ဒီမိုကရေစီကို ခြိမ်းခြောက်သော သမ္မတအား ပြည်သူ့ဆန္ဒဖြင့် ဖယ်ရှားနိုင်သည့် မော်ကွန်းတရပ်ကို ကိုရီးယား ပြည်သူ များက ဒီဇင်ဘာ ၁၄ ရက်နေ့တွင် ရေးထိုးလိုက်သည်။
၃၇ ခုနှစ်အတွင်း နိုင်ငံရေး အကျပ်အတည်းမှ လွတ်မြောက်ရန် အပြင်းအထန် ရုန်းကန်ခဲ့ရသည့် ၁၂ ရက်ကြာသည့် အမှောင်နေ့ရက်များကို ဝမ်းမြောက်ဝမ်းသာ ဟစ်ကြွေးသံများဖြင့် အဆုံးသတ်ခဲ့သော်လည်း နိဂုံးတော့ မဟုတ်သေး ပေ။ လွှတ်တော်၏ သမ္မတအပေါ် စွပ်စွဲပြစ်တင်မှုကို အခြေခံဥပဒေခုံရုံးက ကြားနာပြီး အမိန့်ချသည်အထိ စောင့်ကြည့် ရဦးမည်။
သမ္မတအနေဖြင့် စစ်အုပ်ချုပ်ရေးကြေညာနိုင်ကြောင်း နိုင်ငံရေးအသိုင်းအဝန်းအတွင်း သံသယရှိသော်လည်း လူထုက ကျယ်ကျယ်ပြန့်ပြန့် ထင်မှတ်မထားခဲ့ကြချေ။ ပြည်ပရန် သို့မဟုတ် သဘာဝဘေးဒဏ်မျှ ကျရောက်ခြင်းမရှိဘဲ တည်ငြိမ်တက်ကြွစွာ ရှင်သန်လျက် ဒီမိုကရေစီ အသားကျနေသော နိုင်ငံအတွင်း စစ်အုပ်ချုပ်ရေးကို အစားထိုးရန် ဆိုသည်မှာ စိတ်ကူး၍ပင် ရနိုင်ဖွယ် မရှိချေ။
သို့သော်လည်း ဒီဇင်ဘာ ၃ ရက်ည၌ သမ္မတ ယွန်းဆောယောလ်သည် “နိုင်ငံကို စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်မည်”ဟု ရုတ်တရက် ကြေညာလိုက်ပြီး တခုတည်းသော အကြောင်းပြချက်မှာ “မြောက်ကိုရီးယား လိုလားသော အတိုက်အခံ နိုင်ငံရေးသမားများက လွှတ်တော်ကို ချုပ်ကိုင်ထားသဖြင့် ပြည်သူလူထုအကျိုးငှာ ယင်းအန္တရာယ်ကို ဖယ်ရှားရန်”ဟု ဆိုသည်။
သမ္မတက ချက်ချင်းဆိုသလိုပင် လွှတ်တော်ကို ထိန်းချုပ်ရန် အထူးတပ်ဖွဲ့ကို စေလွှတ်ခဲ့သည်။ လွှတ်တော် ပရဝုဏ် အတွင်း စစ်သားနှင့်အရပ်သားများ ရုန်းရင်းဆန်ခတ်ဖြစ်စဉ်များကို မီဒီယာပေါ် အားလုံး မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။ အမှန်အားဖြင့် ကိုရီးယား၏ “နိုင်ငံရေးရုန်းရင်းဆန်ခတ်မှု”များမှာ မကြာခဏဆိုသလို ဖြစ်ပေါ်လျက်ရှိသည်။
သမ္မတနှင့် လွှတ်တော်
၂၀၂၂ ခုနှစ်တွင် ပြည်သူ့အင်အားပါတီ (People Power Party) ယွန်းဆောယောလ်က သူ့ပြိုင်ဘက် ဒီမိုကရက်တစ် ပါတီမှ အီဂျဲမြောင်ကို ပွတ်ခါသီခါနိုင်ပြီး အာဏာရလာသော်လည်း လွှတ်တော်ကိုမူ အတိုက်အခံ ဒီမိုကရက်ပါတီက လွှမ်းမိုးထားသည်။
ထို့ကြောင့် အာဏာရ ပြည်သူ့အင်အားပါတီနှင့် ဒီမိုကရက်ပါတီတို့အကြား အားပြိုင်မှု၊ သမ္မတနှင့် လွှတ်တော်ကြား အားပြိုင်မှုများသည် ပုံစံမျိုးစုံ ဖြစ်ပေါ်နေသည်ဟု ဆိုရမည့်အပြင် ပုဂ္ဂိုလ်ရေးအရ တယောက်ကို တယောက် “ဆွဲချ” သော ဖြစ်စဉ်များကလည်း အဆက်မပြတ် ရှိခဲ့သည်။ အဆိုပါ နိုင်ငံရေး လှိုင်းဂယက်များမှာ အချိန်တန်လျှင် ပြေလည် နိုင်သည့် နိုင်ငံရေးဓမ္မတာများသာဖြစ်သည်။
သို့ရာတွင် လွန်ခဲ့သည့် လပိုင်းအတွင်း ပါတီ၊ လွှတ်တော်၊ အစိုးရတို့အကြား တွန်းထိုးအားပြိုင်မှုမှာ အကျပ် အတည်းဖြစ်သည်အထိ ပြင်းထန်လာရာ အစိုးရအဖွဲ့က တင်သွင်းသော ၂၀၂၅ ခုနှစ် ဘတ်ဂျက်ကို လွှတ်တော်က ဖြတ်ချလိုက်ခြင်းနှင့် အတိုက်အခံဘက်က သမ္မတကတော်နှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရန် ကြိုးပမ်းခြင်းတို့ကြောင့် အားပြိုင်မှုကို အမြင့်ဆုံး ရောက်သွားပြီး သမ္မတကိုပါ စွပ်စွဲပြစ်တင်နိုင်သည့်အခြေအနေအထိ ဆိုက်ရောက်သွားစေနိုင် သော လမ်းစတခုလည်း ဖြစ်နေသည်။
ဤတွင် သမိုင်းကို အနည်းငယ် ပြန်ငဲ့ကြည့်ရန် လိုသည်။ ၂၀၁၆-၁၇ တွင် သမ္မတ ဘတ်ဂွန်နဲကို စွပ်စွဲ ပြစ်တင်နိုင်ခဲ့ သည့် ပြဿနာရင်းမြစ်မှာ သမ္မတ၏ လူယုံတော်ကို အဂတိမှုနှင့် စွဲချက်တင်ရာမှ စတင်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယင်းအမှုများကို စစ်ဆေးခဲ့သည့် အစိုးရရှေ့နေမှာ ယခု သမ္မတ ယွန်းဆောယောလ်ပင် ဖြစ်သည်။
သူ၏ ပြတ်သားသော စစ်ဆေးထုတ်ဖော်ချက်များကြောင့် သမ္မတဘတ်ဂွန်နဲကို အပြစ်ပေး အရေးယူနိုင်ခဲ့သည် သာမက ယွန်းဆောယောလ်လည်း လူကြိုက်များထင်ရှားသူတဦး ဖြစ်လာခဲ့သည်။ ထို အောင်မြင်မှုအရှိန်အဝါကပင် သူ့ကို သမ္မတဖြစ်သည် အထိ ပို့ဆောင်ပေးခဲ့ခြင်းလည်း ဖြစ်သည်။
ယခုတဖန် သမိုင်းတပတ်လည်ပြီး စစ်ဆေးအရေးယူခံရမည့် သံသယတရားခံနေရာသို့ သူကိုယ်တိုင် ပြန်ရောက် ရမည့်အရေးကို တုန်လှုပ်နေခဲ့သလား၊ ဘဝတလျှောက်လုံး အစိုးရဝန်ထမ်း ရှေ့နေအဖြစ် ကျင်လည်ခဲ့ရာမှ သမ္မတ ရာထူးသို့ ကူးပြောင်းခဲ့ရသူဖြစ်၍ နိုင်ငံရေးလောကဓံကို မခံနိုင် ဖြစ်လေသလား စဉ်းစားစရာ ဖြစ်သည်။

စစ်အုပ်ချုပ်ရေး
လွှတ်တော်ထောက်ခံမှ အတည်ဖြစ်သည့် စစ်အုပ်ချုပ်ရေးကို ဥပဒေကျွမ်းကျင်သူ သမ္မတ ယွန်းဆောယောလ် အနေဖြင့် မည်သည့် အတွက်ကြောင့် ရုတ်တရက် ကြေညာခဲ့ရသလဲဆိုသည်မှာ ယခုတိုင် ပဟေဠိဖြစ်နေဆဲ ဖြစ်ပြီး စစ်ဆေးတွေ့ရှိချက်များအရ စစ်အုပ်ချုပ် ရေးကြေညာရန် သမ္မတ ယွန်းသည် အတွင်းလူ အနည်းစုနှင့် ကြိတ်လုပ်ခဲ့သည်ဟု ဆိုသည်။
အနီးကပ် အကြံပေးခဲ့သူမှာ ကာကွယ်ရေးဝန်ကြီး ဂင်ယုန်ဟွန်းဟု သိရပြီး လွှတ်တော်အမတ်များကို ခန်းမပြင် ဆွဲထုတ်ရန်နှင့် ပါတီခေါင်းဆောင်များကို ဖမ်းဆီးရန် နုတ်ထွက်သွားပြီ ဖြစ်သည့် ကာကွယ်ရေးဝန်ကြီး ဂင်က တိုက်ရိုက်အမိန့်ပေးခဲ့ကြောင်း အထူးတပ်ဖွဲ့မှူးက ဝန်ခံထွက်ဆိုသည်။
စစ်သားများက လွှတ်တော်ကို ထိန်းချုပ်နိုင်ရန် ကြိုးစားသော်လည်း အမတ်များ၊ ဝန်ထမ်းများ၊ သတင်းသမားများနှင့် ပြည်သူလူထုက လွှတ်တော်ကို ကာကွယ်ထားနိုင်ခဲ့သည်။ အရေးပေါ်လွှတ်တော်ကို ချက်ချင်းခေါ်ယူပြီး အတိုက်အခံ ပါတီ အမတ် ၁၉၀ က သမ္မတအမိန့်ကို ၃ နာရီအတွင်း ပယ်ချနိုင်ခဲ့ပြီး နောက်ထပ် ၂ နာရီအကြာ၌ သမ္မတယွန်းက သူ့အမိန့်ကို ရုတ်သိမ်းကြောင်း ပြန်လည် ကြေညာခဲ့ရသည်။
တုန်လှုပ်ခြောက်ခြားဖွယ် ကောင်းသော ထိုနာရီအနည်းငယ်သည် မေးခွန်းများစွာနှင့် နောက်ဆက်တွဲ နိုင်ငံရေးဖြစ်စဉ် များစွာကို ရိုက်ခတ် ချန်ထားရစ်ခဲ့သည်။
စစ်အုပ်ချုပ်ရေးကျင့်သုံးရန် ကြိုးစားမှုသည် နိုင်ငံတော်ပုန်ကန်မှုဖြစ်သည်ဟု သမ္မတအပေါ် စွပ်စွဲပြစ်တင်မှုအဆိုကို အတိုက်အခံပါတီက လွှတ်တော်သို့ တင်သွင်းသည်နှင့် တပြိုင်နက်တည်း ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းဖော်ထုတ် ရန်နှင့် ပါဝင်ပတ်သက်သူအားလုံးကို အရေးယူရန် ဥပဒေကြောင်းအရ ကြိုးစားကြသည်။
လွှတ်တော်ကော်မတီအသီးသီးမှ စစ်ဆေးမေးမြန်းမှုများကို ဆက်တိုက် ပြုလုပ်ခဲ့ကြပြီးနောက်၊ ရဲတပ်ဖွဲ့၏ ဖမ်းဆီးမှုနှင့် အစိုးရရှေ့နေ အမှုစွဲချက်များ ဆက်တိုက် ပေါ်ပေါက်လာသည်။
အဖမ်းခံရသူများတွင် ကာကွယ်ရေးဝန်ကြီးဟောင်း ဂင်ယုန်ဟွန်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့မှူး ဗိုလ်မှူးချုပ် ဘတ်ဂျောင်ဆွန်း၊ မြို့တော်ကာကွယ်ရေးတပ်ဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး လီဂျင်ဝိုး၊ တန်ပြန်ထောက်လှမ်းရေး အထူးတပ်ဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ယိုအင်ဟယောင်း၊ အမျိုးသားရဲတပ်ဖွဲ့ ကော်မရှင်နာချုပ် ဂျိုဂျီဟို၊ ဆိုးလ်မြို့တော်ရဲတပ်ဖွဲ့ ဌာနမှူး ဂင်ဘောင်ဆစ်တို့ ပါဝင်ကြသည်။ စစ်ဦးစီးချုပ် ဘတ်အန်ဆုက ယခုဖြစ်စဉ်အား သူ ဘာမှ ကြိုတင်မသိခဲ့ပါဟု ပြောထားသော်လည်း အစိုးရရှေ့နေများကမူ စစ်ဦးစီးချုပ်ကိုပါ ဖမ်းဆီးစစ်ဆေးရန် လိုလားနေသည်။ ဖမ်းဆီးစစ်ဆေးမှုများမှာ ရပ်တန့်ဦးမည့်ဟန် မရှိသေးပေ။
စွပ်စွဲပြစ်တင်မှုအဆို
ဒီဇင်ဘာ ၇ ရက်နေ့ လွှတ်တော်၌ သမ္မတအား စွပ်စွဲပြစ်တင်မှုအဆို မဲခွဲရန် ပြင်ဆင်ချိန်တွင် အာဏာရပါတီ အမတ်များက သပိတ်မှောက်ပြီး ခန်းမတွင်းမှ ထွက်သွားကြသည်။ လွှတ်တော်တွင် အတိုက်အခံပါတီ အများစု ဖြစ်သော်လည်း စွပ်စွဲပြစ်တင်သော ဆုံးဖြတ်ချက်အတွက် မဲစုစုပေါင်း၏ သုံးပုံနှစ်ပုံဖြစ်သော မဲ ၂၀၀ ရရန် အာဏာရပါတီ၏ ထောက်ခံမဲ အနည်းဆုံး ၈-မဲ လိုအပ်သည်။ ထိုနေ့က အာဏာရပါတီဘက်မှ ထောက်ခံမဲ တမဲသာ ရခဲ့၍ အဆို မအောင်မြင်ခဲ့ပါ။ သမ္မတကတော်ကို တရားစွဲရန်အဆိုလည်း မအောင်မြင်ခဲ့ပါ။ ထိုမအောင်မြင်မှုသည် အာဏာရပါတီအပေါ် ပြည်သူလူထု၏ အမျက်မာန်ရှစေခဲ့သည်။
စစ်အုပ်ချုပ်ရေးကြေညာချက် ပြန်လည်ရုတ်သိမ်းပြီးနောက် သမ္မတယွန်းနှင့် တွေ့ဆုံခဲ့သည့် အာဏာရပါတီဥက္ကဋ္ဌ ဟန်ဒုံဟွန်းက ယွန်းအနေဖြင့် တာဝန်ဆက်လက်ထမ်းဆောင်ရန် မသင့်ဟုပြောခဲ့ရာ အာဏာရပါတီက အဆိုကို ထောက်ခံဖွယ်ရှိသည်ဟု လူအများစုက တွေးထင်ခဲ့ကြသည်။ လက်တွေ့တွင် ပါတီက သမ္မတဘက်မှ ရပ်တည်လိုက် သောအခါ ပြည်သူလူထုက အမတ်များကို ဖိအား ပြင်းပြင်း ထန်ထန်ပေးရမည်၊တနည်းအားဖြင့် ပြည်သူ့ပါဝါကို အစွမ်းကုန်ထုတ်ရတော့မည်ဟု နားလည်လိုက်ကြသည်။
သီတင်းတပတ်လုံးလုံး နိုင်ငံအနှံ့ ဆန္ဒပြပွဲများပြုလုပ်ကာ ယွန်း နှုတ်ထွက်ရေး တောင်းဆိုကြသည်။ မဲမပေးဘဲ အပြင်ထွက်သွားသည့် အမတ်များကို တဦးချင်းစီအလိုက် ပြစ်တင်ရှုတ်ချကာ ပြည်သူ့ဆန္ဒအတိုင်း မဲပေးရန် တောင်းဆိုသည်။ ထိုကာလအတွင်း သမ္မတက နောက်တကြိမ် စစ်အုပ်ချုပ်ရေး ကြေညာနိုင်သည် ဟူသော ယူဆချက်များလည်း ကျယ်ပြန့်ခဲ့သည်။
ပြည်သူလူထု၏ တောင်းဆိုချက်မှာ သမ္မတ နှုတ်ထွက်ပေးရေးမှ အာဏာရပါတီ ဖျက်သိမ်းရေးအထိ ကျယ်ပြန့်သွားရာ ပြည်သူ့အင်အားပါတီအတွင်း ကွဲပြားသောအယူအဆများလည်း ထွက်ပေါ်လာခဲ့သည်။ ကိုရီးယားနိုင်ငံရှိ ဘာသာရေး အဖွဲ့များပါမကျန် ကျောင်းသား၊ အလုပ်သမား၊ လူထုလူတန်းစား အဖွဲ့အစည်း အသီးသီး၏ တောင်းဆိုမှုများ နိုင်ငံလုံး အနှံ့ ဖြစ်ပေါ်ခဲ့သည်။ ထူးခြားချက်တခုမှာ စစ်မှုထမ်းဟောင်းများက စစ်အုပ်ချုပ်ရေးကို ကန့်ကွက်သော ဆန္ဒပြမှုများပင် ဖြစ်သည်။
နောက်ဆုံး ဒီဇင်ဘာ ၁၄ ရက်နေ့က ကျင်းပသော လွှတ်တော်၌ သမ္မတအား စွပ်စွဲပြစ်တင်မှုအဆိုကို ထောက်ခံမဲ ၂၀၄၊ ကန့်ကွက်မဲ ၈၅ ဖြင့် အတည်ပြုနိုင်ခဲ့သည်။ အာဏာရပါတီဘက်က ထောက်ခံမဲ ၁၂ မဲ ပေးခဲ့သည်ဟု သိရသည်။ အဆိုအောင်မြင်သဖြင့် စွပ်စွဲချက်ကို အခြေခံဥပဒေခုံရုံးသို့ ပေးပို့ကာ အဆုံးအဖြတ် ခံယူရမည်ဖြစ်သည်။ ခုံရုံးတင်ထားစဉ်အတွင်း ယွန်းဆောယောလ်ကို သမ္မတရာထူးမှ ခေတ္တဆိုင်းငံ့၍ ဝန်ကြီးချုပ် ဟန်ဒေါ့ဆူးက ယာယီသမ္မတအဖြစ် အစိုးရအဖွဲ့ကို ဦးဆောင်မည် ဖြစ်သည်။

စစ်တပ်ရပ်တည်မှု
သမ္မတယွန်းက စစ်အုပ်ချုပ်ရေး ကြေညာပြီး လွှတ်တော်ကိုသိမ်းရန် စစ်တပ်အား အမိန့်ပေးခဲ့သော်လည်း လွှတ်တော်သို့ ချက်ချင်း ရောက်မလာခဲ့ဟု ဆိုသည်။ မည်သည့် အကြောင်းကြောင့် နှောင့်နှေးနေရသည်ကို မသိရသေးသော်လည်း “စစ်အုပ်ချုပ်ရေးအစီအစဉ်”တွင် စစ်တပ်ခေါင်းဆောင်များ ကြိုတင် ကြံစည်ပါဝင်ခဲ့ပုံမရဟု လေ့လာသူများက ဆိုသည်။ အထူးတပ်ဖွဲ့တပ်မှူးက သူ့စစ်သားများကို ကျည်ဆံထုတ် မပေးထားပါဟု မီဒီယာများကို ပြောသည်။
ထူးခြားချက်တခုမှာ အမျိုးသားရွေးကောက်ပွဲကော်မရှင်ရုံးနှင့် ကွန်ပျူတာဆာဗာစင်တာတို့သို့ ထောက်လှမ်းရေး တပ်များကို စေလွှတ်ခဲ့ခြင်းဖြစ်သည်။ သမ္မတယွန်းအနေဖြင့် ဧပြီလ လွှတ်တော်ရွေးကောက်ပွဲ၌ ဒီမိုကရက် အမတ်အများစု အနိုင်ရခဲ့သည့်အပေါ် တစုံတရာ သံသယရှိနေခဲ့ပုံရသည်။ ကော်မရှင်က ထိုညက ဖြစ်စဉ်မှတ်တမ်း များကို ထုတ်ပြပြီး သမ္မတကို ရှုတ်ချခဲ့သည်။
ထိုညက လွှတ်တော်တွင်း ပုံရိပ်များသည် အမည်ဆိုး တင်ကျန်ခဲ့သော်လည်း စစ်တပ်သည်ပင် စစ်အုပ်ချုပ်ရေးကို လိုလားဟန် မပြခဲ့ပေ။ နှစ်ပေါင်းလေးဆယ်ခန့် ဒီမိုကရေစီကို စောင့်ရှောက်သော စစ်တပ်အဖြစ် တည်ရှိခဲ့သော ၎င်း၏ဂုဏ်သိက္ခာကို ဆက်လက်ထိန်းသိမ်းရန်သာ လိုလားပုံရသည်။ သို့သော် အချို့က စစ်တပ်သည် သမ္မတအမိန့်ကို ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့ခြင်းမရှိဟု ဆိုကြသည်။
ပြည်သူ့ဆန္ဒ
“စစ်အုပ်ချုပ်ရေးကြေညာခြင်း”သည် နိုင်ငံတော်ကို ဆန့်ကျင်ခြင်းဖြစ်သည်ဟု ပြည်သူများက တထစ်ချ မှတ်ယူကြ သည်။ ကြေညာချက်ကို နာရီပိုင်းအတွင်း ချေဖျက်နိုင်၍သာ ကံကောင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ယွန်း၏ အကြောင်းပြချက်ကို မည်သူကမျှ မယုံကြည်ကြပေ။ တချိန်က စစ်အုပ်ချုပ်ရေးကို ကြုံဆုံခဲ့ရသူ လူကြီးများအဖို့ အတိတ်က အရိပ်ဆိုးများကို အသစ်တဖန် မြင်ယောင်မိစေသည်။ စစ်အုပ်ချုပ်ရေးကို တကြိမ်မျှ မကြားဘူးသေးသော လူငယ်များကိုမူ အလန့်တကြား နိုးထစေခဲ့သည်။ ထို့ကြောင့်ပင် တက္ကသိုလ်၊ ကောလိပ်၊ ကျောင်းပေါင်းစုံမှ ကျောင်းသားများက ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။
ဤဖြစ်စဉ်သည် ကိုရီးယားနိုင်ငံသမိုင်းတွင် သမ္မတအား ရာထူးချမှု တတိယအကြိမ် ဖြစ်သည်။ ၂၀၀၄ ခုနှစ်တွင် ဒီမိုကရက်တစ်သမ္မတ နိုမူဟွန်းကို ကွန်ဆာဗေးတစ်အုပ်စုက လွှတ်တော်တွင် မဲခွဲကာ ရာထူးချခဲ့သည်။ အကြောင်းမှာ သမ္မတက နိုင်ငံ့စီးပွားရေးကို တိုးတက်အောင် မစီမံတတ်၍ဟု ဆိုသည်။
ထိုစဉ်က လွှတ်တော်ဆုံးဖြတ်ချက်ကို ပြည်သူလူထုက ကန့်ကွက်ခဲ့သည်။ “ငါတို့ မဲပေးထားတဲ့ သမ္မတကို မင်းတို့က ဘာလို့ ဖြုတ်ချရတာလဲ”ဟု မေးခွန်းထုတ်ခဲ့သည်။ အခြေခံဥပဒေခုံရုံးရှေ့တွင် သမ္မတကို ထောက်ခံကြောင်း နေ့စဉ် ထုတ်ဖော်ခဲ့ကြသည်။ ၆၃ ရက် အကြာတွင် ခုံရုံးက ပယ်ချလိုက်သဖြင့် နိုမူဟွန်း သမ္မတတာဝန် ဆက်လက်ထမ်း ဆောင် ခဲ့ ရသည်။
၂၀၁၆ တွင် သမ္မတဘတ်ဂွန်နဲကို အဂတိမှုဖြင့် တရားစွဲရန် လွှတ်တော်က မဲခွဲ အတည်ပြုခဲ့သည်။ ပြည်သူလူထုက အမှုမှန်အတိုင်း တရားစီရင်ရန် တောင်းဆိုခဲ့ကြသည်။ ရက် ၉၀ အကြာတွင် တရားရုံးက ပြစ်မှုထင်ရှားကြောင်း ထောင်ဒဏ်စီရင်ခဲ့သဖြင့် ဘတ်ဂွန်နဲ သမ္မတရာထူးမှ ရပ်စဲခဲ့ရသည်။
၂၀၂၄ တွင် သမ္မတယွန်းဆောယောလ်ကို နိုင်ငံတော်ပုန်ကန်မှုဖြင့် လွှတ်တော်က စွပ်စွဲလိုက်သည်။ ကွဲပြားသည်မှာ ယခုတကြိမ် လွှတ်တော်ဆုံးဖြတ်ချက်မှာ ပြည်သူလူထု၏ တောင်းဆိုချက်ကို ပေတိပေကတ် လိုက်လျောရခြင်း ဖြစ်သည်။ ပြည်သူလူထုကမူ ခုံရုံးရှေ့တွင် ဆက်လက်ဆန္ဒပြရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။
လွတ်တော်ဆုံးဖြတ်ချက်ထွက်ပြီးနောက် ယွန်းက မိန့်ခွန်းပြောရာတွင် “နောက်ဆုံးအချိန်အထိ ခုခံသွားမည်”ဟု ကျုံးဝါးခဲ့သည်။ ပြည်သူလူထုကလည်း နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်မည်ဟု ကြွေးကြော်ပြီး ဖြစ်သည်။
အခြေခံဥပဒေခုံရုံးတွင် တရားသူကြီး ၉ ဦး ရှိရမည်အနက် ၆ ဦးသာ ရှိသဖြင့် အဆုံးအဖြတ်များ မပြတ်မသား ဖြစ်နိုင်သည်ဟု ဆိုသည်။ သို့သော်လည်း ယွန်းအမှုကို ခုံရုံးက အတည်ပြုမည်ဟု ယုံကြည်ရသည်။ အကြောင်းမှာ ယွန်းပြောသော -မြောက်ကိုရီးယား လိုလားသူများ၏ အန္တရာယ်မှ ကာကွယ်ရန်ဆိုသည့် အကြောင်းပြချက်အတွက် မည်သည့် သက်သေအထောက်အထားမျှ မတွေ့ရှိရသေးသောကြောင့် ဖြစ်သည်။

ဒီမိုကရေစီ တံတိုင်း
လာမည့်လများတွင် ကိုရီးယားနိုင်ငံ၏ ကြားဖြတ် သမ္မတရွေးကောက်ပွဲ ပေါ်ပေါက်လာရန် နီးစပ်သည်။ မည်သူမည်ဝါ သမ္မတလောင်းဖြစ်မည် မခန့်မှန်းနိုင်သေးသော်လည်း အာဏာရပါတီမှာ လူကြိုက်အနည်းဆုံး ဖြစ်နေသည်။ ပါတီဥက္ကဋ္ဌ နှုတ်ထွက်သွားသလို ပါတီထိပ်ပိုင်းမှ အနည်းဆုံး ငါးဦးထက်မနည်း နှုတ်ထွက်သွားကြသည်။ ပါတီသစ်ထောင်မည့် အလားအလာများ တွေ့နေရသည်။ အတိုက်အခံ ဒီမိုကရက်တစ်ပါတီမှာ လွှတ်တော်တွင် အသာရထားသလို ယခုဖြစ်စဉ်များအတွင်း လူထု၏ ထောက်ခံမှုကိုလည်း တိုးမြှင့်ရရှိထားသည်။
ကိုရီးယားနိုင်ငံ၏ ဒီမိုကရေစီစနစ်မှာ ပြည်သူလူထုက သွေး၊ချွေးနှင့်ရင်းပြီး နှစ်ပေါင်းများစွာ တည်ဆောက်ထားရသော စနစ်ဖြစ်သည်။ ၁၉၆၁ မှ ၁၉၈၇ အထိ စစ်အာဏာသိမ်းမှု၊ စစ်အုပ်ချုပ်ရေး၊ စစ်တပ် လွှမ်းမိုးသောစနစ်များဖြင့် ဘတ်ဂျောင်ဟီး၊ ဂျောင်ဒူးဟွမ်၊ နိုဒယ်ဝူးစသော စစ်ဗိုလ်ချုပ်နှင့် ဗိုလ်ချုပ်ဟောင်းများက အုပ်ချုပ်ခဲ့ခြင်းဖြစ်သည်။ ၁၉၈၀ ဂွမ်ဂျူးတော်လှန်ရေးနှင့် ၁၉၈၇ ဒီမိုကရေစီ တော်လှန်ရေးများတွင် စစ်အုပ်ချုပ်ရေး ကြေညာပြီး စစ်တပ်က ပြည်သူကို အင်အားသုံး ဖြိုခွဲခဲ့သည့် မှတ်တမ်းများမှာ အသက်ဝင်နေဆဲဖြစ်သည်။
ပြည်သူလူထု ရွေးချယ်အုပ်ချုပ်သော ဒီမိုကရေစီစနစ်အတွင်း စစ်တပ်က ပါဝင်စွက်ဖက်အုပ်ချုပ်မှုကို ဒီမိုကရေစီ မြတ်နိုးသော ကိုရီးယားပြည်သူများက လုံးဝလက်မခံနိုင်ကြပေ။ ဤဖြစ်စဉ်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာသောအသံမှာ “ငါတို့ ဒီမိုကရေစီကို ဒီထက် ပိုမိုခိုင်မာအောင် ကာကွယ်ရမယ်”ဟူ၍ ဖြစ်သည်။ အခြေခံဥပဒေတွင်ပါသော စစ်အုပ်ချုပ်ရေးကြေညာခွင့် ပုဒ်မကို ပြန်လည် သုံးသပ်ရန် ပြင်ဆင်လာကြပြီ ဖြစ်သည်။ ထိုပုဒ်မမှာ မြောက်ကိုရီးယား၏ စစ်ရေးအန္တရာယ်ကို ကာကွယ်နိုင်ရန် ထည့်သွင်းထားခဲ့ခြင်းဖြစ်သည်။
ကိုရီးယားသည် ဒီမိုကရေစီကို ပြည်သူ့အားဖြင့် တည်ဆောက်ခဲ့သလို ပြည်သူ့အားဖြင့်ပင် ကာကွယ်ခဲ့သည်။ ဆက်လက်၍ ပြည်သူ့အားဖြင့်ပင် အဓွန့်ရှည်အောင် ကြိုးစားကြဦးမည် ဖြစ်သည်။ ယင်းသို့ ကြိုးစားကြရာတွင် နိုင်ငံရေး အာဏာလွန်ဆွဲမှုများကို ပြည်သူလူထုက စောင့်ကြည့် ထိန်းကျောင်းနိုင်ရန် ပြင်ဆင်လာမည်ဟု မျှော်လင့်ရသည်။ အဘယ်ကြောင့်ဆိုသော ဒီမိုကရေစီစနစ်တွင် အမှန်တကယ် အဆုံးအဖြတ်ပေးနိုင်သော ပါဝါမှာ ပြည်သူလူထုတွင်သာ ရှိသောကြောင့် ဖြစ်သည်။
ဝင်းပေါ်မောင်သည် NUG၏ ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးအဖွဲ့ဝင် တဦးဖြစ်သည်။
You may also like these stories:
အဆုံးထိ တိုက်ပွဲဝင်မည်ဟု တောင်ကိုရီးယား သမ္မတ ပြော
၆ နာရီကြာ စစ်အုပ်ချုပ်ရေး၊ သမ္မတ နုတ်ထွက်ရေးနဲ့ တောင်ကိုရီးယား နိုင်ငံရေးဒရာမာ
တောင်ကိုရီးယား ၆ နာရီကြာ စစ်အုပ်ချုပ်ရေးနှင့် နောက်ဆက်တွဲ ဂယက်














