UK နိုင်ငံက “၂၀၂၅ ခေတ်သစ် စက်မှုလက်မှု မဟာဗျူဟာ” ၁၀ နှစ် စီမံကိန်းမှာ ထိုင်း ရင်းနှီးမြှုပ်နှံသူတွေ ပါဝင်လာဖို့ ဖိတ်ခေါ် လိုက်ပါတယ်။
အနာဂတ် စက်မှုလုပ်ငန်းတွေ အားကောင်းလာပြီး UK-ထိုင်း ဆက်ဆံရေး ပိုအားကောင်း လာစေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
ဒီမဟာဗျူဟာ စီမံကိန်းက စီးပွားရေး လုပ်ငန်းတွေ ဝင်ရောက်မှု လွယ်ကူလာဖို့နဲ့ သေချာတဲ့ ရေရှည် ရင်းနှီးမြှုပ်နှံမှုတွေ ကမ်းလှမ်းဖို့ ရည်ရွယ်တာ ဖြစ်ကြောင်းလည်း သိရပါတယ်။
အထူးသဖြင့် ထိုင်းကုမ္ပဏီတွေ အနေနဲ့ UK မှာ လုပ်ငန်း တည်ထောင်နိုင်ဖို့နဲ့ ရှိပြီးသား လုပ်ငန်းတွေကို တိုးချဲ့နိုင်ဖို့ ရည်ရွယ်တယ်လို့ UK ရဲ့ အာရှပစိဖိတ် ဒေသ ဒုတိယ ကုန်သွယ်ရေး ကော်မရှင်နာ Rhiannon Harries က Bangkok Post နဲ့ အင်တာဗျူး တခုမှာ ပြောခဲ့ပါတယ်။
အဆိုပါ စီမံကိန်းကို ဇွန်လ ၂၃ ရက်နေ့က စတင်ခဲ့တာ ဖြစ်ပြီး နည်းပညာမြင့် ထုတ်လုပ်ရေး၊ သန့်စင်စွမ်းအင်၊ ဖန်တီးမှု နယ်ပယ်၊ ကာကွယ်ရေး၊ ဒီဂျစ်တယ် နဲ့ နည်းပညာ၊ ဘဏ္ဍာရေး ဝန်ဆောင်မှု၊ သိပ္ပံနယ်ပယ် နဲ့ စီးပွားရေး ဝန်ဆောင်မှု ဆိုတဲ့ နယ်ပယ် ၈ ခုမှာ UK အနေနဲ့ ကမာ္ဘ့ ဦးဆောင်နိုင်ငံဖြစ်လာဖို့ ရည်မှန်းချက်တွေ ပါဝင်တယ်လို့ သိရပါတယ်။
ရင်းနှီးမြှုပ်နှံမှု အတားအဆီးတွေကို လျှော့ချပြီး စည်းမျဉ်းဆိုင်ရာ ကိစ္စတွေ ချောမွေ့စေဖို့ စီစဉ်ထားတယ်လို့ Ms Harries က ပြောဆိုပါတယ်။
သူက “UK က ထိုင်းနဲ့ စီးပွားရေး လက်တွဲဖို့ လမ်းဖွင့်ထားပါတယ်။ မဟာဗျူဟာ ကဏ္ဍအလိုက် ရေရှည်ဖွံ့ဖြိုးတိုးတက် လာဖို့ ထိုင်းရင်းနှီး မြှုပ်နှံသူတွေနဲ့ လက်တွဲ အလုပ်လုပ်ချင်ပါတယ်” လို့လည်း ပြောပါတယ်။
UK ရဲ့ မဟာဗျူဟာ စီမံကိန်းမှာ စီးပွားရေး လုပ်ငန်းတွေ အတွက် ဖွံ့ဖြိုးမှု နှေးကွေးစေတဲ့ ပြဿနာတွေကို အဖြေရှာ ပေးနိုင်ဖို့ လုပ်ငန်းစဉ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။
စီစစ် ခွင့်ပြုရေး လုပ်ငန်းစဉ်တွေက အချိန်ယူရနိုင်ပြီး ဒါကို လျှော့ချနိုင်ဖို့ စီမံကိန်း စစ်ဆေးရေးမှူးတွေ ထပ်ခန့်ဖို့ ရှိတယ်လို့ Ms Harries က ပြောပါတယ်။
ဆောက်လုပ်ရေး လုပ်သားသစ် ၆၀၀၀ ကို လေ့ကျင့်ပေးမှု အပါအဝင် စွမ်းရည် ဖွံ့ဖြိုးလာဖို့ ၂၀၂၈-၂၀၂၉ မှာ ယူရို ၁ ဒသမ ၂ ဘီလီယံ သုံးစွဲဖို့ ရည်မှန်းထားတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် စွမ်းအင် သုံးစွဲမှုများတဲ့ လုပ်ငန်းတွေ အတွက် ကုန်ကျတဲ့ လျှပ်စစ်ခကို ၂၅ ရာခိုင်နှုန်း လျှော့ချ ပေးသွားဖို့လည်း စီစဉ် ထားတယ်လို့ ဆိုပါတယ်။
UK ရဲ့ သန့်ရှင်းစွမ်းအင် ကဏ္ဍမှာ ထိုင်း ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက် ထားပြီးဖြစ်တယ် လို့လည်း သိရပါတယ်။
ထိုင်း ရင်းနှီးမြှုပ်နှံသူတွေ စိတ်ဝင်စားတဲ့ နောက်ထပ် ကဏ္ဍတခုဖြစ်တဲ့ ဒီဂျစ်တယ် ကဏ္ဍရဲ့ ဉာဏ်ရည်တု နည်းပညာ ပိုင်းမှာ UK က ယူရို ၂ ဘီလီယံ ရင်းနှီး မြှုပ်နှံသွားမှာ ဖြစ်ပြီး AI ဖွံ့ဖြိုးမှု ဇုန် အသစ်တခုလည်း တည်ထောင်သွားဖို့ ရှိနေကြောင်း သိရပါတယ်။
Ref : Bangkok Post














