ကမ္ဘာမကြေဘူး သီချင်းထဲက “အာဇာနည်တွေနေတဲ့တိုင်းပြည်” ဆိုတဲ့ စာသားဟာ ကျနော်တို့နိုင်ငံရဲ့ ခေတ်အဆက်ဆက်ကို ပြန်လေ့လာကြည့်ရင် အတော်မှန်တာ တွေ့ရပါတယ်။
ခေတ်တိုင်းမှာ မတရားမှု၊ ဖိနှိပ်မှုတွေကို ရဲရဲရင့်ရင့် တော်လှန်ဆန့်ကျင်တဲ့ အင်အားစုတခု အမြဲရှိပါတယ်။ နုနယ်ပျိုမြစ်ပြီး ရဲရင့်တဲ့ နှလုံးသားပိုင်ရှင်တွေဖြစ်တဲ့ လူငယ်တွေပါ။ ကျနော်ကတော့ သူတို့ကို ရဲရင့်တဲ့ နှလုံးသားပိုင်ရှင်တွေ (Brave hearts) လို့ ခေါ်ချင်ပါတယ်။
ဗိုလ်အောင်ကျော်၊ ဆလိုင်းတင်မောင်ဦး၊ မဝင်းမော်ဦး၊ ကိုဖုန်းမော်၊ ကြယ်စင်၊ မြသွဲ့သွဲ့ခိုင် … သူတို့ နာမည်တွေကို ရွတ်ရင် ဆုံးမှာ မဟုတ်ပါဘူး။
သူတို့က လွတ်လပ်မှုအတွက်၊ အမှန်တရားအတွက်၊ နိုင်ငံအတွက် သူတို့ အသက်ကို ပဓါနမထားပဲ ရဲရဲတင်းတင်း စွန့်လွှတ်ပေးဆပ်သွားတဲ့ သူတွေထဲက အများသိတဲ့သူတွေ ဖြစ်ပါတယ်။
ဒါပေမယ့် လမ်းမတွေပေါ် ငြိမ်းချမ်းစွာ ဆန္ဒပြရင်း၊ ရှေ့တန်းမှာ လက်နက်ကိုင် တော်လှန်ရင်း လူအများမသိဘဲ အသက်ပေးသွားတဲ့ လူငယ်တွေ၊ ကျောင်းသားတွေ ခေတ်တိုင်းမှာ မရေမတွက်နိုင်အောင် များပါတယ်။
တိုက်ရဲတာ လူငယ်တွေဖြစ်သလို၊ သေရဲတာလည်း လူငယ်တွေလို့ ပြောရင်မမှားပါဘူး။ ဒါက နိုင်ငံတိုင်း၊ လူမျိုးတိုင်းအတွက် လောကနိယာမတရား တခုဖြစ်ပါတယ်။
ဒါပေမယ့် အိမ်နီးနားခြင်း နိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ကျနော်တို့နိုင်ငံက လူငယ်တွေဟာ တော်လှန်ဆန့်ကျင်မှုတွေ ပိုလုပ်ကြရသလို၊ အသက်ပေးစွန့်လွှတ်ရတာတွေလည်း ပိုများပါတယ်။ အကြောင်းကတော့ ခေတ်အဆက်ဆက် နိုင်ငံရေးဖိနှိပ်မှုတွေ ပိုကြုံတွေ့ရတဲ့ သမိုင်းကြောင်း ကြောင့်ပါ။
ဒါကတော့ မြန်မာလူငယ်တွေရဲ့ DNA ဖြစ်ပါတယ်။ DNA ဆိုတာ အသွေးအသားထဲမှာ မျိုးနဲ့ရိုးနဲ့ ချီပြီး ရှိနေတဲ့ သဘောပါ။ ဆိုတော့ ဘယ်တုန်းက စခဲ့တာလဲ။ သမိုင်းခေတ်တွေထဲမှာ ကျနော်တို့ လူငယ်တွေရဲ့ DNA ကို ရှာဖွေကြည့်ရအောင်။

လွတ်လပ်ရေး တိုက်ပွဲခေတ်
ဗြိတိသျှ အုပ်ချုပ်ရေးကို ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြပြီး ပထမဆုံး အသက်ပေးသွားခဲ့တဲ့ လူငယ်ကတော့ ယုဒသန်ဂျက်ဆင် ကောလိပ်ကျောင်းသား ကိုအောင်ကျော်ပါ။ သူ့အသက်က ၂၂ နှစ်။ သူ အသတ်ခံခဲ့ရတဲ့အချိန်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀ နီးပါးမှာ ဖြစ်ခဲ့တဲ့ ၁၃၀၀ ရာပြည့် အရေးတော်ပုံမှာပါ။
၁၉၃၈ ဒီဇင်ဘာ ၂၀ ရက်နေ့၊ ရန်ကုန် အတွင်းဝန်ရုံးမှာ ဆန္ဒပြတဲ့ကျောင်းသားတွေကို ဗြိတိသျှ မြင်းစီးပုလိပ်တွေက အကြမ်းဖက်ဖြိုခွင်းခဲ့ပါတယ်။ ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ ကိုအောင်ကျော်ဟာ ဦးခေါင်းကို လက်ကိုင်တုတ်နဲ့ အထပ်ထပ်အရိုက်ခံရပြီး ကျဆုံးခဲ့ရပါတယ်။
သူနဲ့အတူ သေလုမျောပါး အရိုက်ခံရတဲ့ နောက်ကျောင်းသားတဦးကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှာ ခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးကြည်မောင်ပါ။ အဲဒီအချိန်မှာ သူ့အသက်က ၁၈ နှစ်။ ပုလိပ်တွေရဲ့ ဆိုးဆိုးရွားရွား အရိုက်ခံရပေမယ့် သူကိုင်ထားတဲ့ တပ်ဦးအလံကို မြေပေါ် ကျမသွားအောင် တောင့်ခံထားခဲ့တဲ့ သူပါ။ သူကတော့ ကိုအောင်ကျော်လောက် ကံမဆိုးခဲ့ပါဘူး။
ဗြိတိသျှ လက်အောက်တလျှောက်လုံး သူတို့လို ရဲရဲတောက် တိုက်ပွဲဝင်ခဲ့တဲ့လူငယ်တွေ အများကြီးပါ။ အသက် ၂၀ ဝန်းကျင် ကိုအောင်ဆန်း၊ ကိုဗဟိန်းတို့လို ကျောင်းသား ခေါင်းဆောင်တွေ ပေါ်ထွက်လာပြီး နောက်ဆုံး လွတ်လပ်ရေးရတဲ့အထိ တိုက်ယူခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီလွတ်လပ်ရေး တိုက်ပွဲတလျှောက်မှာ လူငယ်တွေအများကြီး အသက်တွေ ပေးဆပ်ခဲ့ကြရပါတယ်။

ပထမအာဏာရှင်ခေတ်
၁၉၆၂ ဗိုလ်နေဝင်း အာဏာသိမ်းမှုကို တရားဝင်စာထုတ် ဆန့်ကျင်ခဲ့တာကတော့ ကျောင်းသားသမဂ္ဂပါ။ တချို့ နိုင်ငံရေးအင်အားစုတွေနဲ့ ပါတီတွေဟာ အဲဒီလို မဆန့်ကျင်တဲ့အပြင် အာဏာသိမ်းမှုကို ထောက်ခံခဲ့ကြပါတယ်။
ဒါကြောင့် ကျောင်းသားသမဂ္ဂဟာ ဗိုလ်နေဝင်းစစ်အုပ်စုရဲ့ ပထမ ရန်သူဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။ အာဏာသိမ်းပြီး ၄ လအကြာ ဇူလိုင်လမှာဖြစ်ခဲ့တဲ့ ကျောင်းသားအရေးအခင်းမှာတော့ သူ့ရဲ့ စစ်တပ်က ကျောင်းသားသမဂ္ဂကို ဒိုင်းနမိုက်နဲ့ ဖောက်ခွဲခဲ့ပါတယ်။
စဉ်းစားကြည့်ပါ … တက္ကသိုလ်ပရဝဏ်အတွင်းက ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ဖြိုခွဲဖျက်ဆီးတဲ့အထိ လုပ်ဖို့လိုသလား။ သမဂ္ဂအဆောက်အဦးတခုကို ဒိုင်းနမိုက်နဲ့ ဖြိုခွဲတဲ့ လုပ်ရပ်ဟာ ကမ္ဘာမှာ မြန်မာမှာပဲ ရှိပုံရပါတယ်။ ဗိုလ်နေဝင်းစစ်အုပ်စုရဲ့ ကျောင်းသားထုအပေါ် ရက်စက်မှုပါ။
တဖက်ကကြည့်မယ်ဆိုရင်တော့ စစ်တပ်ကြီးပိုင်ထားတဲ့ အာဏာရှင်တယောက်ဟာ မဟုတ်ရင်မခံ၊ မတရားမှုကိုဆန့်ကျင်ရဲတဲ့ ကျောင်းသားထုအပေါ် ဘယ်လောက်ကြောက်လဲ ဆိုတာကိုပြတာပါ။
ပုဂ္ဂိုရေးအရပြောရရင် ဒီလုပ်ရပ်ဟာ ပညာမဲ့တဲ့ ဗိုလ်နေဝင်းက ပညာတတ်ကျောင်းသားတွေကို မကြိုက်တဲ့ အချက်ဖြစ်ပါတယ်။ နိုင်ငံရေးအရပြောရရင် ကျောင်းသားထုရဲ့ တရားမျှတမှု၊ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်လေ့ရှိတဲ့ စိတ်ဓာတ်၊ နောက်ပြီး သူတို့ရဲ့ အစဉ်အလာကြီးတဲ့ ဘုမိနက်သန်ဖြစ်တဲ့ သမဂ္ဂအဆောက်အအုံကို အစအနမကျန်အောင် ဖြိုဖျက်ခဲ့တာပါ။
၁၉၆၂ ခုနှစ် “7 July” ဟာ ဗိုလ်နေဝင်းရဲ့ စစ်အုပ်စုက ကျောင်းသားထု အပေါ် စတင်ခဲ့တဲ့ စစ်ပွဲဖြစ်ပါတယ်။
အဲဒီနောက်ပိုင်းမှာဖြစ်တဲ့ ၁၉၇၄ ဦးသန့်အရေးအခင်းမှာ ကျောင်းသားတွေပဲ ဦးဆောင်ပါဝင်ခဲ့ကြပါတယ်။ ဒီဇင်ဘာ ၁၁ ရက်နေ့ နှိမ်နင်းမှုမှာ ကျောင်းသားတွေ ရာနဲ့ချီပြီး အဖမ်းခံခဲ့ရပါတယ်။ ကျောင်းသား ၁၈ ဦးလောက် အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုကြပါတယ်။

ဦးသန့်အရေးအခင်းမှာပါဝင် ဦးဆောင်ခဲ့တဲ့ ကျောင်းသားတဦးဖြစ်တဲ့ ချင်းတိုင်းရင်းသား ဆလိုင်းတင်မောင်ဦးကတော့ နောက်ဆုံး ကြိုးပေး ကွပ်မျက်ခံခဲ့ရပါတယ်။ ရန်ကုန်တက္ကသိုလ်မှာ သတ္တဗေဒလေ့လာနေတဲ့ ဆလိုင်းတင်မောင်ဦးဟာ အရေးအခင်းနောက်ပိုင်း ထိုင်း-မြန်မာ နယ်စပ်ကို သွားရောက်ခဲ့ပြီး စစ်အစိုးရဆန်ကျင်ရေးတွေ ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။
ရန်ကုန်ပြန်ရောက်လာပြီး စစ်အစိုးရကို ဆန့်ကျင်တဲ့ မှိုင်းရာပြည့် အရေးတော်ပုံမှာလည်း ပါဝင်ဆင်နွှဲခဲ့ပါတယ်။ ၁၉၇၆ မှာ စစ်ထောက်လှမ်းရေးတွေရဲ့ ဖမ်းဆီးမှုခံခဲ့ရပြီး ၃ လအကြာမှာ ဗိုလ်နေဝင်းအစိုးရက အင်းစိန်ထောင်ထဲမှာ သူ့ကို ကြိုးပေးကွပ်မျက်ခဲ့ပါတယ်။
ကြိုးပေးခံရတဲ့ အချိန်မှာ သူ့အသက်ဟာ ၂၅ နှစ်ရှိပြီး ကျနော်တို့နိုင်ငံမှာ ပထမဆုံးကြိုးပေး အသတ်ခံရတဲ့ ကျောင်းသားလို့ မှတ်တမ်းတင်လို့ ရပါတယ်။ သူ့ကို မကွပ်မျက်မီ အာဏာပိုင်တွေကို ဆလိုင်းတင်မောင်ဦး က “မင်းတို့ စစ်ဖိနပ်အောက်မှာ ဘယ်တော့မှ ဒူးမထောက်ဘူး” လို့ နောက်ဆုံးပြောခဲ့တယ်လို့ သိရပါတယ်။

လူငယ်တွေရဲ့ DNA ဆိုတာ
နောက်မျိုးဆက်တွေ အကြောင်း ဆက်မပြောခင် ခေတ်တိုင်း နိုင်ငံတိုင်းမှာ လူငယ်တွေက ဘာကြောင့် ဦးဆောင် တိုက်ပွဲဝင်တာလဲ ဆိုတာ စမ်းစစ်ကြည့်ရအောင်ပါ။ လူငယ်တွေရဲ့ စိတ်နေစိတ်ထားကို လေ့လာကြည့်မယ်ဆိုရင် ငယ်ရွယ်တဲ့အတွက်…
-ဆုံးရှုံး တွယ်တာမှု နည်းပါးခြင်း။
-မတရားမှုတွေကို မခံနိုင်ခြင်း။
-အမှန်တရားကို ချစ်မြတ်နိုးခြင်း။
-ပြောင်းလဲလိုတဲ့ စိတ်ဓာတ်။
-စွန့်စားရဲတဲ့သတ္တိ။
ဒီအချက်တွေက ကိုယ်ကျိုးစွန့်ပြီး တိုက်ပွဲဝင်လေ့ရှိတဲ့ လူငယ်တွေရဲ့ ဝိသေသလက္ခဏာ တွေ လို့ပြောရင် မမှားပါဘူး။
ဒါကြောင့် ကမ္ဘာမှာကြည့်မယ်ဆိုလည်း ဖိနှိပ်တဲ့ အစိုးရတွေကို ဆန့်ကျင်တော်လှန်နေတဲ့နေရမှာ လူငယ်တွေပါပဲ။ ၁၉၈၉ တရုတ် Tiananmen Square မှာဖြစ်ခဲ့တဲ့ ဒီမိုကရေစီတောင်းဆိုမှုမှာ ဆိုရင် လူငယ်ကျောင်းသားတွေပဲဦးဆောင်ခဲ့ကြတယ်။ တင့်ကားရှေ့မှာ ပိတ်ရပ်ပြီး ဆန္ဒပြတဲ့သူ တောင်ရှိခဲ့ပါတယ်။
အာရပ် နွေဦးတော်လှန်ရေး ဖြစ်ပေါ်လာဖို့စတင်ခဲ့တဲ့ တူးနီးရှား ကအသက် ၂၆ နှစ်အရွယ် လူငယ်ဈေးသည်ရဲ့ သူ့ကိုယ်သူ မီးရှိုဆန္ဒပြခဲ့မှု။
ဟောင်ကောင်မှာဆို ကျောင်းသားခေါင်းဆောင် ဂျော်ရွှေဝေါင် (Joshua Wong)။ သူဟာ ၂၀၁၄ ကစပြီး Umbrella Movement ဆိုတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုမှာပါခဲ့တာဖြစ်ပြီး အခုဆိုတရုတ်အစိုးရရဲ့ ဖမ်းဆီး အရေးယူမှုကို ခံနေရသူပါ။
ဖိလစ်ပိုင်၊ အင်ဒိနီးရှား၊ ထိုင်း စတဲ့ မြန်မာ့ အိမ်နီးချင်းနိုင်ငံတွေမှာ အာဏာရှင်စနစ်၊ စစ်အာဏာသိမ်းမှုနဲ့ မတရားမှုတွေကို စတင်ဆန့်ကျင် လေ့ရှိတာလည်း ကျောင်းသားလူငယ်တွေပဲ ဖြစ်ပါတယ်။

တတိယမျိုးဆက် လူငယ်တိုက်ပွဲ
ကမ္ဘာမှာလိုပဲ ကျနော်တို့ မြန်မာ လူငယ်ကျောင်းသားတွေက မတရားမှုတွေရှိတိုင်း၊ ခေတ် စနစ်ကိုပြောင်းဖို့လိုတိုင်း ရှေ့ဆုံးက ဦးဆောင်လေ့ရှိပါတယ်။
၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံ ဖြစ်စေမယ့် လုံထိန်းတပ်နဲ့ ကျောင်းသားတွေရဲ့ အဓိကရုန်းမှာ ပထမဆုံးအသတ်ခံခဲ့ရတာကတော့ အသက်က ၂၃ နှစ်အရွယ် စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော်ပါ။ ဒဏ်ရာရပြီး နောက်ပိုင်း ဆုံးပါးခဲ့ရတဲ့ ကိုစိုးနိုင်ကလည်း စက်မှုတက္ကသိုလ် ကျောင်းသားတဦး ဖြစ်ပါတယ်။
ကျောင်းသားတွေစတင်ခဲ့တဲ့ ရှစ်လေးလုံး အရေးတော်ပုံမှာ စစ်တပ်က ဆန္ဒပြသူပေါင်း သုံးထောင် ကျော်လောက်ကို ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ ကျောင်းသားလူငယ်တွေ အများကြီးပါခဲ့ပါတယ်။
သူတို့ထဲကတယောက်ကတော့ အသက် ၁၆ နှစ်အရွယ် ကျောင်းသူ မဝင်းမော်ဦးပါ။ အာဏာသိမ်းပြီးနောက်တရက်ဖြစ်တဲ့ ၁၉၈၈ စက်တင်ဘာ ၁၉ ရက်နေ့မှာ မဝင်းမော်ဦးဟာ ဗိုလ်ချုပ်အောင်ဆန်းပုံကို ပိုက်ပြီး ရှေ့ဆုံးကနေ ချီတက်လာတဲ့အချိန်မှာ စစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်တာကို ခံခဲ့ရတာဖြစ်ပါတယ်။ သူမဆုံးခင်မှာ မဝင်းမော်ဦးက သူ့အဖေကို ဒီမိုကရေစီမရမခြင်း သူ့အတွက် အမျှမဝေဖို့ မှာခဲ့ပါတယ်။
သူတို့ရဲ့ တိုက်ရဲတဲ့သတ္တိ၊ စွန့်ရဲတဲ့စိတ်ဓာတ်နဲ့ အသက်တွေပေးပြီး ဗိုလ်နေဝင်းရဲ့ တပါတီ အာဏာရှင်စနစ်ကို ဖြုတ်ချခဲ့ကြတာ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးရဲ့ Brave Hearts များ
“နောက်ဆုံးတိုက်ပွဲလို့” သံဓိဌာန်ချထားတဲ့ လက်ရှိနွေဦးတော်လှန်ရေးမှာ ပြီးခဲ့တဲ့ ခေတ်အဆက်ဆက်က ဗိုလ်အောင်ကျော်၊ ဆလိုင်းတင်မောင်ဦး၊ မဝင်းမော်ဦး တို့ရဲ့ စိတ်ဓာတ်၊ သတ္တိတွေထက် မလျှော့တဲ့ စွန့်လွှတ်အနစ်နာခံခဲ့တဲ့ ကျောင်းသားလူငယ်တွေ ပိုထွက်ပေါ်လာတာ အားလုံးအမြင်ပဲဖြစ်ပါတယ်။
ဆေးကျောင်းသား ခန့်ညားဟိန်း၊ ကြယ်စင်၊ မြသွဲ့သွဲ့ခိုင် တို့လို ကျောင်းသား ကျောင်းသူတွေအပြင် ဒေါက်တာ သီဟတင်ထွန်းတို့လို နယ်ပယ်စုံက ပညာရှင်လူငယ်တွေလည်း အသက်စွန့်ခဲ့ရတာ မနည်းပါဘူး။
ဖိနှိပ်ရက်စက်တဲ့ စစ်တပ်ကို ဆန္ဒပြရင် သူတို့ရဲ့ အသက်တွေ စတေးရနိုင်တယ်ဆိုတာသိလျက်နဲ့ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသူတွေပါ။
ဥပမာ ကြယ်စင်ဆိုရင် အဲဒီမနက် ဆန္ဒထွက်မပြခင် သူ့ရဲ့ သွေးအမျိုးအစားနဲ့ သူသေသွားရင် သူ့ရဲ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လှူဒါန်းဖို့ စာရေးမှာခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ငြိမ်းချမ်းစွာဆန္ဒပြလို့ မရတဲ့အတွက် လက်နက်ကိုင်တိုက်ပြီး ပေးဆပ်ခဲ့ကြတဲ့လူငယ်တွေလည်း မနည်းပါဘူး။ အဓိက လက်နက်ကိုင် ဆန့်ကျင်တော်လှန်ကြတဲ့ တိုင်းရင်းသားဒေသတွေနဲ့ အညာဒေသက မြို့ရွာတွေမှာ ကျဆုံးခဲ့တာ အများအပြားပါ။
ပြီးခဲ့တဲ့ လေးနှစ်ကျော်ကာလမှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ရဲဘော် ၅၀၀၀ ကျော်လောက် ကျဆုံးခဲ့တယ်လို့ တချို့စာရင်းတွေကဖော်ပြကြပါတယ်။ သေချာတာက သူတို့အများစုဟာ လူငယ်တွေပါ။
တိုင်းပြည် စစ်ဖိနပ်အောက်က လွတ်မြောက်ဖို့ သူတို့ရဲ့ အနာဂတ်၊ သူတို့ရဲ့ ကိုယ်လက်အင်္ဂါတွေ သာမက အသက်တွေပါ ပေးဆပ်ခဲ့တာကြောင့် သူတို့ဟာ နွေဦးတော်လှန်ရေးရဲ့ Brave Hearts တွေ၊ ရဲရင့်တဲ့ နှလုံးသားပိုင်ရှင်တွေပါ။ အာဇာနည်တွေ ဆိုရင်လည်းမမှားပါဘူး။
သူတို့ရဲ့ ရဲရင့်တဲ့ စိတ်ဓာတ်တွေက ကျနော်တို့ တိုင်းပြည်ရဲ့ နိုင်ငံရေးသမိုင်း၊ နိုင်ငံရေးယဉ်ကျေးမှု ကနေ အခြေခံပြီး ထွက်ပေါ်လာတာပါ။ နိုင်ငံရေး ဗီဇစိတ်၊ ဗီဇသွေး လို့ပြောရမှာပါ။ ဒါဟာ မြန်မာလူငယ်တွေရဲ့ နိုင်ငံရေး DNA ပဲဖြစ်ပါတယ်။

ကြီးကြီးငယ်ငယ် မဖောက်ပြန်သူများ
လူငယ်တွေက တိုင်းပြည်ကောင်းဖို့ အသက်ကို စတေးနေကြချိန်မှာ စစ်ကောင်စီနဲ့ ပူးပေါင်းသွားတဲ့ နိုင်ငံရေးသမားတွေ၊ အမှန်တရားနဲ့ ပြည်သူကိုကျောခိုင်းသွားတဲ့ ဖောက်ပြန်ရေးသမားတွေ ကိုလည်းတွေ့နေရပါတယ်။ တချို့ဆို ၈၈ ဒီမိုကရေစီတိုက်ပွဲမှာ ပါခဲ့တဲ့သူတွေဖြစ်ပါတယ်။ သူတို့ကို ပြည်သူတွေက “Gen L–“ တွေလို့ မြင်ကြပါတယ်။
ဒါပေမယ့် အသက်မငယ်တော့ပေမယ့် မဖောက်မပြန် မပြောင်းလဲဘဲ တိုက်ပွဲဝင်ခဲ့သူတွေ ရှိနေပါတယ်။
ဥပမာ ၈၈ တုန်းက လူငယ်အနေနဲ့ ပါခဲ့တဲ့ ကိုမဲကြီးလို့ လူသိများတဲ့ ကိုစိုးမိုးလှိုင်ပါ။ သူက ၈၈ ဒီမိုကရေစီတိုက်ပွဲမှာ ဓာတုဗေဒကျောင်းသားအနေနဲ့ ပါဝင်ခဲ့ပြီး၊ တောထဲမှာလည်း AFSDF တပ်ဖွဲ့ဝင်အနေနဲ့ ဖြတ်သန်းခဲ့သူဖြစ်ပါတယ်။ နောက်ပိုင်း ကျနော်တို့နဲ့အတူ နိုင်ငံရေးအကျဉ်းသားအနေနဲ့ ထောင်ထဲမှာဖြတ်သန်းတော့လည်း ကြံကြံခံ ဖြတ်သန်းခဲ့သူပါ။
သူ ထောင်ထဲမှာ ၁၃ နှစ်နေခဲ့ရပါတယ်။ ၂၀၂၁ နွေဦးတော်လှန်ရေးမှာလည်း အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အတွက် ၂၀၂၁ မေလမှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးပြီး ရိုက်နှက်နှိပ်စက်တဲ့အတွက် အဖမ်းခံရပြီး ၂ ရက်အတွင်းမှာသေဆုံးခဲ့ပါတယ်။
အဲဒီအချိန်မှာ သူ့ရဲ့ အကိုဟာ စစ်ကောင်စီ ပြည်ထဲရေး ဒုဝန်ကြီး ရဲချုပ်သန်းလှိုင် ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုစိုးမိုးလှိုင်ဟာ သူ့ယုံကြည်မှုနဲ့ ရပ်တည်ချက်ကို ဘာနဲ့မှမလဲဘဲ အသက်ကို စတေးခဲ့တဲ့ သူပါ။ လူငယ်ကျောင်းသားဘဝကနေ သူအသတ်ခံရတဲ့ ၅၃ နှစ်အထိ ရပ်တည်ချက်မှန်ခဲ့တဲ့သူပါ။

နောက်ထပ် အသက်ပေးခဲ့ရတဲ့ ၈၈ မျိုးဆက်ရဲ့ ခေါင်းဆောင်တဦးကတော့ ကိုဂျင်မီ လို့ လူသိများတဲ့ ကိုကျော်မင်းယုပါ။ အားလုံးသိတဲ့အတိုင်း သူကတော့ စစ်ကောင်စီကို ဆန့်ကျင်တဲ့အတွက် ၂၀၂၂ ခုနစ် ဇူလိုင်မှာ ကြိုးပေးကွပ်မျက်ခံခဲ့ရတဲ့သူ တယောက်ပါ။ ကွပ်မျက်ခံရတဲ့ အချိန်မှာ သူ့အသက်လည်း ၅၃ နှစ်ဖြစ်ပါတယ်။
သူနဲ့အတူ ကြိုးပေးခံရတဲ့သူတွေကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော် ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တွန်းလှန်ခဲ့တဲ့ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ဖြစ်ပါတယ်။
သူတို့ထက် အများကြီး အသက်ကြီးပြီး မပျက်စီးတဲ့ သူတွေလည်း အများကြီး ကျနော်တို့နိုင်ငံမှာ ရှိပါတယ်။ ပြီးခဲ့တဲ့ကာလတလျှောက်လုံးသာမက ယနေ့အချိန်ထိပါ ထောင်ထဲမှာ အသက် ၇၀၊ ၈၀ အရွယ်ဖြစ်ပေမယ့် သူတို့ရဲ့ ရပ်တည်ချက်တွေကို မပြောင်းလဲ မဖောက်ပြန်ဘဲ ဆက်လက် ရပ်တည်သွားတဲ့သူတွေ မနည်းပါဘူး။ သူတို့ထဲမှာ ပြည်သူတွေရွေးချယ် တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ အသက် ၈၀ အရွယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အသက် ၇၄ ရှိပြီဖြစ်တဲ့ ဦးဝင်းမြင်တို့လည်း ပါပါတယ်။
လူငယ်တွေရဲ့ သမိုင်းတလျှောက် ပေးဆပ်မှုတွေကို ပြန်ကြည့်ရရင် ဗိုလ်အောင်ကျော်ကနေ ယနေ့ခေတ် ဂျန်ဇီ (Gen Z) တွေအထိ ခေတ်အဆက်ဆက် အမှန်တရားအတွက်၊ လွတ်လပ်မှုအတွက် နည်းပေါင်းစုံနဲ့ တိုက်ပွဲဝင်ခဲ့တဲ့သူတွေ အားလုံးဟာ မြန်မာ့ အာဇာနည်တွေပါ။

ဗိုလ်အောင်ကျော်ဟာ လွတ်လပ်ရေးရသွားတာကို မမြင်ခဲ့ရသလို၊ အသက် ၃၂ နှစ်မှာ လုပ်ကြံခံလိုက်ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းလည်း သူဦးဆောင်တိုက်ယူခဲ့တဲ့ လွတ်လပ်ရေးကို မခံစားခဲ့ရပါဘူး။
ကျနော်တို့နိုင်ငံမှာ ခေတ်အဆက်ဆက် အာဏာရှင်တွေကို တွန်းလှန်ပြီး အသက်စွန့်ခဲ့တဲ့ အာဇာနည်တွေ မရေတွက်နိုင်အောင် များလှပါတယ်။
တနည်းအားဖြင့် မြန်မာနိုင်ငံဟာ ကြီးကျယ်မြင့်မြတ်တဲ့ သေဆုံးခြင်းများစွာနဲ့ နိုင်ငံတော်လို့ ဆိုရမှာပါ။ ဒါကြောင့်လည်း “အာဇာနည်တွေ နေတဲ့တိုင်းပြည်” လို့တောင် တင်စားရတာ ဖြစ်ပါတယ်။
(အင်္ဂလိပ်ဘာသာနဲ့ ဒီဆောင်းပါး ကို ဖတ်နိုင်သလို ဧရာဝတီရဲ့ Opinion Talk မှာလည်း ကြည့်ရှုနိုင်ပါတယ်။)
You may also like these stories:
နိုင်ငံရေးလုပ်ကြံမှုတွေနဲ့ မြန်မာ့ကံကြမ္မာ
ဒီမိုကရေစီတိုက်ပွဲ ဘာကြောင့် ၃၇ နှစ် ကြာတာလဲ
စစ်ဗိုလ်ချုပ်တွေ မချေမှုန်းနိုင်တဲ့ သူ
မြန်မာ့ နှစ် ၆၀ ကျိန်စာစက်ဝန်းကို ချိုးဖျက်ခြင်း
ဘယ်သူတွေက အာဇာနည်ဖြစ်သင့်လဲ (ရုပ်/သံ)













