တောင်ကိုရီးယားနိုင်ငံတွင် သမ္မတ Yoon Suk Yeol က မြောက်ကိုရီးယား လိုလားသည့် အတိုက်အခံများက လွှတ် တော်ကို ထိန်းချုပ်ထားပြီး နိုင်ငံတော် ဆန့်ကျင်ရေး လုပ်ရပ်များ လုပ်ဆောင်နေသည်ဆိုကာ ယမန်နေ့ ညပိုင်း ၁၀နာရီ မိနစ် ၃၀က အရေးပေါ် စစ်အုပ်ချုပ်ရေးကို ရုတ်ချည်းကြေညာလိုက်သော်လည်း နံနက် ၄နာရီ ၈မိနစ်၌ ပြန်လည်ရုပ် သိမ်း ခဲ့ရသည်။
အဆိုပါကြေညာချက် အပေါ် တောင်ကိုရီးယားလွှတ်တော်၌ မဲခွဲဆုံးဖြတ်ခဲ့သလို ပြည်သူများကလည်း ချက်ခြင်းပင် လွှတ်တော်ရှေ့စုရုံးကာ ဆန္ဒပြခဲ့ကြသည် ကိုလည်း တွေ့ရသည်။
တောင်ကိုရီးယားနိုင်ငံတွင် မြန်မာအများအပြား အလုပ်လုပ်ကိုင်နေသလို မြန်မာ့ဒီမိုကရေစီအရေးကိုလည်း အရပ်ဖွဲ့ အဖွဲ့များသာမက အစိုးရပိုင်းကပါ အားပေးထောက်ခံသည့် အစဉ်အလာရှိသောနိုင်ငံဖြစ်သလို တောင်ကိုရီးယားရောက် မြန်မာများ၏ စစ်အာဏာရှင် အမြစ်ဖြတ်ရေး ဆန့်ကျင်လှုပ်ရှားမှုများကိုလည်း လွတ်လပ်စွာလုပ်ခွင့်ရသော နိုင်ငံ တနိုင်ငံ လည်းဖြစ်သည်။
ထို့အတွက် တောင်ကိုရီးယားနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခြေအနေများနှင့် ကိုရီးယားရောက်မြန်မာများ သတိပြုရမည့် အချက်များကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးအဖွဲ့ဝင် စီမံရေးရာတာဝန်ခံ ဦးဝင်းပေါ် မောင်နှင့် ဧရာဝတီက ဆက်သွယ်မေးမြန်းထားသည်။
မေး။ ။ ကိုရီးယားမှာ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေကို ပြောပြပေးပါ။
ဖြေ။ ။ မနေ့က ည ၁၀ နာရီခွဲမှာ သမ္မတက စစ်အုပ်ချုပ်ရေးကျင့်သုံးဖို့ ကြေညာလိုက်တာပေါ့။ ကြေညာတဲ့အခါမှာ တနိုင်ငံလုံးလည်း လှုပ်ခတ်သွားပါတယ်။ တကမာ္ဘလုံးလည်း ပြန့်တာပေါ့။ ဒီကြေညာချက်က အခြေခံဥပဒေ ၇၇ ပြဋ္ဌာန်းချက်အရ သမ္မတကအရေးပေါ်ကြေညာချက်နဲ့ စစ်အုပ်ချုပ်ရေးကို ကျင့်သုံးမယ်လို့ ကြေညာတယ်။ သို့သော် သူတယောက်ထဲနဲ့ မပြီးဘူးပေါ့။ ဒီကြေညာချက်ကို လွှတ်တော်ကို တင်ပြပြီးတော့မှ လွှတ်တော်က အတည်ပြုမှသာ လျှင် အပြည့်အဝ ကျင့်သုံးခွင့်ရတာပေါ့။ လွှတ်တော်ကလည်း ချက်ချင်းဆိုသလို အရေးပေါ်လွှတ်တော်ကို ခေါ်တယ်။ ည ၁ နာရီမှာ လွှတ်တော်ကနေ ဒီကြေညာချက်ကို ပယ်ချလိုက်တာ။ အဲဒီတော့ သမ္မတရဲ့ကြေညာချက်က အသက် မဝင်တော့ဘူး ဖြစ်သွားတယ်။
မေး။ ။ စစ်အုပ်ချုပ်ရေးကြေညာလောက်တဲ့အထိ ဖြစ်လာတဲ့ အခြေခံအကြောင်းတရားတွေက ဘယ်က စလာတာ ဖြစ်မလဲ။
ဖြေ။ ။ အဓိကကတော့ သမ္မတရဲ့ လုပ်ပိုင်ခွင့်ကိစ္စတွေမှာ ပြဿနာရှိနေတာတော့ကြာပြီ။ ဒီသမ္မတက သူတက်လာ ကတည်းက အမျိုးသားရေးပိုင်း ပြင်းထန်တယ်။ အရပ်ဘက်လှုပ်ရှားမှုတွေကို အားမပေးတဲ့သူ ဖြစ်တယ်။ ဒီသမ္မတ တက်လာကတည်းက ကိုရီးယားမှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေ လျော့ကျသွားတယ်၊ ဖိနှိပ်ထား တယ်ပေါ့။ အတိုက်အခံပါတီကိုလည်း သူက တော်တော်လေး တင်းတင်းကျပ်ကျပ် ဖိနှိပ်ထားတယ်။ အမှုတွေနဲ့ တရားစွဲ တာတွေလည်း တော်တော်လုပ်တယ်။ သမ္မတနဲ့ ဒီမိုကရက်တစ်အင်အားစုတွေက တင်းမာခဲ့တာတော့ ကြာပြီ။ ပြီးခဲ့တဲ့ ၄ လပိုင်းတုန်းက လွှတ်တော်ရွေးကောက်ပွဲတွေလုပ်တဲ့အခါမှာ ဒီမိုကရက်တစ်တွေဘက်ကပဲ အသာစီးရတဲ့အခါကျ တော့ လွှတ်တော်နဲ့ အုပ်ချုပ်ရေးသမ္မတနဲ့က ဟိုဘက်ဒီဘက်ဖြစ်သွားတာပေါ့။
လတ်တလောပြဿနာကတော့ လာမယ့်နှစ်အတွက် သမ္မတတင်တဲ့ ဘတ်ဂျက်ကို လွှတ်တော်ကနေ ဖျက်လိုက်တာ၊ အဲဒီအပေါ်မှာလည်း အဆင်မပြေဘဲ တော်တော်လေး အတိုက်အခံ ဖြစ်ကြတယ်။ လတ်တလောမြင်နေရတဲ့ အဓိက ကျတဲ့အခြေအနေတွေကတော့ အဲဒီအပေါ်မှာ သမ္မတက သူ့ရဲ့လုပ်ပိုင်ခွင့်တွေ တိုးမြှင့်ပြီးတော့ လုပ်နိုင်ဖို့ရာအတွက် လတ်တလော စစ်အုပ်ချုပ်ရေး ကြိုးစားတယ်လို့ ကျနော် သုံးသပ်ရပါတယ်။
မေး။ ။ လက်ရှိသမ္မတက စစ်အုပ်ချုပ်ရေးကြေညာတဲ့အခါမှာ ကိုရီးယားလူထုရဲ့ အခြေအနေ ဘယ်လိုရှိလဲ။
ဖြေ။ ။ လူထုက လုံးဝလက်မခံဘူး။ ဒီသမ္မတကို ပြီးခဲ့တဲ့ ၁ လကျော် ၂ လလောက်ကတည်းက လူထုက ဆန္ဒပြ နေတာ။ ဆန္ဒပြရတဲ့အကြောင်းအရင်းကလည်း သမ္မတကတော်ရဲ့ လာဘ်ပေးလာဘ်ယူမှုရှိတယ်ဆိုတဲ့ အကြောင်းပေါ့။ ဒါက တော့ ကိုရီးယားမှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ သမ္မတကတော့ ဘာမှလုပ်တာမဟုတ်ပေမယ့် သမ္မတကတော်က ဒီလိုမျိုး လာဘ်ပေးလာဘ်ယူမှုကိစ္စမျိုးရှိတယ်။ သူ့သမီးနဲ့ ပတ်သက်ပြီးတော့လည်း သူ့ရဲ့ရာထူးကိုပါ အလွဲသုံးစား လုပ်တယ်ဆိုပြီး စွပ်စွဲကြတာရှိတယ်။ ဒါကတော့ နိုင်ငံရေးသမားတိုင်း ကြုံရတဲ့ကိစ္စလို့ ပြောရင်လည်း ရတယ်။ အဲဒီလို အကြောင်းတွေနဲ့ သမ္မတကို ဆန္ဒပြနေတာရှိတယ်။ အဲဒါကိုလည်း သမ္မတက မကြိုက်ဘူးဖြစ်မှာပေါ့။ အခုလိုမျိုး ကြေညာလိုက်တဲ့အတွက် လုံးဝကို လက်မခံဘဲ ညကတည်းက လမ်းပေါ်ထွက်လာတာပဲ။ သူတို့လည်း ကြိုပြီးတော့ သိထားကြပုံရတယ်။ သမ္မတက ဒါမျိုးလုပ်မှာလားဆိုတာကို အဲဒါကြောင့် ညကချက်ချင်းဆိုသလို လွှတ်တော်ရှေ့မှာ စုရုံးမိသွားကြတဲ့အခြေအနေမျိုး ဖြစ်ပါတယ်။

မေး။ ။ စစ်အုပ်ချုပ်ရေးကြေညာလိုက်တဲ့အတွက်ကြောင့် စစ်တပ်အနေနဲ့ကရော ဘယ်လိုရှိပါလဲ။
ဖြေ။ ။ စစ်တပ်ကတော့ မနေ့ကဖြစ်စဉ်ကိုကြည့်ရင် အမိန့်အတိုင်း လွှတ်တော်ဝင်းထဲကို ရဟတ်ယာဉ်တွေနဲ့ ဝင်လာ တယ်။ လွှတ်တော်မှာ သူတို့ ဝင်ထိန်းနိုင်ဖို့ကို ကြိုးစားတယ်ပေါ့။ ဝင်ထိန်းမယ်ဆိုတဲ့နေရာမှာ ၂ မျိုး ယူဆနိုင်တယ်။ လွှတ်တော် မလုပ်နိုင်အောင် ဝင်ထိန်းတာနဲ့ အဓိကကတော့ လွှတ်တော်ကနေ တစုံတရာ ကြေညာလိုက်လို့ ကြေညာ ချက်က အတည်ဖြစ်သွားတယ်ဆိုရင်လည်း မကျေနပ်တဲ့သူတွေရဲ့ ရုန်းရင်းဆန်ခတ်မှုကို ထိန်းနိုင်အောင်ဆိုတဲ့ သဘော မျိုးလည်း ပါနေတာပေါ့။ လွှတ်တော်မှာ စစ်တပ်က လိုအပ်ရင် လုံခြုံရေးအရ အလုပ်လုပ်နိုင်ဖို့ဆိုတဲ့ ပြင်ဆင်တဲ့ပုံစံနဲ့ ဝင်လာတဲ့သဘော ရှိတယ်။ အထဲထိတော့ ဝင်လို့မရဘူး။
မနေ့ကဆို စစ်တပ်နဲ့ ပြည်သူလူထုက အပိုင်းလိုက် ဖြစ်သွားတာပေါ့။ လူထုကလည်းတား စစ်တပ်က တား၊ အထဲမှာ သတင်းထောက်တွေ ပြည်သူတွေက တား၊ စစ်တပ်ကလည်း တား။ အထဲကလူကလည်း အပြင်ထွက်လို့မရ။ အပြင်ကလည်း လူလည်း အထဲဝင်လို့မရနဲ့ ရှုပ်ထွေးတဲ့ ပုံစံတော့ ဖြစ်သွားတာပေါ့။ နောက်ဆုံးတော့ လွှတ်တော်က ပယ်ချလိုက်တယ်ဆိုတဲ့ ကြေညာချက်ပြီးသွားတဲ့ အချိန်မှာတော့ စစ်တပ်က ပြန်ရုပ်သိမ်းသွားပါတယ်။ တပ်တွေ ပြန် ဆုတ်သွားတယ်။
မေး။ ။ တခုမေးချင်တာက သမ္မတရဲ့ ကြေညာချက်ထဲမှာပါတယ်။ မြောက်ကိုရီးယားရဲ့လှုပ်ရှားမှု လိုလားတဲ့လူတွေ ဆိုပြီး ပြောသွားတယ်။ အဲဒီအချက်ရော ဘယ်လို အကြောင်းတရားအပေါ်မှာ အခြေခံပြောတာပါလဲ မြောက်ကိုရီးယားနဲ့က အမြဲ ပြဿနာတွေလည်းရှိနေတော့ တကယ်ရော အဲဒီအခြေအနေ ရှိနေလား။
ဖြေ။ ။ သမ္မတကတော့ ဘယ်လိုအကြောင်းအချက်ကို ထောက်ပြီးပြောလဲဆိုတာ အသေးစိတ်ကို ပြောမသွားဘူး။ ကျနော်တို့ အပြင်ကနေ မြင်ရတဲ့အခြေအနေမှာတော့ ဒီအကြောင်းအချက်က တော်တော်ကို မဆီလျော်ဘူးလို့ပဲ မြင်ပါ တယ်။ ဘာကြောင့်လဲဆိုတော့ အဓိက ရည်ညွှန်းချင်တာက လွှတ်တော်က ဒီမိုကရက်တစ်တွေကို ရည်ညွှန်းချင်ပုံရပါ တယ်။ ဒီလွှတ်တော်ကလည်း ဘယ်သူကမှ မြောက်ကိုရီးယားကို လိုလားပြီးတော့ လုပ်ဆောင်နေတယ်ဆိုတာမျိုးက မတွေ့ပါဘူး။ ပြည်သူလူထုတွေထဲမှာလည်း မြောက်ကိုရီးယားကို လိုလားပြီးတော့ နိုင်ငံတော်ကို ဆန့်ကျင်နေတယ် ဆိုတာမျိုးတွေလည်း မတွေ့ရပါဘူး။ ကျနော်တို့ သိရှိထားတဲ့ မြင်တွေ့နေရတဲ့အခြေအနေနဲ့ သမ္မတပြောတဲ့ အကြောင်း အချက်နဲ့ကလည်း တော်တော်လေး ဆီလျော်မှု မရှိဘူးလို့ မြင်ပါတယ်။
မေး။ ။ အခု စစ်အုပ်ချုပ်ရေးဆိုတာ ဘယ်လိုဖြစ်မလဲ အရင် ကိုရီးယားမှာ အာဏာသိမ်းဖြစ်စဉ်တွေနဲ့ မတူတဲ့ သဘောလား
ဖြေ။ ။ အရင်ကလို အာဏာသိမ်းပုံမျိုးတော့ မဟုတ်ပါဘူး။ ပတ်ချုံ ဟီးကတော့ အာဏာသိမ်းလိုက်တာပေါ့။ ချန်ဒူးဝမ် ကျ တော့ အာဏာကို လွှတ်တော်ကနေတဆင့်ရယူပြီးတော့ စစ်တပ်ကနေ အာဏာကို အကုန်လုံး ချုပ်ကိုင်လိုက်တဲ့ ပုံစံ ပေါ့။
အခုပုံစံကတော့ သမ္မကနေပြီး အရပ်ဘက် အုပ်ချုပ်ရေးနေရာမှာ စစ်ဘက်အုပ်ချုပ်ရေးကို ပေါင်းစပ်ပြီး ဆောင် ရွက်သွားမယ်ဆိုတဲ့ ပုံစံကို လုပ်တာ။ အဓိကကတော့ လွှတ်တော်တို့ လူထုလှုပ်ရှားမှုတို့ကို ထိန်းချုပ်ချင်တဲ့ သဘောပေါ့ နော်။ အဲဒါတွေကို ထိန်းချုပ်လိုက်ပြီးတော့ သူ့ရဲ့ အုပ်ချုပ်ရေးအာဏာတခုထဲကိုပဲ မြှင့်တင်ပြီး ဆောင်ရွက်တဲ့ပုံစံပါ။ စစ်တပ်ကို အသုံးပြုပြီး သူ့ရဲ့အုပ်ချုပ်ရေးအာဏာကို မြှင့်တင်တဲ့ပုံစံပေါ့။
မေး။ ။ စစ်အုပ်ချုပ်ရေးက အခုဆို ပျက်ပြယ်သွားပြီ။ တကယ်လို့သာ မပျက်ပြယ်ဘူးဆိုရင် အရပ်ဘက်အဖွဲ့အစည်း တွေ အတွက် ဘာဆိုးကျိုးဖြစ်လာနိုင်လဲ။
ဖြေ။ ။ ပထမဆုံးကြုံရမှာက လူထုတွေ လမ်းပေါ်ထွက်ဆန္ဒပြတာ အကုန်လုံး ရပ်သွားမယ်။ ဒါက ထိပ်ဆုံးကပဲ။ စစ်အုပ်ချုပ်ရေးဖြစ်တဲ့အတွက် သမ္မတကို ဆန္ဒပြနေတာတွေ အကုန်လုံး လမ်းပေါ်မှာ ဘာမှရှိမှာ မဟုတ်တော့ဘူး။ အဲဒီလို လူထုလှုပ်ရှားမှုကို ခေါင်းဆောင်နေတဲ့အဖွဲ့တွေဆိုရင်လည်း ထိန်းချုပ် ကန့်သတ်ခံရမှာပေါ့။ ထိပ်ဆုံးကဖြစ်မယ့် ကိစ္စပေါ့။ နောက်ပြီးတော့ အုပ်ချုပ်ရေးကိစ္စတွေဘက်မှာ ပိုပြီးတော့ တင်းတင်းကျပ်ကျပ်ဖြစ်သွားမှာပါ။ ဒါကြောင့်မို့ လူထုရဲ့လှုပ်ရှားမှုကို ထိန်းချုပ်ခံရမှာက ထိပ်ဆုံးကပေါ့။
မေး။ ။ ကိုရီးယားမှာဆိုရင်လည်း မြန်မာတွေက အရင်ထက်ပိုများလာတယ်။ အခုလို နိုင်ငံရေး အပြောင်းအလဲပုံစံမျိုး ပြင်းပြင်းထန်ထန်ဖြစ်လာတဲ့အပေါ်မှာ ကိုရီးယားရောက် မြန်မာလူထုပေါ်မှာရော ဘယ်လိုရိုက်ခတ်နိုင်လဲ။
ဖြေ။ ။ အများကြီးရိုက်ခတ်မှာပါ။ တော်လှန်ရေးလုပ်နေကြတဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေ မြေပြင်လှုပ်ရှားမှုတွေ အကုန်လုံးက ရပ်သွားမှာပဲ။ အကုန်ပါသွားပြီ။ ကမ်ပိန်းတွေ မြေပြင်ဆန္ဒပြတာတွေ ရပ်သွားမယ်။ ဒီထက် အခြေအနေက တင်းကျပ်လာတယ်ဆိုရင် ကျနော်တို့ရဲ့ ငွေကြေးထောက်ပံ့မှုတွေဟာလည်း တနည်းတဖုံ တင်းကျပ်တာတွေ စောင့်ကြည့်တာ၊ စစ်ဆေးတာတွေ၊ ဘဏ်တွေကို ထိန်းချုပ်တာတွေ ဒါမျိုးတွေလည်း ဖြစ်နိုင်တယ်။
ပြီးတော့ ကိုရီးယားမှာနေနေကြတဲ့ ဗီဇာကိစ္စတွေ အစိုးရကနေ ပေးထားခဲ့တဲ့ လူသားချင်းစာနာသောအားဖြင့် မြန်မာ ပြည် မပြန်နိုင်သေးတဲ့လူတွေကို နေထိုင်ခွင့်ပြုထားတယ်ဆိုတဲ့ကိစ္စမျိုးတွေကလည်း ပြောင်းပြန်လှန်တာမျိုးတွေ ဖြစ် လာနိုင်တယ်။ ရက်လွန်နေထိုင်သူတွေကို ပြန်ပို့တာတွေလည်း ဖြစ်လာနိုင်တယ်။ ဒါတွေက စစ်အုပ်ချုပ်ရေးကို ကျင့်သုံး တယ်ဆိုတာနဲ့ တပြိုင်နက်ထဲ နဂိုရရှိထားတဲ့အခွင့်အရေးတွေက အကုန်လုံးရပ်ဆိုင်းသွားပြီးတော့ လုံခြုံရေးအမိန့်နဲ့ လုံခြုံရေးအမြင် လွှမ်းမိုးလာပြီးတော့ အားလုံးအပေါ်မှာ အများကြီး ထိခိုက်သက်ရောက်နိုင်ခြေ ရှိပါတယ်။

မေး။ ။ လက်ရှိမှာ အခြေအနေက ငြိမ်သက်သွားပြီလို့ ပြောလို့ရပြီလား။
ဖြေ။ ။ နည်းနည်းတော့ပြောရခက်တယ်။ ပြည်သူလူထုကတော့ ဆန္ဒပြပွဲကြီးတွေကို တနိုင်ငံလုံးအနှံ့လုပ်ဖို့ဆိုပြီး စီစဉ် နေတယ်။ လွှတ်တော်ရှေ့မှာ သွားပြီးတော့ လူထုနဲ့ လွှတ်တော်ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း၊ သမ္မတရဲ့ အမိန့်ကို ရှုတ်ချကြောင်းလုပ်ဖို့ ကျယ်ကျယ်ပြန့်ပြန့်လှုပ်ရှားနေကြတဲ့ အခြေအနေမှာရှိတယ်။ ဘာဖြစ်လာမလဲ ဒီအပေါ်မှာ သမ္မတက သူ့ရဲ့အုပ်ချုပ်ရေးအရ ဘယ်လိုတုံ့ပြန်မလဲဆိုတာတော့ ခန့်မှန်းရခက်ပါတယ်။
မေး။ ။ ကိုရီးယားနိုင်ငံရဲ့ အခုလို နိုင်ငံရေးအခြေအနေမှာ ကိုရီးယားရောက်မြန်မာတွေအနေနဲ့ ဘယ်လို သတိပြုနေထိုင် ရမလဲ။
ဖြေ။ ။ ကိုရီးယားနိုင်ငံရဲ့ နိုင်ငံရေးလှုပ်လှုပ်ခတ်ခတ်ဖြစ်သွားတဲ့ အခြေအနေမှာ ကိုရီးယားမှာရောက်ရှိနေကြတဲ့ မြန်မာ နိုင်ငံသားတွေအနေနဲ့ သတိထားပြီးတော့ နေထိုင်ဖို့သင့်တယ်လို့ တိုက်တွန်းချင်ပါတယ်။ ကိုရီးယားနိုင်ငံရေးက ဒီလိုပဲ လှုပ်ခတ်တတ်တဲ့ သဘာဝရှိတယ်။ ဒီလို လှုပ်ခတ်လာတယ်ဆိုရင် နိုင်ငံခြားသားတွေရဲ့ နေမှုထိုင်မှု၊ လုပ်ကိုင်မှုအပေါ်မှာ လည်း ရိုက်ခတ်လာတတ်တဲ့ သဘာဝရှိပါတယ်။ ဒါကြောင့်မို့ ဒီအချိန်မှာ သတိထားပြီးတော့ သွားလာကြဖို့နဲ့ ဒီနိုင်ငံရေး အခြေအနေကိုလည်း သတိမပြတ် စောင့်ကြည့်ဖို့ လိုအပ်တယ်လို့ တိုက်တွန်းချင်ပါတယ်။
ပြီးတော့ သမ္မတကနဂို ကတည်းက နိုင်ငံတကာရဲ့ ဒီမိုကရေစီအရေးအရာကိစ္စတွေအပေါ်မှာ သိပ်ပြီးတော့ စိတ်ဝင်စားခဲ့ တာမဟုတ်တော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့အခြေအနေတွေ မြန်မာ့တော်လှန်ရေးရဲ့အခြေအနေတွေအပေါ်မှာ သိပ်ပြီး တော့ စိတ်ဝင်စားတာ မရှိခဲ့ပါဘူး။ ကျနော်တို့ ကိုရီးယားနိုင်ငံရဲ့ ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ မြန်မာနိုင်ငံသားတွေပြန်ဖို့ အခက်အခဲ ဖြစ်နေတယ်ဆိုရင် ကိုရီးယားမှာ နေထိုင်ခွင့်ပြုတယ်ဆိုတဲ့ လူသားချင်းစာနာသောအားဖြင့် ခွင့်ပြုထားခဲ့တဲ့ ကိစ္စတွေကို လက်ရှိသမ္မတလက်ထက်မှာ မပယ်ဖျက်ထားခဲ့ဘူးပေါ့။
သို့သော်လည်းပဲ ဒီအစိုးရက ကျနော်တို့ မြန်မာ့တော်လှန်ရေးနဲ့ မြန်မာပြည်အပေါ်မှာ ခပ်စိမ်းစိမ်းပဲ ဆက်ဆံမယ်လို့ သုံးသပ်လို့ ရပါတယ်။ ကျနော်တို့ မြန်မာ့တော်လှန်ရေးကို အားပေးကူညီနေတာက ကိုရီးယားပြည်သူတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ လွှတ်တော်က ဒီမိုကရက်တစ် အသိုင်းအဝိုင်းကသာလျှင် အားပေးကူညီကြတာ ဖြစ်ပါတယ်။
အစိုးရပိုင်းကတော့ ခပ်စိမ်းစိမ်း ခပ်အေးအေးပဲရှိပါတယ်။ ဒါကိုလည်း သတိပြုဖို့လိုအပ်ပါတယ်။
ဒါကြောင့်မို့လို့ အခုလို စစ်အုပ်ချုပ်ရေးလုပ်မယ်ဆိုတာ ပျက်ပြယ်သွားတာကတော့ ကောင်းတဲ့လက္ခဏာဖြစ်ပေမယ့် ကိုရီးယားနိုင်ငံအတွင်းမှာ လွှတ်တော်နဲ့ ပြည်သူတွေက တဖက်၊ သမ္မတရဲ့အုပ်ချုပ်ရေးနဲ့ သူ့ရဲ့ထောက်ခံမှုအပိုင်းက တဖက်အားပြိုင်ကြတဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေက ရှိလာနိုင်ဖွယ်လည်းရှိတော့ ဒီအခြေအနေတွေဟာ မြန်မာ့တော်လှန် ရေးအပေါ်မှာလည်း သက်ရောက်လာနိုင်တဲ့အခြေအနေကို သတိပြုဖို့လိုပါတယ်။ ။
You may also like these stories:
ငါးဖမ်းစက်လှေ အပစ်ခံရမှု ထိုင်းနှင့် မြန်မာ ကော့သောင်း၌ ဆွေးနွေးမည်
ပြည်ပရောက်အလုပ်သမားများ စစ်မှုထမ်းရန် အေဂျင်စီက ပြန်ခေါ်ပေးရမည်
ပြည်ပရောက်လုပ်သားများ၏ ပို့ငွေစာရင်းတောင်းယူမှု အေဂျင်စီတို့ အခက်တွေ့














