ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ထားသည့် နောင်ချိုမြို့အား အာဏာသိမ်း စစ်ကောင်စီတပ် အပြင်းအထန် ပြန်လည်ထိုးစစ်ဆင်ခဲ့ပြီးနောက် ယမန်နေ့မှစတင်ကာ မြို့ပေါ်နေရာအားလုံးနီးပါး စစ်တပ် ပြန်ရရှိသွားပြီဖြစ်ကြောင်း ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောသည်။
၎င်းက “မြို့ထဲကရုံးတွေကို စစ်ကောင်စီက ပြန်ရသွားပြီ၊ ဒီနေ့ကတော့ ကျနော်တို့ ပြန်ပြီးတော့ ထိုးစစ်တွေ စနေတယ် ဆိုပေမယ့် နောင်ချိုမြို့ပေါ်က စစ်ကောင်စီရသွားပြီလို့ ပြောလို့ရတယ်” ဟု ဆိုသည်။
စစ်ကောင်စီအနေဖြင့် နောင်ချိုမြို့ပေါ်အား ပြန်လည် ထိန်းချုပ်ထားနိုင်သော်လည်း မြို့ပတ်ပတ်လည်ရှိ နှစ်ဖက်ထိတွေ့ မှု များတွင် TNLA နှင့် မဟာမိတ်ပူးပေါင်းတပ်များ တန်ပြန်ထိုးစစ်ဆင်မှုများ ပြုလုပ်နေကြောင်း ၎င်းက ဆိုသည်။
နောင်ချိုမြို့တိုက်ပွဲနှင့် ပတ်သက်ပြီး စစ်တပ်ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ က မြို့မဈေး၊ ရဲစခန်း၊ တရားရုံးစသည့် ဌာနဆိုင်ရာရုံးနေရာများအား ပြန်လည်သိမ်းပိုက်ရရှိခဲ့သည်ကို မှတ်တမ်း ဓာတ်ပုံ များနှင့်တကွ ဖော်ပြထားသည်။
နောင်ချိုမြို့ပေါ်အား စစ်ကောင်စီက ပြန်လည် ထိန်းချုပ်ခဲ့သည့်အခြေအနေများနှင့်ပတ်သက်ပြီး ဧရာဝတီက TNLA ပြော ရေးဆိုခွင့်ရှိသူ လွေးယေဦးထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း လတ်တလော၌ ပြန်လည် ဖြေကြားခြင်းမရှိသေးပေ။
နောင်ချိုမြို့ခံများကလည်း စစ်ကောင်စီအနေဖြင့် မြို့ပေါ်အား ပြန်လည် ထိန်းချုပ်သွားနိုင်သည်မှာ မှန်ကန်ပြီး မြို့မြောက် ဘက်ရှိ ဘူတာအနီးပတ်ဝန်းကျင်တွင်သာ ထိတွေ့မှု အနည်းငယ် ဆက်လက်ဖြစ်နေကြောင်း ပြောသည်။
မြို့ခံတဦးက “မြို့မဈေးနဲ့ ရဲစခန်းဆိုတာ မြို့လယ်ခေါင်ပဲ၊ တလမ်းပဲ ခြားတာ၊ နောင်ချိုကို စစ်တပ်က ပြန်ရသွားတာ ကြိမ်း သေတယ်၊ ဒါပေမယ့် မြို့ခံတွေကတော့ အစောကတည်းက ကြိုတင်တိမ်းရှောင်နေကြတာ များပါတယ်” ဟု ဆိုသည်။
စစ်တပ်အနေဖြင့် နောင်ချိုမြို့အား ပြန်လည်ရရှိရေးအတွက် ပြင်ဦးလွင်- နောင်ချိုလမ်းကြောင်းနှင့် တောင်းခမ်း-နောင်ချို လမ်းကြောင်းတို့မှ စစ်ကြောင်းခွဲ၍ ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး တောင်းခမ်းဘက်မှ ထိုးစစ်ဆင်လာသည့်စစ်ကြောင်းသည် နောင်ချိုမြို့ထဲအထိ ဝင်ရောက်ကာ မြို့ပေါ်အား ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ပြင်ဦးလွင်ဘက်မှ ထိုးစစ်ဆင်လာသည့် စစ်ကြောင်းမှာ ဆမ္မဆယ်၊ ကျောက်ကြမ်းကျေးရွာအနီးတဝိုက်သာ ရောက်ရှိနေ သေးပြီး TNLA မဟာမိတ်တပ်များနှင့် ထိတွေ့တိုက်ပွဲများဆက်ဖြစ်နေကြောင်းလည်း သိရသည်။
နောင်ချိုမြို့အား တော်လှန်ရေးတပ်များ လက်လွှတ်လိုက်ရခြင်းမှာ ပြင်ဦးလွင်ကို ခြိမ်းခြောက်နိုင်မည့်အခွင့်အရေးနှင့် ရှမ်းပြည်တောင်ပိုင်းအင်အားစုများနှင့်ချိတ်ဆက်နိုင်မည့် အခွင့်အရေးများ ဆုံးရှုံးသွားခြင်းဖြစ်ကြောင်း ရှမ်းမြောက် စစ်ရေးအခြေအနေ လေ့လာသုံးသပ်သူတဦးက ဆိုသည်။
၎င်းက “နောင်ချိုက တော်လှန်ရေးတပ်ဖွဲ့တွေအတွက် အချက်အချာကျတယ်။ နောင်ချိုကို သိမ်းထားလို့ရှိရင် မေမြို့လည်း ခြိမ်းခြောက်နိုင်တယ်၊ ဗထူး၊ ရပ်စောက်ဘက်ကိုလည်း ခြိမ်းခြောက်နိုင်တယ်။ ရှမ်းတောင်ပိုင်းမှာရှိတဲ့ အင်အားစုတွေနဲ့ လည်း အဆက်အသွယ်လုပ်လို့ ရတယ်။ တကယ်လို့ နောင်ချိုကို လက်လွှတ်လိုက်ရတာက သေနင်္ဂဗျူဟာ ရှုံးတာက EAO တွေဘက်က ရှုံးတာ၊ စစ်တပ်ဘက်က ကြည့်မယ်ဆိုရင်တော့ ရှမ်းပြည်ကို ထိုးဖို့အတွက်က ထုနဲ့ထည်နဲ့ ထိုးရဦးမှာပေါ့။ သေနင်္ဂဗျူဟာရှုံးတာအချက်အချာကျတဲ့ နေရာမဟုတ်ဘူး” ဟု ဆိုသည်။
စစ်တပ်အနေဖြင့် နောင်ချိုမြို့အား အလုံးစုံရရှိပြီးပါကလည်း တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားသော မိုးကုတ် ဘက်သို့ စစ်ကြောင်းထိုးရန်မှာ လတ်တလော မဖြစ်နိုင်သေးကြောင်း ၎င်းက ပြောသည်။
“နောင်ချို စစ်တပ်ရပြီးရင် နောင်ချိုကနေ ကျောက်မဲ လမ်းကြောင်းကို ဦးတည်လိုက်လို့ရတယ်၊ နောက်တခုက အုမ္မတီး အုမ္မခါးကြားကနေ မိုင်းငေါ့ဘက် ဦးတည်ပြီး နမ့်စန်ဘက် ဦးတည်လို့ ရတယ်။ နောက်တခုကကျတော့ မိုင်းလုံဘက် ဦးတည်ရင် မိုးကုတ်ဘက် ဦးတည်လို့ ရတာပေါ့။ ဒါပေမယ့် အဲဒါက နောင်ချိုကို ပြင်ဦးလွင်နဲ့ တောင်းခမ်း ၂ ဖက် ညှပ်တိုက် တာမဟုတ်ဘဲနဲ့ နောင်ချိုကို စစ်မျက်နှာအကျယ်ကြီးဖွင့်တိုက်ရင် တိုက်အင်အား အများကြီးသုံးရမှာဖြစ်တဲ့အတွက်ကြောင့် မိုးကုတ်ဘက် ချက်ချင်းလက်ငင်းထိုးဖို့ ခက်မယ်။ သူတို့ ခံစစ်ပြင်ဖို့ အချိန်တခု လိုလိမ့်မယ်” ဟု ရှမ်းမြောက် စစ်ရေး လေ့လာသုံးသပ်သူက ဆိုသည်။
တရုတ်-မြန်မာကုန်သွယ်ရေးတွင် အရေးပါသည့် မန္တလေး- မူဆယ်လမ်းမကြီးပေါ်ရှိ နောင်ချိုမြို့အား TNLA ပူးပေါင်း တပ်များက ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်း ၂၀၂၄ ဇူလိုင်လတွင် စစ်ကောင်စီထံမှ သိမ်းပိုက်ရရှိခဲ့ပြီးနောက် တနှစ်အကြာတွင် မြို့အား စစ်တပ် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်ဒေသရှိ လက်လွှတ်ခဲ့ရသောမြို့များအနက် နောင်ချိုသည် စစ်ကောင်စီက စစ်ရေးအရထိုးစစ်ဆင်ကာ ပထမဆုံး ပြန်လည်တိုက်ခိုက် ထိန်းချုပ်နိုင်ခဲ့သည်မြို့ဖြစ်သည်။

ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက “စစ်ရဲ့သဘောတရားအရ အနိုင်အရှုံးရှိပေမယ့် ကျနော်တို့ ရပ်တန့်နေမှာ မဟုတ်ပါဘူး၊ အစစအရာရာပြင်ဆင်ပြီး နောင်ချိုကို ကျနော်တို့ ပြန်လည်ရယူသွားမှာပါ” ဟု ဧရာဝတီကို ပြောသည်။
နောင်ချိုမတိုင်မီက တရုတ်၏ ကြားဝင်ဖိအားပေးမှုကြောင့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) လားရှိုးမြို့အား စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးခဲ့ရသည်။
TNLA နှင့် စစ်ကောင်စီကြားတွင်လည်း တရုတ် ကြားဝင်စေ့စပ်ကာ ဆွေးနွေးမှုများပြုလုပ်လျက်ရှိရာ မေလကုန်ပိုင်း တွေ့ဆုံဆွေးနွေးမှုအတွင်း နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်မြို့များမှ TNLA တပ်များ ဆုတ်ခွာသွားရန် စစ်တပ် တောင်းဆိုမှုအား TNLA လက်မခံသဖြင့် သဘောတူညီမှုမရဘဲ ဆွေးနွေးပွဲ ပြီးဆုံးခဲ့ပြီး လာမည့် ဩဂုတ်လကုန်၌ ထပ်မံ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်။
စစ်တပ်အနေဖြင့် လက်ရှိတွင် နောင်ချိုမြို့အား လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းများ အများအပြားအသုံးပြုကာ ထိုးစစ်ဆင်နေသည်နှင့်တပြိုင်နက် ၎င်းတို့ တောင်းဆိုထားသည့် ကျောက်မဲ၊ သီပေါ၊ မိုးကုတ်မြို့တို့ကိုလည်း နေ့စဉ်နီးပါ လေကြောင်း ဗုံးကြဲမှုများ ပြုလုပ်လျက်ရှိသည်။
ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်မှ ဇူလိုင်လ ၁၄ ရက်အထိ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်နှင့်သီပေါမြို့နယ်တို့တွင် စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ၁၁ ကြိမ်ပြုလုပ်ခဲ့ပြီး ကလေးငယ်အပါအဝင် ၉ ဦး သေဆုံးကာ ၄၃ ဦး ဒဏ်ရာရခဲ့ပြီး နေအိမ် ၆၃ လုံး၊ စာသင်ကျောင်း ၁ ကျောင်း၊ ဘုန်ကြီးကျောင်း ၄ ကျောင်းပျက်စီးခဲ့ရကြောင်း TNLA က ထုတ်ပြန် ထားသည်။
You may also like these stories:
လားရှိုး အလှည့်အပြောင်း၊ တရုတ် စွက်ဖက်မှုနှင့် နွေဦးတော်လှန်ရေး (၁)
လားရှိုးလွှဲပြောင်းမှုကို စီစဉ်ပြီး တရုတ်က မြန်မာကို ပိုမိုချုပ်ကိုင်လာ
မြန်မာပြည်တွင် တရုတ် လှေနံ ၂ ဖက်နင်းနေသည်
နောင်ချိုရှိ နောက်ဆုံးကျန်သည့် ၆၀၆ ဒုံးတပ်ရင်း TNLA သိမ်း














