မကွေးတိုင်း ချောက်မြို့နယ်တွင်း စစ်ကောင်စီက ရေနံချောင်း၊ ကျောက်ပန်းတောင်း သွားရာလမ်းတလျှောက်ရှိ ရွာများသို့ သံချပ်ကာကားများပါ အင်အား ၅၀၀ကျော်ဖြင် စစ်ကြောင်း ၃ ကြောင်း ဖြန့်၍ အောက်တိုဘာ ၂၅ရက်ကတည်းက နယ်မြေ ရှင်းလင်းရေး လုပ်နေရာ ဒေသခံ ၃ သောင်းကျော် ဘေးလွတ်ရာ ထွက်ပြေးနေရသည်။
တော်လှန်ရေးအင်အားစုများ အဆိုအရ အမှတ် ၈၈ ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ ချောက်မြို့နယ်အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၁၃၊ ပုပ္ပါးမြို့ ခလရ ၇၈၊ ရေနံချောင်း ခလရ ၇၇၊ စလေမြို့ အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၄၁၆ နှင့် ဝါဇီတပ်၊ ကျောက်ပန်းတောင်းတပ်နယ်မှ တပ်ဖွဲ့ဝင်များ ပါဝင်ကြောင်း သိရသည်။
ထိုစစ်ကြောင်းများကို အောက်တိုဘာ ၂၅ ရက်က ဒေသကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်သဖြင့် ကတိုင်မြောက်ရွာအား လေကြောင်းမှ လက်တုန့်ပြန်တိုက်ခိုက်သလို ကတိုင်တောင်ရွာမှ ဒေသခံများ၏ တဲများကိုလည်း မီးရှို့ကြောင်း၊ ၁၀ မိုင်ကျော်ကွာဝေးသည့် ချောက်မြို့ပေါ်မှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း သိရသည်။
“စစ်ကြောင်းက တာလမ်းကနေ စစ်ကြောင်းခွဲပြီး ထိုးဝင်လာကြတာ။ ကုန်းကြီးဘက်က ထွက်လာတာတွေလည်း ရှိတယ်။ ဂွေးပင်ဘက်က လာတာတွေလည်း ရှိတယ်။ စလယ်ဘက်ကနေလည်း လာတာလည်း ရှိတယ်။ စလယ်ဆိုတာက ရေနံချောင်း နယ်စပ်က ပျူစောထီးရွာကြီး။ ညှပ်ပြီးထိုးနေပုံစံမျိုးပေါ့” ဟု Chauk Guerilla Force တပ်ဖွဲ့မှ ရဲဘော်တဦးက ပြောသည်။
ထို့အတွက် ချောက်-ဂွေးချိုလမ်း အနောက်ဘက်ခြမ်း ကျေးရွာများဖြစ်သော ကတိုင် တောင်/မြောက်၊ နရွဲတော၊ ရွာမ၊ သရက်ပင်၊ ကူဖြူ၊ ကံကြီးကုန်း စသည့် ရွာများ အပါအဝင် ရွာပေါင်း ၃၀ ခန့်မှ ဒေသခံ ၃ သောင်းကျော် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည်။
နရွဲတောရွာသားတဦးက “စစ်ကြောင်းက ဒီနေ့အထိရှိနေတာမို့ ရွာတွေကို ဘယ်သူမှကို ပြန်မကပ်ရဲဘူးဖြစ်နေကြတယ်။ ရွာနီးချုပ်စပ်တွေ ကပ်မယ်ဆိုတော့လည်း ကိုယ်လိုလူတွေချည်းပဲဆိုတော့ အကုန်လုံး စစ်ကြောင်းကြောက်ပြီး ပြေးနေကြတော့ ဘယ်ကပ်လို့ကပ်ရမှန်း မသိဘူးဖြစ်နေတယ်။ အခုလောလောဆယ်မှာတော့ သစ်ပင်တွေအောက်နဲ့ ပဲစင်းငုံတော တွေ ဘက်မှာ ဖြစ်သလိုနေနေကြရတာပေါ့” ဟု ပြောသည်။

အလားတူ ရွာမရွာကို အောက်တိုဘာ ၂၇ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်များ ဝင်စီးသဖြင့် တော်လှန်ရေးတပ်ဖွဲ့ များက ပိတ်ဆို့ထားရာ တိုက်ပွဲပြင်းထန်သဖြင့်လေကြောင်းပစ်ကူ ၂ ကြိမ်ရယူခဲ့ကြောင်း တိုက်ပွဲတွင်း ချောက်ဒေသ အခြေပြု လှုပ်ရှားနေသည့် အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ပေတ အပါအဝင် ၅ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာ ရခဲ့သလို သေနတ် ၁ လက်လည်း ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) မှ တာဝန်ရှိသူတဦးက “ရွာမကို ဝင်စီးတယ်။ ကျနော်တို့ဘက်က ခံတိုက်လို့ သူတို့ဘက်က နာသွားတော့ ၅ နာရီလောက်ကျ မိတ္ထီလာ လေကြောင်းပစ်ကူနဲ့ ဖောက်ထွက်ဖို့ ကြိုးစားခဲ့ကြ တယ်။ လေကြောင်းပစ်ကူကြောင့် ကျနော်တို့အဖွဲ့တွေ ပြန်ဆုတ် ပေးခဲ့ရတာပါ” ဟု ပြောသည်။
နရွဲတောနှင့် ရွာမတိုက်ပွဲများတွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခြင်း၊ စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့သလို ကျေးရွာမှ အိမ်များကိုလည်း မီးရှို့သဖြင့် နရွဲတောရွာအနီး အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့စခန်း ပါသွားကာ အရေးကြီး စာရွက် စာတမ်းများ မီးလောင်ပျက်စီးခဲ့ကြောင်း၊ အိမ်ခြေ ၄၀၀ ခန့်ရှိ လူဦးရေ ၄ ထောင်ခန့် နေထိုင်သည့် နရွဲတောရွာမှ နေအိမ် ၄ လုံး၊ ရွာမကျေးရွာရှိ နေအိမ် ၁၅လုံးခန့်နှင့် ဘုန်းကြီးကျောင်း တကျောင်း မီးထဲပါသွားကြောင်း တော်လှန်ရေးအင်အားစုများ က ဆိုသည်။
နရွဲတောရွာသားတဦးက “ရွာက ဘာမှမသိရသေးလို့ ရွာသူရွာသားတွေ အကုန်လုံး အပြင်မှာပဲ ရှိသေးတယ်။ ရွာက အိမ်တွေကိုလည်း မီးရှို့သွားကြတယ်၊ ကျနော်တို့ နရွဲတောနဲ ရွာမ ၂ ရွာကို မီးရှို့သွားကြတယ်။ ရွာမဘက်တော့ ကျောင်း ဝင်းထဲ လက်နက်ကြီးကျလို့ နှစ်ယောက်သေတယ်လို့ သိရတယ်။ စစ်ကြောင်းက အရင်လည်း ထိုးဖူးတယ်။ ပြီးခဲ့တဲ့နှစ်က အခုလိုအချိန်မျိုးမှာပဲ စစ်ကြောင်းထိုးသွားတာ၊ ဒီနှစ်စစ်ကြောင်းထိုးတာမှာ လေယာဉ်တွေပါ ပါလာတယ်ဗျ” ဟု ပြောသည်။
ချောက်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှုအနေဖြင့် ပြီးခဲ့သည့်နှစ်အတွင်းက တကြိမ်သာရှိခဲ့ပြီး ယခုအကြိမ်၌ စစ်ကောင်စီဘက်မှ မြေပြင်နှင့်ဝေဟင် တပြိုင်တည်း တိုက်ခိုက်နေခြင်းမျိုးဟု သိရသည်။
စစ်ရှောင်တဦးက “အခုစစ်ကြောင်းထိုးတာက အောက်ကစစ်ကြောင်း အထက်ကလေယာဉ်တွေပါ သုံးနေတာဆိုတော့ စစ်ကြောင်းထွက်သွားတာတောင် ရဲရဲဝံ့ဝံ့နဲ့ ပြန်မကပ်ရဲဘူးဖြစ်နေကြတာ။ ကျနော်တို့ရွာနားမှာ ထိတွေ့တိုက်ပွဲဖြစ်ပြီးတော့ အခုလိုမျိုးတွေဖြစ်တာ။ ကျနော်တို့ကတော့ စစ်တပ်မလာဖို့ကိုပဲ ဆုတောင်းနေကြရပါတယ်။ သူတို့လာရင် ကျနော်တို့ ပြေးကြရတယ်။ ပြီးတော့ ရွာတွေကိုဖျက်ဆီး၊ မီးရှို့တာတွေ လုပ်နေကြတာမို့ စစ်တပ်မလာပါစေနဲ့လို့ပဲ ဆုတောင်းနေ ကြရတယ်” ဟု ပြောသည်။
အဆိုပါ စစ်ကြောင်းများအား တော်လှန်ရေးအင်အားစု ၁၀ ဖွဲ့ကျော်မှ ကြားဖြတ်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသောရာ စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း၊ ယနေ့တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း စစ်ကြောင်းဆက်လက်ထိုးနေဆဲဖြစ်ပြီး မြေနီလိန်မှတဆင့် သန်းပင်၊ တန့်ကန် ကျေးရွာများဘက်သို့ စစ်ကြောင်းရောက်ရှိနေကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။
မြန်မာပြည်အလယ်ပိုင်းရှိ ချောက်မြို့နယ် ရေနံထွက်ရာဒေသတခုဖြစ်ပြီး အရှေ့ဘက်တွင် ကျောက်ပန်းတောင်း၊ အနောက် ဘက်တွင် စလင်း၊ မြောက်ဘက်တွင် ပခုက္ကူ၊ တောင်ဘက်တွင် ရေနံချောင်း၊ အနောက်မြောက်တွင် ဆိပ်ဖြူ၊ အရှေ့မြောက် ညောင်ဦးမြို့နယ်များ ရှိသည်။
You may also like these stories:
ကချင်၊ စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းတို့ရှိ မြို့နယ် ၁၈ ခု ရေဘေးသင့်
စစ်ကိုင်းတွင် လူမဆန်ခဲ့သည့် ဘီလူးစစ်ကြောင်းမှူး သပိတ်ကျင်းနယ်၌ အရှင်ဖမ်းမိ