ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီရေးတိုက်ပွဲ၊ တနည်းအားဖြင့် စစ်ခေါင်းဆောင်တွေကြောင့် ဆုံးရှုံးခဲ့ရတဲ့ ဒီမိုကရေစီကို ပြန်ရဖို့ လှုပ်ရှားမှုဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကနေ တွက်ကြည့်မယ်ဆိုရင် နှစ်ပေါင်း ၃၇ နှစ် ရှိသွားပါပြီ။ ဘာလို့ ဒီလောက်တောင် ကြာနေတာလဲ။
ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီရဖို့ လှုပ်ရှားခဲ့တဲ့ပုံစံတွေကို ပြန်လေ့လာကြည့်ပြီး အောင်မြင်ဖို့ ဘာကြောင့် ဒီလောက် ကြန့်ကြာနေတာလည်းဆိုတာ အဖြေရှာကြည့်ရအောင်ပါ။
တကယ်တော့ ကမ္ဘာ့နိုင်ငံတွေမှာလည်း ဒီမိုကရေစီရဖို့ ကြိုးစားတိုက်ပွဲဝင်ကြတဲ့အခါ ဘယ်တော့မှ မလွယ်သလို၊ ဒီမိုကရေစီအတွက် formula ပုံသေနည်းဆိုပြီး သတ်သတ်မှတ်မှတ် သေသေချာချာလည်း မရှိပါဘူး။
တကယ်တော့ ကမ္ဘာ့နိုင်ငံတွေမှာလည်း ဒီမိုကရေစီရဖို့ ကြိုးစားတိုက်ပွဲဝင်ကြတဲ့အခါ ဘယ်တော့မှ မလွယ်သလို၊ ဒီမိုကရေစီအတွက် formula ပုံသေနည်းဆိုပြီး သတ်သတ်မှတ်မှတ် သေသေချာချာလည်း မရှိပါဘူး။
နိုင်ငံအများစုက နည်းနာတခုထက်မက သုံးကြပြီး ဒီမိုကရေစီကို တည်ဆောက်ဖို့ ကြိုးစားကြပါတယ်။
အောင်မြင်တာတွေ၊ ကျရှုံးတာတွေ ရှိသလို၊ ရှေ့မတိုး နောက်မဆုတ် တန့်နေတာတွေ လည်းတွေ့ရပါတယ်။ ကျနော်တို့ နိုင်ငံဆိုရင်တော့ နောက်ကြောင်းပြန်လှည့်ခဲ့တာပါ။ ဆိုတော့ ဒီမိုကရေစီအရေး တိုက်ပွဲဝင်တဲ့ နည်းနာတွေကို ကြည့်ကြည့်ရအောင်။
အကြမ်းမဖက် လူထုအုံကြွမှုနည်း
ကျနော်တို့နိုင်ငံမှာ ဒီမိုကရေစီအတွက် အရှိန်အဟုန် အပြင်းဆုံးနဲ့ စတင် တိုက်ပွဲဝင်ခဲ့တာကတော့ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံ ဖြစ်ပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံဟာ People Power လို့ခေါ်ရမယ့် လူထုအုံကြွမှု နည်းလမ်းပါ။ ဒီမိုကရေစီရေး တိုက်ပွဲတွေမှာ ခေတ်တိုင်း၊ နိုင်ငံတိုင်း ဒီပုံစံနဲ့ စလေ့ရှိပါတယ်။
လူထုအုံကြွမှုပုံစံဟာ အာဏာရှင် အစိုးရတွေကို ပြောင်းလဲပစ်နိုင်သလို၊ ပြုတ်လည်း ပြုတ်ကျစေနိုင်တာ အမှန်ပါ။
ကျောင်းသားတွေက စတင်ပြီး ပြည်သူတရပ်လုံးပါဝင်ခဲ့တဲ့ ဒီ ၈၈ အရေးတော်ပုံကြီးဟာ တပါတီအာဏာရှင်အစိုးရ ယန္တရားတခုလုံးကို ရပ်တန့်ပစ်ခဲ့ပါတယ်။
၈ လေးလုံးနေ့ဖြစ်တဲ့ ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၈ ရက်ကနေ စစ်တပ်က ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို သတ်ဖြတ်ပြီး အာဏာသိမ်းခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့အထိ သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ တရက်မှ မနားဘဲ ဒီမိုကရေစီကို တောင်းဆိုခဲ့ကြတယ်။
ဒီအုံကြွမှုက တပါတီအာဏာရှင်စနစ်ကို ဖြိုချနိုင်ခဲ့ပါတယ်။ စစ်ခေါင်းဆောင် ဗိုလ်နေဝင်းနဲ့ အစိုးရတဖွဲ့လုံး ဆင်းပေးခဲ့ရပြီး သူ့ရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။ ဒါပေမယ့် စနစ်ကြီးတခုလုံးကိုတော့ မြေလှန်မပစ်နိုင်ခဲ့ပါဘူး။
ဒီအုံကြွမှုက တပါတီအာဏာရှင်စနစ်ကို ဖြိုချနိုင်ခဲ့ပါတယ်။ စစ်ခေါင်းဆောင် ဗိုလ်နေဝင်းနဲ့ အစိုးရတဖွဲ့လုံး ဆင်းပေးခဲ့ရပြီး သူ့ရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။ ဒါပေမယ့် စနစ်ကြီးတခုလုံးကိုတော့ မြေလှန်မပစ်နိုင်ခဲ့ပါဘူး။
ဗိုလ်နေဝင်းက သူ့ရဲ့ သစ္စာခံလက်ရုံးတွေဖြစ်တဲ့ စစ်ဗိုလ်ဟောင်း ဦးစိန်လွင်နဲ့ ဒေါက်တာ မောင်မောင်တို့ကို သမ္မတတွေအနေနဲ့ လက်လွှဲပေးပြီး အနုနည်းနဲ့ စည်းရုံးဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းကို ဖော်ဆောင်ပေးဖို့ မဟုတ်ဘူးဆိုတာသိတဲ့ ပြည်သူတွေက သမ္မတနှစ်ယောက်လုံး ပြုတ်တဲ့အထိ ဆက်ဆန္ဒပြခဲ့ကြပါတယ်။
အနုနည်းမရတော့ အကြမ်းနည်းကိုပဲသုံးပြီး အာဏာရှင်ဦးနေဝင်းက သူ့စစ်တပ်ကိုပဲ အာဏာပြန်သိမ်းခိုင်းခဲ့ပါတယ်။
ဒါက ဒီမိုကရေစီအတွက် ပထမ လူထုအုံကြွမှုပါ။ အလားတူကြီးမားတဲ့ ဒုတိယအကြိမ် လူထုအုံကြွမှုကြီးကတော့ ၂၀၂၁ နွေဦးတော်လှန်ရေးပါပဲ။
အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ဒီမိုကရေစီပြန်ရဖို့ တိုက်ခဲ့တဲ့ ဒီနွေဦးတော်လှန်ရေးလည်း စစ်တပ်ရဲ့ ရက်ရက်စက်စက် ဖြိုခွင်းနှိမ်နင်းမှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အခု လေးနှစ်ကျော် ကြာတဲ့အထိလည်း စစ်တပ်က ဒီမိုကရေစီရေး အင်အားစုတွေသာမက ပြည်သူတွေကိုပါမကျန် ပစ်မှတ်ထားပြီး တိုက်ခိုက်နေတုန်းပါပဲ။
ကောက်ချက်ချကြည့်ရရင် လူထုအုံကြွမှုနည်းလမ်းတွေက လက်ရှိအချိန်အထိ ကျနော်တို့နိုင်ငံမှာ ဒီမိုကရေစီကို ဆောင်ကျဉ်း မပေးနိုင်သေးပါဘူး။ အဓိကအကြောင်းကတော့ စစ်ဗိုလ်ချုပ်တွေဟာ ပြည်သူတွေရဲ့ ဒီမိုကရေစီလိုလားတဲ့ဆန္ဒကို အလေးမထားဘဲ ရက်ရက်စက်စက် ဖိနှိပ်တဲ့အတွက်ပါပဲ။
ဒါပေမယ့် ကမ္ဘာမှာ ဒီလိုလူထုအုံကြွမှုတွေနဲ့ ဒီမိုကရေစီ တံခါးကို ဖွင့်နိုင်ခဲ့တဲ့ နိုင်ငံတွေ မနည်းပါဘူး။
၈၈ အရေးတော်ပုံထက် တနှစ်နောက်ကျပြီး ၁၉၈၉ ခုနှစ်မှာ ဥရောပအလယ်ပိုင်းက Czechoslovakia ချက်ကိုဆလိုဗားကီးယားနိုင်ငံ (အခုတော့ ချက် သမ္မတနိုင်ငံ) မှာ “Velvet Revolution” ကတ္တီပါတော်လှန်ရေးလို့ အမည်တွင်ခဲ့တဲ့ ဒီမိုကရေစီရေး ဆန္ဒပြပွဲဟာ သတင်းတပတ်လောက်ပဲ ကြာခဲ့ပါတယ်။
အဲဒီ လူထုအုံကြွမှုက နှစ်ပေါင်း ၄၀ ကြာအုပ်ချုပ်ခဲ့တဲ့ အာဏာရှင်ကွန်မြူနစ် စနစ်ကို ဖြုတ်ချနိုင်ခဲ့ပါတယ်။ အဓိကတော့ အုပ်ချုပ်သူက အာဏာရှင်ဆိုပေမယ့် ပြည်သူရဲ့ တောင်းဆိုမှုကိုလက်ခံပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ညှိနှိုင်း အာဏာလွှဲပေးဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက်ပါ။
အဲဒီအချိန်ကနေ အခုထိ ချက် နိုင်ငံဟာ နောက်ပြန်မလှည့်ဘဲ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတာ တွေ့ရပါတယ်။
နောက်ထပ် မြန်မာနဲ့ ပိုနီးစပ်တဲ့ နိုင်ငံကတော့ ဖိလစ်ပိုင်ဖြစ်ပါတယ်။ ၁၉၈၆ မှာ People Power Revolution လို့ခေါ်တဲ့ ပြည်သူ့အုံကြွမှုကြောင့် နှစ်ပေါင်း ၂၀ ကြာ အုပ်ချုပ်ခဲ့တဲ့ အာဏာရှင် မားကို့စ် ဆင်းပေးပြီး နိုင်ငံကတောင် ထွက်ပြေးခဲ့ရပါတယ်။
အဲဒီအချိန်တည်းက ဖိလစ်ပိုင် နိုင်ငံဟာလည်း အရမ်းမခိုင်မာပေမယ့် ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ ဆက်လျှောက်လှမ်းနေဆဲပါ။
မြန်မာနိုင်ငံနဲ့ အဲဒီနိုင်ငံတွေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အာဏာရှင်ချင်း တူတာတောင် ကျနော်တို့နိုင်ငံက စစ်ဗိုလ်ချုပ်တွေက လူထုရဲ့ဆန္ဒကို တန်ဖိုးလုံးဝမထားဘဲ၊ ပိုမိုက်ရူးရဲကျ ခေါင်းမာပြီး အာဏာကို ပိုရူးသွပ်တာကို တွေ့ရပါတယ်။
မြန်မာနိုင်ငံနဲ့ အဲဒီနိုင်ငံတွေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အာဏာရှင်ချင်း တူတာတောင် ကျနော်တို့နိုင်ငံက စစ်ဗိုလ်ချုပ်တွေက လူထုရဲ့ဆန္ဒကို တန်ဖိုးလုံးဝမထားဘဲ၊ ပိုမိုက်ရူးရဲကျ ခေါင်းမာပြီး အာဏာကို ပိုရူးသွပ်တာကို တွေ့ရပါတယ်။
လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲနည်းလမ်း
၈၈ ပြည်သူ့အရေးတော်ပုံရဲ့ ရလဒ်ကတော့ စစ်ခေါင်းဆောင်တွေက ပါတီစုံရွေးကောက်ပွဲကို မဖြစ်မနေ လုပ်ပေးခဲ့ရတာပါ။ ၁၉၉၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) လို ဒီမိုကရေစီကို တည်ထောင်ချင်တဲ့ ပါတီတွေ အနိုင်ရခဲ့ပါတယ်။
ဒါပေမယ့် မြန်မာစစ်ခေါင်းဆောင်တွေကတော့ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဘဲ ဖျက်သိမ်းပစ်ခဲ့ပါတယ်။
အဲဒီရွေးကောက်ပွဲ တခုတည်းမဟုတ်ပါဘူး။ နောက် အနှစ် ၃၀ အကြာမှာ ကျင်းပတဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကိုလည်း စစ်ဗိုလ်ချုပ်တွေက နောက်တခါထပ်ပြီး ဖျက်သိမ်းခဲ့ပါတယ်။
ဒီဖြစ်ရပ်နှစ်ခုကို သုံးသပ်ကြည့်မယ်ဆိုရင် ဒီမိုကရေစီရဲ့ အခြေခံဖြစ်တဲ့ ရွေးကောက်ပွဲ နည်းလမ်းကလည်း ကျနော်တို့ နိုင်ငံမှာ ဒီမိုကရေစီကို ဖော်ဆောင်ဖို့ အခုထိတော့ အလုပ်မဖြစ်ခဲ့ပါဘူး။
အာဏာရှင်စနစ်ကနေ ဒီမိုကရေစီ ကူးပြောင်းရေးမှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေဟာ အရေးပါတဲ့ အခန်းက ပါဝင်ခဲ့တဲ့ နိုင်ငံတခုကတော့ အင်ဒိုနီးရှားနိုင်ငံပါ။ ၁၉၉၉ ရွေးကောက်ပွဲမှာ အရပ်သားအစိုးရက အာဏာရခဲ့ပြီး နောက် ငါးနှစ်အကြာ ၂၀၀၄ ခုနှစ်မှာ စစ်တပ်ရဲ့ နိုင်ငံရေးမှာ ဝင်ပါနေတာကို ဖယ်ထုတ်နိုင်ခဲ့ပါတယ်။
အင်ဒိုနီးရှားရဲ့ သင်ခန်းစာကို ကြည့်မယ်ဆိုရင် မြန်မာပြည်သူတွေက ဒီမိုကရေစီနိုင်ငံရေး ယဉ်ကျေးမှုရှိပေမယ့် စစ်ဗိုလ်ချုပ်တွေက အဲဒီယဉ်ကျေးမှု မရှိတာကို တွေ့ရပါတယ်။
၁၉၈၈ လူထုအုံကြွမှုနဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကသာ ဒီမိုကရေစီစနစ်ကို တကယ်လမ်းဖွင့်ပေးနိုင်ခဲ့မယ်ဆိုရင် အခုဆို ကျနော်တို့ နိုင်ငံဟာ နှစ်ပေါင်း ၃၀ ကျော် ဒီမိုကရေစီနိုင်ငံအဖြစ် ကမ္ဘာ့အလယ်မှာ ရပ်တည်နေမှာပါ။
၁၉၈၈ လူထုအုံကြွမှုနဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကသာ ဒီမိုကရေစီစနစ်ကို တကယ်လမ်းဖွင့်ပေးနိုင်ခဲ့မယ်ဆိုရင် အခုဆို ကျနော်တို့ နိုင်ငံဟာ နှစ်ပေါင်း ၃၀ ကျော် ဒီမိုကရေစီနိုင်ငံအဖြစ် ကမ္ဘာ့အလယ်မှာ ရပ်တည်နေမှာပါ။
နိုင်ငံတကာရဲ့ ဆုပေးဒဏ်ပေး ပေါ်လစီ
ဒီမိုကရေစီအရေးတွေမှာ ကမ္ဘာ့ဒီမိုကရေစီ နိုင်ငံတွေကဝင်ပြီး ကူလေ့ရှိတာ ဓမ္မတာပါ။ နိုင်ငံတကာက sanctions ခေါ်တဲ့ စီးပွားရေး အပါအဝင် တခြားအရေးယူပိတ်ဆို့မှုတွေ လုပ်လေ့ရှိသလို engagement လို့ခေါ်တဲ့ ထိတွေ့ ဆက်ဆံမှုတွေလည်း လုပ်လေ့ရှိပါတယ်။
တနည်းအားဖြင့် “carrots and sticks” ဆိုတဲ့ “ဆုပေးဒဏ်ပေး” ပေါ်လစီပါ။ ပြီးခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်လုံး မြန်မာ့ စစ်ဗိုလ်ချုပ်တွေကို ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြောင်းလဲလျှောက်လှမ်းလာဖို့ နိုင်ငံတကာက ချော့တခါ ခြောက်တလှည့်နဲ့ ဒီပေါ်လစီကို သုံးခဲ့ကြပါတယ်။
၁၉၈၈ မှာ စစ်တပ်ရဲ့ အာဏာသိမ်းမှုနဲ့ ဖိနှိပ်သတ်ဖြတ်မှုတွေကြောင့် အမေရိကန်အစိုးရက သူတို့ရဲ့ သံတမန်ရေးအဆင့်ကို လျှော့ချခဲ့သလို စစ်ရေးနဲ့ စီးပွားရေး ထောက်ပံ့မှုတွေကိုလည်း ရပ်ဆိုင်းခဲ့ပါတယ်။
အဲဒီနောက်ပိုင်းကတည်းက ကုလသမဂ္ဂနဲ့ ဒီမိုကရေစီနိုင်ငံတွေက လူ့အခွင့်အရေး မချိုးဖောက်ဖို့၊ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို မဖမ်းဖို့၊ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုဖို့၊ တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ နှစ်နဲ့ချီပြီး တောင်းဆိုခဲ့တာတွေကို စစ်ခေါင်းဆောင်တွေ နားမထောင်လို့ အရေးယူမှုတွေ လုပ်ခဲ့တာပါ။
အမေရိကန်သမ္မတ ဘီလ်ကလင်တန်နဲ့ ဂျော့ချ် ဝေါလ်ကာ ဘုရှ်တို့ လက်ထက်တွေမှာလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အသစ်တွေကို ကန့်သတ်တဲ့ စီးပွားရေး အရေးယူပိတ်ဆို့မှုနဲ့ စစ်ဗိုလ်ချုပ်တွေကို visa ပိတ်ဆို့မှုတွေပါ လုပ်ခဲ့ပါတယ်။ ဥရောပသမဂ္ဂကလည်း အလားတူ ပိတ်ဆို့မှုတွေ လုပ်ခဲ့ပါတယ်။
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကို စစ်အစိုးရက အကြမ်းဖက်နှိမ်နင်းတဲ့အတွက်လည်း အရေးယူပိတ်ဆို့မှုတွေ ထပ်လုပ်ခဲ့ပါတယ်။ ဒါပေမယ့် စစ်အစိုးရကလည်း နိုင်ငံတကာရဲ့တောင်းဆိုမှုတွေကို ခေါင်းမာမာနဲ့ မလိုက်လျောခဲ့ပါဘူး။
အဲဒီကာလ တလျှောက်လုံးမှာ constructive engagement policy အပြုသဘောဆောင်တဲ့ ဆက်ဆံမှုကို အဓိကသုံးခဲ့တာကတော့ အာဆီယံ နိုင်ငံတွေဖြစ်ပါတယ်။ သူတို့ရဲ့ ပြည်တွင်းရေးဝင်ရောက် မစွက်ဖက်ရေးမူ (non-interference policy) အရ မြန်မာစစ်အစိုးရကို မဝေဖန်ဘဲ အပြုသဘောနဲ့ဆက်ဆံဖို့ကိုပဲ အမြဲ ကျင့်သုံးခဲ့ပါတယ်။
အပြုသဘောဆောင်ပြီး အဲဒီလိုချော့မြူတဲ့ အနုနည်းကလည်း တကယ်တော့ အလုပ်မဖြစ်တဲ့အပြင် စစ်ခေါင်းဆောင်တွေကို အားပေးအားမြှောက်တဲ့ သဘောတောင် ဖြစ်စေပါတယ်။ (နောက်ဆုံး ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း အာဆီယံ ကျင့်သုံးနေတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကလည်း အလုပ်မဖြစ်တာ မျက်မြင်ပါပဲ။)
အရင်စစ်အစိုးရ အုပ်ချုပ်တဲ့ခေတ်ဖြစ်တဲ့ ၂၀၀၈၊ ၂၀၀၉ ခုနှစ်တွေမှာတော့ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေကပါ သူတို့ရဲ့ အရေးယူပိတ်ဆို့မှုတွေက ထိရောက်မှုရှိရဲ့လားဆိုတဲ့ အတွေးတွေ ဝင်လာခဲ့ပါတယ်။
အရင်စစ်အစိုးရ အုပ်ချုပ်တဲ့ခေတ်ဖြစ်တဲ့ ၂၀၀၈၊ ၂၀၀၉ ခုနှစ်တွေမှာတော့ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေကပါ သူတို့ရဲ့ အရေးယူပိတ်ဆို့မှုတွေက ထိရောက်မှုရှိရဲ့လားဆိုတဲ့ အတွေးတွေ ဝင်လာခဲ့ပါတယ်။
၁၉၈၈ ကတည်းက နှစ်ပေါင်းများစွာ မြန်မာ့ဒီမိုကရေစီရေးက ရှေ့မတိုးနောက်မဆုတ် ရုန်းထွက်ရခက်တဲ့ အခြေအနေမှာ ရောက်နေတဲ့အတွက် အဲဒီကာလလောက်ကစပြီး အနောက်နိုင်ငံတွေကပါ ထိတွေ့ဆက်ဆံရေးမူဝါဒ (engagement policy) ကို ပူးတွဲကျင့်သုံးခဲ့ပါတယ်။
ဒါပေမယ့် အရေးယူပိတ်ဆို့မှုတွေကိုလည်း ချက်ချင်း ဖြေလျှော့တာတော့ မလုပ်ခဲ့ပါဘူး။ အထူးသဖြင့် စစ်ခေါင်းဆောင်တွေ အရပ်ဝတ်လဲပြီး နိုင်ငံရေးကိုဖွင့်ပေးခဲ့တဲ့ ၂၀၁၁ နောက်ပိုင်းမှာ သူတို့ရဲ့ ထိတွေ့ဆက်ဆံရေးမူဝါဒက အလုပ်ဖြစ်တဲ့ သဘောရှိခဲ့ပါတယ်။
တိုင်းပြည်လည်း အများကြီးပွင့်လင်းပြီး တိုးတက်ပြောင်းလဲခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးတော့ စစ်ဗိုလ်ချုပ်တွေက သူတို့အာဏာကို လက်မလွှတ်ရဖို့၊ အပြည့်အဝပြန်ရဖို့ကိုပဲ အာရုံစိုက်ခဲ့ကြပါတယ်။
တိုင်းပြည် အကူအညီ ထောက်ပံ့မှုရတာ၊ ပြည်သူလူထုဘဝ တိုးတက်လာတာတွေ မကြည့်ဘဲ နောက်ဆုံးတော့ အာဏာပြန်သိမ်းခဲ့ပါတယ်။ တကယ်တော့ တိုင်းပြည်ကို ချောက်ထဲ ပြန်ဆွဲချခဲ့တာပါ။
ဒီဖြစ်စဉ်ကို ကြည့်ရရင် စစ်ခေါင်းဆောင်တွေက ဆုပေးလည်းမရ၊ ဒဏ်ပေးလည်းမရ လို့ဆိုရမှာပါ။ နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှုတွေ ထိရောက်မှုတွေရှိပေမယ့် အလုပ်မဖြစ်သလို၊ အပြုသဘောဆောင်တဲ့ ညှိနှိုင်းဆောင်ရွက်မှု နည်းလည်း တကယ်တော့ အလုပ်မဖြစ်ခဲ့ပါဘူး။
ဘာကြောင့်လဲဆိုတဲ့ အဖြေကိုရှာကြည့်ရင်တော့ စစ်ခေါင်းဆောင်တွေက နိုင်ငံတကာ စံချိန်စံနှုန်းတွေ တန်ဖိုးထား မလိုက်နာတဲ့အတွက်ကြောင်လို့ ဆိုရမှာဖြစ်ပါတယ်။
နိုင်ငံတကာရဲ့ စစ်ရေးဖြင့် ဝင်ရောက်ဖြေရှင်းနည်း
R2P လို့ လူသိများကြတဲ့ နိုင်ငံတကာကနေ စစ်ရေးနဲ့ ဝင်ရောက်ဖြေရှင်းတဲ့ နည်းလမ်းကိုလည်း မြန်မာ့ဒီမိုကရေစီ အရေးအတွက် တောင်းဆိုခဲ့ကြဖူးပါတယ်။ ၂၀၀၈ နာဂစ်မုန်တိုင်းတိုက်ပြီး နောက်ပိုင်းနဲ့ ၂၀၂၁ နွေဦးတော်လှန်ရေး အစောပိုင်းကာလတွေမှာပါ။
ဒါပေမယ့် အကောင်အထည် မပေါ်ခဲ့ပါဘူး။ အဓိကကတော့ မြန်မာ့အရေးဟာ ပြည်တွင်းရေး ပဋိပက္ခ ဖြစ်တယ်ဆိုတဲ့ နိုင်ငံတကာက မြင်တာကတချက်ဖြစ်ပြီး နောက်တချက်ကတော့ ပထဝီနိုင်ငံရေးကြောင့်လို့ ပြောရမှာပါ။
တရုတ်နိုင်ငံနဲ့ကပ်နေပြီး အရှေ့တောင်အာရှမှာရှိတဲ့ မြန်မာနိုင်ငံမှာ စစ်ရေးအရ ကြားဝင်ရင် ဖြစ်လာနိုင်တဲ့ ပထဝီနိုင်ငံရေး တင်းမာမှုတွေကလည်း အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံကြီးတွေ မလိုချင်တဲ့အရာပါ။
ပွင့်ပွင့်လင်းလင်းပြောရရင် နောက်တချက်ကတော့ မြန်မာ့ဒီမိုကရေစီရေးဟာ အနောက်နိုင်ငံတွေအတွက် စစ်ရေးအရ ဝင်ရောက်စွက်ဖက်ရလောက်အောင် အရေးမကြီးဘူးလို့ဆိုရင်လည်း ရပါတယ်။
ပွင့်ပွင့်လင်းလင်းပြောရရင် နောက်တချက်ကတော့ မြန်မာ့ဒီမိုကရေစီရေးဟာ အနောက်နိုင်ငံတွေအတွက် စစ်ရေးအရ ဝင်ရောက်စွက်ဖက်ရလောက်အောင် အရေးမကြီးဘူးလို့ဆိုရင်လည်း ရပါတယ်။
ဒါကြောင့် အမေရိကန် အရာရှိတွေက မြန်မာနိုင်ငံမှာ စစ်ရေးအရ ကြားဝင်မှုကို မစဉ်းစားဘူးလို့ ပြောခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် နိုင်ငံတကာတပ်ဖွဲ့တွေနဲ့ ဝင်ရောက်ပြီး အီရတ်နဲ့ အာဖဂန်နစ္စတန်မှာ အာဏာရှင်တွေကို ဖြုတ်ချနိုင်ခဲ့ပေမယ့် အောင်မြင်မှုမရခဲ့တာတွေကလည်း သင်ခန်းစာတွေပါပဲ။
မြန်မာ့နည်းမြန်မာ့ဟန် ဓမ္မနည်း
ဒီမိုကရေစီအတွက် အဲဒီလို နိုင်ငံတကာရဲ့ နည်းပေါင်းစုံသာမက ကျနော်တို့နိုင်ငံမှာ မြန်မာ့နည်းမြန်မာ့ဟန် ဓမ္မနည်းကိုလည်း သုံးခဲ့ပါတယ်။ ခေတ်အဆက်ဆက် နိုင်ငံရေးတိုက်ပွဲတွေမှာ ပြည်သူတွေဘက်ကရပ်တဲ့ သံဃာတွေ အများကြီးရှိပါတယ်။
ဒါပေမယ့် အခုခေတ်မှာတော့ ဗိုလ်ချုပ်တွေက ဘုန်းကြီးတွေကို ကိုးကွယ်သလို၊ ပါဏာတိပါတကံ ကျူးလွန်ပြီး ပြည်သူတွေကို နေ့စဉ်ဒုက္ခပေးနေတဲ့ ဗိုလ်ချုပ်တွေကို ကိုးကွယ်တဲ့ ဘုန်းကြီးတွေလည်း မနည်းပါဘူး။
၁၉၉၀ ပြည့်နှစ်၊ သြဂုတ်လ ၈ ရက်နေ့ မန္တလေးမြို့မှာ ပြုလုပ်တဲ့ ၈ လေးလုံးအရေးတော်ပုံ နှစ်ပတ်လည် ဆွမ်းလောင်းပွဲမှာ သံဃာတွေကို စစ်တပ်က နှောင့်ယှက်ပိတ်ဆို့ ရိုက်နှက်တာအပြင် ပစ်ခတ်မှုတွေပါရှိလို့ သံဃာတော်အချို့ သေနတ်ထိမှန် ဒဏ်ရာရခဲ့ပါတယ်။
အဲဒီဖြစ်ရပ်ကြောင့် သံဃာတော်တွေကြားမှာ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် စတင်ခဲ့ပါတယ်။ အဲဒီအချိန်က ဗိုလ်စောမောင်ရဲ့ နဝတ စစ်အစိုးရဟာ မန္တလေးနဲ့ ရန်ကုန်က ကျောင်းတိုက်တွေထဲ ဝင်ရောက် စီးနင်း ဖမ်းဆီးခဲ့ပြီး ထိပ်သီးဆရာတော်ကြီးတွေ အပါအဝင် ရာနဲ့ချီတဲ့ သံဃာတွေကို ဖမ်းဆီးထောင်ချခဲ့ပါတယ်။
တာဝန်ရှိတဲ့သူတွေကတော့ စစ်ခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်စောမောင်၊ ဗိုလ်ခင်ညွန့်တို့ အပါအဝင် နဝတစစ်အစိုးရ တခုလုံးပါပဲ။ ဒါပေမယ့် သံဃာတွေကတော့ ကံဆောင်မှုကို မရုပ်သိမ်းခဲ့ပါဘူး။
၂၀၀၇ ခုနှစ်မှာလည်း စစ်အစိုးရက ရုတ်တရက် လောင်စာဆီဈေးနှုန်းတွေ မြှင့်တင်လိုက်လို့ ကုန်ဈေးနှုန်းတွေ မြင့်တက်ခဲ့ပါတယ်။ အဲဒီအတွက် ပြည်သူတွေ စားဝတ်နေရေး ကျပ်တည်းလာတာကြောင့် သံဃာတော်တွေဟာ ပြည်သူ့ဘက်က ရပ်တည်ပြီး လမ်းပေါ်ထွက် စီတန်းလမ်းလျှောက် မေတ္တာပို့ခဲ့ကြပါတယ်။
ဒါပေမယ့် အဲဒီအချိန်က ဗိုလ်သန်းရွှေရဲ့ စစ်အစိုးရကတော့ ငြိမ်းငြိမ်းချမ်းချမ်း မေတ္တာသုတ်ရွတ် ဆန္ဒပြခဲ့တဲ့ သံဃာတော်တွေကို ရိုက်နှက်ဖမ်းဆီးထောင်ချခဲ့ပါတယ်။ မြန်မာ့စစ်ဗိုလ်တွေက မေတ္တာသုတ်ကိုတောင် သေနတ်နဲ့ တုံ့ပြန်ခဲ့ကြတဲ့အတွက်ကြောင့် တရားဓမ္မနည်းလည်း အလုပ်မဖြစ်ခဲ့ပါဘူး။
တပ်တွင်း ပုန်ကန်မှု
မကြာမကြာ စိတ်ကူးယဉ်ကြတဲ့ တချက်ကတော့ စစ်တပ်ထဲက မျိုးဆက်သစ်အရာရှိတွေက ပြည်သူ့ဘက်ကနေ ရပ်တည်ပြီး သူတို့ရဲ့ ဗိုလ်ချုပ်ကြီးတွေကို ဆန့်ကျင်မလားဆိုတဲ့ အယူအဆပါပဲ။
ပညာရှင်တွေ၊ လေ့လာသူတွေ၊ သံတမန်တွေအပြင် တချို့ ခေါင်းဆောင်တွေပါ စဉ်းစားခဲ့တဲ့ အချက်တခုပါ။ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်တပ်ထဲကနေ တော်လှန်ရေးဘက် ကူးပြောင်းလာတဲ့ ရဲဘော်တွေနဲ့ စစ်ဗိုလ်တွေ ပိုရှိလာပေမယ့် တပ်တွင်းအပြောင်းအလဲဖြစ်မယ့် အနေအထားထိတော့ မတွေ့ရပါဘူး။
ပညာရှင်တွေ၊ လေ့လာသူတွေ၊ သံတမန်တွေအပြင် တချို့ ခေါင်းဆောင်တွေပါ စဉ်းစားခဲ့တဲ့ အချက်တခုပါ။ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်တပ်ထဲကနေ တော်လှန်ရေးဘက် ကူးပြောင်းလာတဲ့ ရဲဘော်တွေနဲ့ စစ်ဗိုလ်တွေ ပိုရှိလာပေမယ့် တပ်တွင်းအပြောင်းအလဲဖြစ်မယ့် အနေအထားထိတော့ မတွေ့ရပါဘူး။
နောက်တက်လာတဲ့ ဗိုလ်ချုပ်တွေက ရှေ့ကသူတွေထက်တောင် ပိုဆိုးလာတာ တွေ့ရပါတယ်။ ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေနဲ့ လက်ရှိစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် သိနိုင်ပါတယ်။
တပ်တွင်းမှာ အပြောင်းအလဲ တကယ်လုပ်ချင်တဲ့သူတွေသာ ရှိမယ်ဆိုရင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် တယောက် မရှိတော့တာ ကြာပါပြီ။
လက်နက်ကိုင် တော်လှန်ရေး
ကျနော်တို့ မြန်မာနိုင်ငံအတွက် လက်နက်ကိုင်နည်းလမ်းက လုံးဝမစိမ်းတဲ့နည်းပါ။ ၁၉၄၈ လွတ်လပ်ရေးကာလတည်းက အစိုးရရဲ့ နိုင်ငံရေးလမ်းကြောင်းကို သဘောမတူ၊ မယုံကြည်တဲ့ နိုင်ငံရေးအဖွဲ့တွေနဲ့ တိုင်းရင်းသားအဖွဲ့တွေက လက်နက်ကိုင်တော်လှန်တဲ့ အစဉ်အလာရှိကြပါတယ်။
၁၉၆၂ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းလည်း အလားတူပါပဲ။ ၁၉၈၈ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဒီမိုကရေစီကို တိုက်ယူဖို့ ကျောင်းသားတွေကိုယ်တိုင် ဖွဲ့စည်းတဲ့ ABSDF ဆိုတဲ့ ကျောင်းသားတပ်မတော် ပေါ်ခဲ့ပါတယ်။ ထုံးစံအတိုင်း လက်နက်ကိုင်တော်လှန်ရေးဆိုတာ နောက်ဆုံးအဆင့်တိုက်ပွဲ ဖြစ်ပါတယ်။
ဒါပေမယ့် ၈၈ နောက်ပိုင်းကာလ မြန်မာ့နိုင်ငံရေးမှာ အကြမ်းမဖက် နိုင်ငံရေးလမ်းစဉ်တွေက ပိုပြီးလွှမ်းမိုးတယ်လို့ ပြောရမှာပါ။ အထက်မှာပြောခဲ့တဲ့ အကြမ်းမဖက်နိုင်ငံရေး နည်းလမ်းတွေကို ပိုအသုံးပြုပြီး ဒီမိုကရေစီရေးတိုက်ပွဲကို ဆင်နွှဲခဲ့ကြတာပါ။
ဆိုတော့ ၈၈ က ထွက်ပေါ်လာတဲ့ ဒီမိုကရေစီအတွက် လက်နက်ကိုင်တိုက်ပွဲက ထင်သလောက် ခရီးမရောက်ခဲ့ပါဘူး။
ဒါပေမယ့် ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပေါ်လာတဲ့ လက်နက်ကိုင်တော်လှန်ရေးကတော့ ရန်ကုန်၊ မန္တလေးမြို့ပေါ်တွေသာမက၊ တိုင်းရင်းသားပြည်နယ်တွေရဲ့ မြို့တွေက လူငယ်အများစုပါဝင်ခဲ့ပြီး နဂိုရှိပြီးသား လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အများစုကပါ ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။
Gen Z လူငယ်တွေက စတင်ပြီး တောင့်တင်းခိုင်မာနေပြီဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေက ဦးဆောင်ဝင်တိုက်တဲ့ ၂၀၂၁ လက်နက်ကိုင်တော်လှန်ရေးဟာ ၂၀၂၃ နဲ့ ၂၀၂၄ နိုင်ငံနဲ့တဝှမ်း ထိုးစစ်တွေမှာ အောင်မြင်မှုတွေ အများကြီးရခဲ့တာ မျက်မြင်ပါ။
Gen Z လူငယ်တွေက စတင်ပြီး တောင့်တင်းခိုင်မာနေပြီဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေက ဦးဆောင်ဝင်တိုက်တဲ့ ၂၀၂၁ လက်နက်ကိုင်တော်လှန်ရေးဟာ ၂၀၂၃ နဲ့ ၂၀၂၄ နိုင်ငံနဲ့တဝှမ်း ထိုးစစ်တွေမှာ အောင်မြင်မှုတွေ အများကြီးရခဲ့တာ မျက်မြင်ပါ။
ဒါပေမယ့် တရုတ်ရဲ့ စစ်ကောင်စီဘက်ကရပ်ပြီး တိုင်းရင်းသားအဖွဲ့တွေအပေါ် ဖိအားပေးမှုတွေက နွေဦးလက်နက်ကိုင် တော်လှန်ရေးရဲ့ အရှိန်ကို တားခဲ့တာအမှန်ပါပဲ။ ဒီအချက်ကို သုံးသပ်ကြည့်ရင် နိုင်ငံတကာနဲ့ အိမ်နီးနားချင်းနိုင်ငံတွေက အာဏာရှင်ဘက်က ဝင်ရောက်ရပ်တည်ပေးရင် ဒီမိုကရေစီရေးအတွက် အဟန့်အတားဖြစ်စေပါတယ်။
နည်းကုန်လမ်းကုန်ပြီလား
ကျနော်တို့နိုင်ငံမှာတော့ အထက်ကဆွေးနွေးခဲ့တဲ့ နည်းလမ်းတွေ အကုန်လုံး သုံးခဲ့ပါတယ်။ ဆိုတော့ မြန်မာ့ဒီမိုကရေစီရေး နည်းလမ်းကုန်ပြီလားလို့ မေးရမလိုဖြစ်နေပါပြီ။
စစ်ဗိုလ်ချုပ်တွေကတော့ အပျော့နည်းလည်းမရ၊ အမာနည်းလည်းမရ၊ ချော့လည်းမရ၊ ခြောက်လည်းမရ၊ သံတမန်နည်းလည်းမရ၊ ဓမ္မနည်းလည်းမရတာ ပြီးခဲ့တဲ့ ဆယ်စုနှစ်များစွာမှာ တွေ့ခဲ့ရပါပြီ။
ဒါကြောင့်လည်း ဒီနွေဦးတော်လှန်ရေးနောက်ပိုင်းမှာ ဒီမိုကရေစီရေး အင်အားအများစုက နောက်ဆုံးနည်းဖြစ်တဲ့ လက်နက်ကိုင်နည်းနဲ့ တိုက်ယူနေကြတာကို တွေ့နေရတာပါ။
ဒါပေမယ့်လည်း ဒီမိုကရေစီရဖို့ အတွက်ကတော့ ဖော်မြူလာ ပုံသေနည်းတွေ မရှိသလို၊ နည်းလမ်းတခုတည်းနဲ့လည်း အောင်မြင်ဖို့ခက်တာကို ကမ္ဘာနိုင်ငံတွေကို ကြည့်မယ်ဆိုရင် သင်ခန်းစာယူလို့ ရနိုင်ပါတယ်။
ဘယ်လောက်ပဲ ကြာပလေ့စေ မြန်မာ့ ဒီမိုကရေစီရေး တိုက်ပွဲကတော့ အောင်ပွဲရတဲ့အထိ ဆက်သွားမှာ သေချာပါတယ်။ ဒါက အာဏာရှင်တွေနဲ့ ပြည်သူကြားက တိုက်ပွဲပါပဲ။
ဒါပေမယ့် မြန်မာ့ဒီမိုကရေစီရေးမှာ အားရှိစရာကတော့ လူငယ်၊ လူကြီး အားလုံး နည်းပေါင်းစုံ သုံးပြီး စစ်ကောင်စီကို ဆန့်ကျင်နေမှုက လုံးဝအရှိန်မလျှော့သွားတဲ့ အချက်ပဲဖြစ်ပါတယ်။ အထက်မှာ ဆွေးနွေးခဲ့တဲ့ နည်းလမ်းတွေဟာလည်း ထိရောက်သင့်သလောက် ထိရောက်မှုတွေ ရှိနေတာကို တွေ့ရပါတယ်။
ဥပမာအနေနဲ့ လူထုရဲ့ ပူးပေါင်းပါဝင်မှု၊ နိုင်ငံတကာရဲ့ အရေးယူ ဆောင်ရွက်မှုတွေ၊ စစ်ကောင်စီအတွက် လောင်စာဆီ ဖြတ်တောက်မှု စတဲ့ နည်းလမ်းတွေကလည်း ဒီမိုကရေစီရေး အောင်မြင်ဖို့ အရေးကြီးတဲ့ အချက်တွေထဲမှာ ပါနေပါတယ်။ အရေးကြီးတဲ့အချက်က ဒီမိုကရေစီအင်အားစုတွေ ဒီထက်ပူးပေါင်းပြီး ဘယ်လိုအရှိန်မြှင့်နိုင်မလဲဆိုတာပါပဲ။
ဘယ်လောက်ပဲ ကြာပလေ့စေ မြန်မာ့ ဒီမိုကရေစီရေး တိုက်ပွဲကတော့ အောင်ပွဲရတဲ့အထိ ဆက်သွားမှာ သေချာပါတယ်။ ဒါက အာဏာရှင်တွေနဲ့ ပြည်သူကြားက တိုက်ပွဲပါပဲ။
ဒီမိုကရေစီ ခိုင်မာပါတယ်ဆိုတဲ့ အမေရိကန် ပြည်ထောင်စုတောင် ဒီနေ့ ကြည့်မယ်ဆိုရင် ဒီမိုကရေစီကို ထိန်းသိမ်းဖို့ ရုန်းကန်နေရတာကို ကျနော်တို့ တွေ့နေကြရပါတယ်။
ဘာတွေပဲဖြစ်ဖြစ် ကျနော်တို့နိုင်ငံရဲ့ မပြီးသေးတဲ့ ဒီမိုကရေစီ တိုက်ပွဲအတွက် ကျနော်စဉ်းစားမိတဲ့ အတွေးကတော့ “တိုက်ပွဲရှိနေသရွေ့ မျှော်လင့်ချက်အပြည့်ပါ။”
ဒီဆောင်းပါးကို ဧရာဝတီရဲ့ Opinion Talk မှာလည်း ကြည့်ရှုနိုင်ပါတယ်။
(ကျော်စွာမိုးသည် ဧရာဝတီ အင်္ဂလိပ်ပိုင်းဌာန အမှုဆောင်အယ်ဒီတာ ဖြစ်သည်။)
You may also like these stories:
ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများ ဘာကြောင့် ဒီမိုကရေစီရရန် ခက်နေသနည်း
တိုင်းပြည် ချွတ်ခြုံကျစေတဲ့ အာဏာသိမ်းမှုစနက် (ရုပ်/သံ)
စစ်အာဏာသိမ်းမှုအပေါ် ပြည်သူလူထုရဲ့ ဆန့်ကျင်မှု မှတ်တမ်း (ရုပ်/သံ)
အဝေးရောက်မြန်မာများ ဇာတိမြေမှ ဒီမိုကရေစီတိုက်ပွဲနှင့် တသားတည်းရှိ














