တောင်ကိုရီးယားရှိ စစ်ကောင်စီ မြန်မာသံရုံး၏ အမေရိကန်ဒေါ်လာ ၇သိန်းကျော် အလွဲသုံးစားလုပ်ခဲ့သည့် ငွေကြေး အရှုပ်တော်ပုံတရပ် ပြီးခဲ့သည့်ရက်ပိုင်းက ကိုရီးယားရောက် မြန်မာများအကြား ထွက်ပေါ်ခဲ့သည်။
အလွဲသုံးစားလုပ်ခဲ့သူက ၂၀၂၂ခုစ၍ ၂၀၂၅ခုတိုင် ၃နှစ်ကြာ သံရုံးတွင် ရုံးအုပ်တာဝန်ယူခဲ့သူ မနှင်းဦးလှိုင်ဆိုသူ ဖြစ်ပြီး၊ ပြီးခဲ့သည့် ဧပြီလ တာဝန်ပြီးဆုံး၍ မြန်မာပြည်ပြန်သည့်အခါ နေပြည်တော်၌ ဖမ်းဆီးခံရခြင်းဖြစ်သည်။
နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် နီးစပ်သူတဦး အဆိုအရ မနှင်းဦးလှိုင်သည် ၂၀၂၃ မှ ၂၀၂၅ ခုနှစ် အတွင်း ထိုငွေများကို အကြိမ်ကြိမ်စာရင်းလိမ် ထုတ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ထိုငွေများမှာ ကိုရီးယားရောက် မြန်မာ အလုပ်သမားများ၏ အခွန် ထမ်းငွေများသာမက ပတ်စ်ပို့သက်တမ်းတိုးရာတွင် ကောက်ခံရသည့်ငွေ စသည့် ဗီဇာနှင့် ကောင်စစ်ရေးရာလုပ်ငန်း များမှ ရသော ပြည်သူပိုင်ငွေကြေးများ ဖြစ်သလို မြန်မာနိုင်ငံရေဘေးနှင့် ငလျင်ဘေးအတွက် ကိုရီးယားနိုင်ငံ သားများ လှူဒါန်းငွေများ ပါဝင်နိုင်ကြောင်း သိရသည်။
“သူ့ကို နေပြည်တော်မှာ ဖမ်းထားတယ်လို့ သိရပါတယ်။ သူ အလွဲသုံးစားလုပ်တာက ဒေါ်လာ ၇ သိန်း။ သူ ဧပြီမှာ ပြန်သွားတော့ အဲဒီကိစ္စကြီးပေါ်ပြီး ဖမ်းလိုက်တာပဲ၊ အချို့ငွေတွေက ကိုရီးယားဘက်က သူ့မိတ်ဆွေ (ငွေလွှဲသမား) အချို့ဆီမှာ ရှိသေးတယ်လို့ သိရတယ်။ အဲဒီလူတွေက အခု ငွေမပေးတော့ဘဲ အပျောက်ရိုက်ထားတယ်” ဟု သူ ဆိုသည်။
ထို့အပြင် နေပြည်တော်ရှိ မနှင်းဦး လှိုင် နေထိုင်ရာအိမ်အား စစ်ကောင်စီမှ ဝင်ရောက်စစ်ဆေးပြီး ပိုင်ဆိုင်မှုများကို လည်း သိမ်းယူခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံတွင် တရားဝင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၄ သောင်းကျော်ရှိသလို ကျောင်း တက်နေသူများလည်းရှိသည်။
တောင်ကိုရီးယားတွင် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမားတဦးက “တောင်ကိုရီးယားမှာ တနေ့တနေ့ ပတ်စ်ပို့ သက်တမ်းတိုးတဲ့သူတွေက မနည်းဘူး။ ကောက်လိုက်တဲ့အခွန်တွေကလည်း မနည်းဘူး။ သူတို့က ငွေသားပဲလက်ခံ တာ။ ဘာစာရင်းဇယားမှ မရှိဘူး။ ဘယ်လောက်တောင် ခိုးထားလဲတွက်ကြည့်။ သံရုံးမှာကျ ရေတောင်သောက်စရာ မရှိဘူး” ဟု ထိုအဖြစ်အပျက်အပေါ် ဝေဖန်သည်။
ထိုသို့ သံရုံးဝန်ထမ်းတဦး၏ ငွေကြေးလိမ်လည်မှု အရှုပ်တော်ပုံ သံအမတ်လည်း ပါဝင်နိုင်သလို သူ၏ ခွင်ပြုချက်မရဘဲ ရုံးဝန်ထမ်းတဦးက ကိုရီးယားဘဏ်မှ ငွေထုတ်ယူသည်ဆိုသည်မှာ အံ့သြစရာကောင်းကြောင်း၊ အကယ်၍ သံအမတ်ကြီး အနေဖြင့် ပါဝင်ခြင်းမရှိဟု ငြင်းဆိုလျှင်လည်း သူတွင် တာဝန်ရှိကြောင်း ၎င်းက ထောက်ပြ ပြောဆို သည်။

လက်ရှိ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှာ ဦးသန့်စင်ဆိုသူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြား ရေးဝန်ကြီးဖြစ်စဉ်က ခန့်အပ်ခဲ့သည့် အရပ်သား သံတမန်တဦးဖြစ်ပြီး စစ်တပ်အာဏာသိမ်းစဉ် အကြမ်းမဖက် အာဏာဖီဆန်ရေး (CDM) မလုပ်ဘဲ နေခဲ့သူတဦးဖြစ်သည်။
နိုင်ငံခြားရေး ဝန်ကြီးဌာနက တောင်ကိုရီးယားရှိ သံအမတ်ကြီး ဦးသန့်စင်ကို မြန်မာပြည် ပြန်လာရန် ခေါ်ယူထားသော် လည်း ၎င်းကကျန်းမာရေးအကြောင်းပြ ဆက်လက် နေထိုင်နေသလို နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့်လည်း ထို သံအမတ်ကို တရားဝင်ပြန်လည်ခေါ်လိုက်ပါက အစားထိုးမည့် သံအမတ်အသစ်ကို တောင်ကိုရီးယားက လက်မခံဘဲ သံအဆင့်လျော့ချမည်ကို စိုးရိမ်သဖြင့် တင်းတင်းကျပ်ကျပ် ကိုင်တွယ်ခြင်းမရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နီးစပ်သူတို့က ဆိုသည်။
တောင်ကိုရီးယား စစ်ကောင်စီသံရုံးနှင့်နီးစပ်သူတဦးက “သံအမတ်လက်မှတ်ထိုးမှ ငွေထုတ်လို့ရတာမို့ သူ့မှာတာဝန်ရှိ ပါတယ်။ သူမသိအောင် လိမ်ထားရင်လည်း သူက အထက်အရာရှိမို့ တာဝန်ခံရမှာပဲ။ အခု သူ့ကို ပြန်ခေါ်ဖို့လုပ်ပေမယ့် ခေါ်လိုက်လို့ နောက်သံအမတ်ကို ကိုရီးယားဘက်က လက်ခံမှာမဟုတ်တော့ နောက်ထပ်ခန့်ဖို့ မလွယ်ဘူး။ ဒါ ကြောင့် မင်းအောင်လှိုင်တို့ အခက်တွေ့ နေပုံရတယ်။ သံအမတ်ထုချေလွှာမှာ သူက စစ်ကောင်စီကို သစ္စာရှိခဲ့ကြောင်း၊ သူ့ကို ဆက်ထားဖို့ လျှောက်ထားတယ်” ဟု ပြောသည်။
အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ တောင်ကိုရီးယားသံရုံး၏ တရားဝင် Facebook စာမျက်နှာနှင့် အီးမေးလ်ကို ဧရာဝတီ က စာပို့မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးသလို စစ်ကောင်စီမှလည်း သတင်းထုတ်ပြန်လာခြင်း မရှိသေးပေ။
You may also like these stories:
တရုတ်၏ မြန်မာနယ်စပ်ဖြတ်ကျော် ရာဇဝတ်နှိမ်နင်းမှု နောက်ဆက်တွဲ ဆိုးကျိုးများ
စစ်ဗိုလ်ချုပ်များ အချိန်မနှောင်းခင် အမြင်မှန်ရစေချင်
ငလျင်ဘေးနှင့် စစ်ကောင်စီ၏ မရိုးသားသော အပစ်ရပ်














