တရုတ်က မြန်မာနိုင်ငံအတွင်းရှိ ၎င်း၏ စီမံကိန်းများနှင့် တရုတ်နိုင်ငံသားများပိုင် လုပ်ငန်းများကို ကာကွယ်စောင့်ရှောက်ရန် မြန်မာနှင့် ပူးပေါင်း၍ လက်နက်ကိုင် လုံခြုံရေးကုမ္ပဏီ (Joint Venture Security Company) ဖွဲ့စည်းဖို့ ကမ်းလှမ်းလာရာ စစ်ကောင်စီက နားလည်မှု စာချွန်လွှာရေးထိုးနိုင်ရန် လုပ်ငန်းကော်မတီကို ဖွဲ့စည်းကာ လေ့လာနေသည်။
လုပ်ငန်းကော်မတီကို စစ်ကောင်စီ ပြည်ထဲရေး ဒုဝန်ကြီးက ဥက္ကဋ္ဌ တာဝန်ယူကာ အမြဲတမ်း အတွင်းဝန်၊ ဒုရဲချုပ်၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန ဒု ညွှန်ကြားရေးမှူးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဥပဒေရုံးမှ အရာရှိကြီး တဦးနှင့် မှုခင်းနှင့် ဥပဒေဌာနမှ ရဲအရာရှိများဖြင့် ပြီးခဲ့သည့် အောက်တိုဘာ ၂၂ ရက်က ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ထိုသို့ လက်နက်ကိုင် လုံခြုံရေးကုမ္ပဏီ (Joint Venture Security Company) ဖွဲ့ရန် ကမ်းလှမ်းမှုမှာ သြဂုတ်လ အတွင်းက နေပြည်တော်သို့ လာရောက်သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ ခရီးစဉ်အပြီး ကမ်းလှမ်းခြင်းဖြစ်ကြောင်း ယူဆ ရပြီး၊ ထိုခရီးစဉ်တွင် မြန်မာနိုင်ငံရှိ တရုတ်ဝန်ထမ်းနှင့် စီမံကိန်းဘေးကင်းလုံခြုံမှုအား လက်တွေ့ကျကျ ကာကွယ်ပေးရန် စစ်ခေါင်းဆောင်အား ပြောခဲ့သည်။
လက်ရှိတွင်လည်း ၁၀၂၇ စစ်ဆင်ရေးအပြီး မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများနှင့် တရုတ်နိုင်ငံသားပိုင် လုပ်ငန်းတို့ ရှိရာ နယ်မြေတော်တော်များများ တော်လှန်ရေး အင်အားစုတို့ ထိန်းချုပ်မှု အောက်ရောက်နေခဲ့သည့်အတွက် စစ်ကောင်စီအား တရုတ်စီမံကိန်းများနှင့် ကုမ္ပဏီများအား အပြည့်အဝလုံခြုံရေးမပေးနိုင်တော့သည့်အပေါ် တရုတ်အစိုးရဘက်က မကြာခဏသတိပေးပြောကြားနေရသည်။
ထို့အတွက် ယခုစစ်ကောင်စီ ဖွဲ့စည်းလိုက်သည့် လုပ်ငန်းကော်မတီအနေဖြင့် လက်နက်ကိုင်ကုမ္ပဏီ ထားရှိခြင်းကြောင့် နိုင်ငံအချုပ်အခြာနှင့် ကာကွယ်ရေး၊ လုံခြုံရေး ထိပါးနိုင်မှုရှိမရှိ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်မှုရှိ မရှိစသည့် အချက်များအား စိစစ်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ အမိန်ကြော်ငြာစာတွင် ပါရှိသည်။
ထို့ပြင် ပူးတွဲတည်ထောင်မည့် လုံခြုံရေးကုမ္ပဏီအတွက် ပြည်ပမှ သွင်းလာမည့် လက်နက်များ၊ အထူးကိရိယာတန်ဆာ ပလာများ၊ (ဆက်သွယ်စက်များအပါအဝင် အခြားကြီးကြပ်ကန့်သတ်ပစ္စည်းများ)နှင့် ပတ်သက်ပြီး မည်ကဲ့သို့ တင်သွင်း ခွင့်ပြုမည်၊ ထိန်းချုပ်သုံးစွဲစေမည်ဆိုသောအချက်ကို နားလည်မှုစာချွန်လွှာတွင် ထည့်သွင်းရန်လို မလိုကိုလည်း ကော်မတီက စိစစ်မည်။
စစ်တပ်က ကိုင်စွဲနေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ-၂၉တွင် နိုင်ငံခြားရေးနှင့်စပ်လျဉ်းသည့် အခြေခံရမည့် မူများထဲတွင် “နိုင်ငံတော်အတွင်း မည်သည့်နိုင်ငံခြားတပ်ဖွဲ့ကိုမျှ တပ်ချခွင့်မပြု” ပြဌာန်းထားသည်။
လက်ရှိ မြန်မာ့ပဋိပက္ခအရေး လေ့လာသူ သတင်းသမားဟောင်း စိုင်းထွန်းအောင်လွင်က “ဖြစ်နေတဲ့အခြေအနေတွေအပေါ်မှာ တခြားချဉ်းကပ်မှု တွေနဲ့ အတူတူ ရေနံ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတို့ တရုတ်ရဲ့ တခြားစီမံကိန်းအကျိုးစီးပွားတွေ သူ့နိုင်ငံသားတွေနဲ့ ပတ် သက်ရင် လုံခြုံရေးက လုံလောက်မှုမရှိဘူးဆိုတဲ့အယူအဆက တရုတ်အစိုးရက အကဲဖြတ်ထားပြီး ဖြစ်တယ်။ တနိုင်ငံလုံး ဗျူဟာအရ သူ့အတွက်လုံခြုံရေး အာမခံပေးနိုင်ဖို့ဆိုတာမျိုးကို စဉ်းစားပုံပေါ်တယ်” ဟု သုံးသပ်သည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက တရုတ်-မြန်မာစီးပွားရေးစင်္ကြံတည်ဆောက်မှုအား တက်ကြွစွာဖော်ဆောင်ပြီး ရေနံ နှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း လုံခြုံချောမွေ့စွာလည်ပတ်နိုင်ရေးအတွက် အာမခံရမည်ဖြစ်ကြောင်းလည်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံစဉ် ထပ်မံ ပြောဆိုထားပြီးဖြစ်သည်။
လက်ရှိတရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းရာ ရခိုင်ပြည်နယ်နှင့် ရှမ်းမြောက်ဒေသတို့သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပြီဖြစ်ရာ တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းလုပ်ငန်းများ သည် လည်း လက်နက်ကိုင်ပဋိပက္ခများကြောင့် လုပ်ငန်းအကောင်အထည်ဖော်ရေးမှာ ရပ်တန့်နှောင့်နှေးမှုများ ရှိနေသည်။
စစ်တပ်အနေဖြင့် နိုင်ငံအတွင်းရှိ တရုတ်စီမံကိန်းများအား အပြည့်အဝလုံခြုံရေးပေးနိုင်မှုမရှိတော့သည့် အခြေအနေတွင် တရုတ်အစိုးရအနေဖြင့် လုံခြုံရေးကုမ္ပဏီအမည်ခံကာ လက်နက်ကိုင်လုံခြုံရေးယူမည့်အခြေအနေတရပ်အား ဖန်တီး လာခြင်းဖြစ်သော်လည်း မည်ကဲ့သို့ဖွဲ့စည်းဆောင်ရွက်မည်ကို အသေးစိတ် မသိရသေးပေ။
ယခင်ကတည်းကပင် ပြည်တွင်းရှိ တရုတ်စီမံကိန်းအချို့၏ အတွင်းစည်းလုံခြုံရေးကို တရုတ်တို့ကသာ ဆောင်ရွက်သည့် အခြေအနေရှိသော်လည်း ယခုလို နှစ်နိုင်ငံ ပူးတွဲလက်နက်ကိုင်လုံခြုံရေးအဖွဲ့ လုပ်ဆောင်မှုသည် တရုတ်စီမံကိန်းဒေသ များတွင် အပြင်စည်းလုံခြုံရေးကိုပါ တာဝန်ယူလာနိုင်ကြောင်း စစ်ရေးလေ့လာသူ အကဲခတ်တဦးက ပြောသည်။

၎င်းက “တရုတ်အနေနဲ့ ဗမာပြည်ကို စစ်တပ်လွှတ်တယ်ဆိုလို့ရှိရင် ပြဿနာရှိတာကိုး၊ အဲဒီတော့ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA )ဟောင်းတွေကို လုံခြုံရေးကုမ္ပဏီ ဖွဲ့ပြီး လွှတ်တယ်ဆိုတာက လွှတ်လို့ရတာပေါ့။ တရုတ်ကုမ္ပဏီတွေပိုင်တဲ့ တရုတ်စီးပွားရေးလုပ်ငန်းတွေ အတွင်းလုံခြုံရေးသပ်သပ်လား၊ အပြင်စည်းလုံခြုံရေးအတွက်ပါ ယူမှာလား၊ ဘယ်အတိုင်းအတာအထိ လုပ်မှာလဲဆိုတာ စောင့်ကြည့်ရမှာပဲ” ဟု ပြောသည်။
တရုတ်လုံခြုံရေးကုမ္ပဏီများ မြန်မာပြည်တွင်း ပါဝင်ပတ်သက်မှုနှင့်ပတ်သက်ပြီး ဝါရှင်တန်အခြေစိုက် အဆင့်မြင့် ကာကွယ် ရေး လေ့လာရေးဗဟိုဌာန(C4ADS) ၏ ၂၀၂၁ ခုနှစ်ထုတ်ပြန်သော အစီအရင်ခံစာ၌ မဲခေါင်ဒေသတွင်း နိုင်ငံများ ဖြစ်သော မြန်မာနှင့် ကမော္ဘဒီးယားနိုင်ငံတို့တွင် လည်ပတ်နေသည့် နိုင်ငံခြားပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများအနက် ၂၉ ခုတွင် တရုတ်လုံခြုံရေးကုမ္ပဏီများ ပါဝင်ပတ်သက်နေကြောင်း ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တရုတ်ပြည် ယူနန်ပြည်နယ် ကူမင်းခရီးစဉ်တွင် တရုတ်ဝန်ကြီးချုပ် လီချန်းနှင့် တွေ့ဆုံရာတွင် မြန်မာတွင် နိုင်ငံပေါင်း ၅၂ နိုင်ငံ လာရောက်မြုပ်နှံနေရာ တရုတ်သည် ဒုတိယအများဆုံး ရင်းနှီးမြုပ်နှံသော နိုင်ငံဖြစ်၍ ရင်းနှီးမြုပ်နှံမှုများ၊ စီမံကိန်းများနှင့် နိုင်ငံသားများ၏ လုံခြုံဘေးကင်းရေးကို အထူးအလေးထားဆောင်ရွက်လျက် ရှိကြောင်း၊ စွမ်းအင်ကဏ္ဍလုံခြုံရေးအတွက် ဆက်လက်ဆွေးနွေးပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အာမခံ ပြောဆိုထားပြီး ဖြစ်သည်။
You may also like these stories:
စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ် ဘာတွေအကျိုးအမြတ်ရခဲ့လဲ
စီအိုင်အေ ဘာလုပ်နေလဲ စစ်ထောက်လှမ်းရေးဟောင်းများအား တရုတ် စူးစမ်း
တော်လှန်ရေးကို ဖြိုခွဲရေး တရုတ်ဒရုန်းများကို မင်းအောင်လှိုင် မျက်စိကျ














