ပျံ့နှံ့လာပြီးနောက် ဆားတောင်မြို့နှင့် အနီးဝန်းကျင်ကျေးရွာများကို စီးနင်းကာ ဒေသခံများ အား ဓားစာခံအဖြစ် ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ နေအိမ်များအား မီးရှို့ခြင်းများ ပြုလုပ်ခဲ့ကြခြင်းဟု ဝေဖန်မှုများလည်း ထွက်ပေါ်လျက်ရှိသည်။
အဆိုပါ အခြေအနေကို ကိုသက်ကြီးက “ကျနော်အပါအဝင် ရဲဘော်တွေ ဆားတောင်မြို့ပေါ်ကို ဈေးတက်ဝယ်တာနဲ့ လုံး၀ သက်ဆိုင်မှု မရှိဘူးလို့ ပြောချင်ပါတယ်။ တိုက်ဆိုင်တာမျိုးပဲ ဖြစ်ပါတယ်၊ သူတို့က အမြဲတမ်း စစ်ကြောင်း ဝင်နေတာပဲလေ၊ ဒါကြောင့် သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်တာလို့ပဲ မြင်ပါတယ်၊ ပတ်သက်မှု မရှိပေမယ့် သူတို့ စစ်ကြောင်း စထိုးက တည်းက ကျနော်တို့ ဆက်တိုက် လိုက်တိုက်နေတာပဲလေ။ ဒါကြောင့် လော်ဘီတွေရဲ့ ဆိုက်ဝါးအောက်မှာ ကျနော်တို့ ပြည်သူတွေ မနစ်မြောစေချင်ပါဘူး၊ ကျနော်တို့လည်း ကိုယ်လုပ်စရာရှိတာကို ဆက်လုပ်နေသလို ဝေဖန် တိုက်ခိုက် ကဲ့ရဲ့ နေကြမယ်အစား ကျနော်တို့တွေနဲ့ ပူးပေါင်းပေးကြမယ်ဆိုရင် တော်လှန်ရေးအတွက် ထိရောက်မှုတခုရှိလိမ့်မယ်လို့ ပြော ချင်ပါတယ်” ဟု ပြောသည်။
အဆိုပါ စစ်ကြောင်းထိုးမှုကြောင့် ရွှေဘို- မန္တလေးလမ်းမကြီးပေါ်ရှိ စစ်ကိုင်း- ဆားတောင်- ဝက်လက်လမ်းပိုင်းအား အရေး ပေါ်အခြေအနေအရ အသုံးမပြုကြရန် ဒေသတွင်း တော်လှန်ရေးအင်အားစုများက အသိပေးထုတ်ပြန်ထားသလို ဆား တောင်မြို့ အနောက်ဘက်ရှိ သာဇင်ကျေးရွာအပြင် အိုင်းဓမ္မ၊ အင်းစ၊ သိမ်ချောင်း၊ ပေါက်မကျေးရွာများမှ ဒေသခံများမှ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရပြီး စစ်ရှောင်ပြည်သူများအတွက် အရေးပေါ် အကူအညီများ လိုအပ်နေလျက်ရှိ ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။
You may also like these stories:
ကရင်နီ နယ်စပ်တိုက်ပွဲကြောင့် ထိုင်းဘက်သို့ စစ်ရှောင် ၃ထောင်ကျော် ထွက်ပြေး
မြောင် ပ.လ.ဖ က ဖမ်းဆီးခဲ့သော ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး သေဆုံး
သံလွင်မြစ်အရှေ့ ခြမ်း၌ ကရင်နီပူးပေါင်းတပ်များနှင့် စစ်တပ်တို့ တိုက်ပွဲဆက်ဖြစ်နေ














