မြဝတီနယ်စပ်ကုန်သွယ်ရေး အမှတ် ၂ ချစ်ကြည်ရေးတံတားကို ဩဂုတ် ၁၈ ရက်နံနက်၌ စစ်ကော်မရှင်က ကြိုတင် အသိပေးခြင်းမရှိဘဲပိတ်လိုက်၍ ကုန်တင်ယာဉ်များ ပိတ်မိနေသည့်ကိစ္စအား ဖြေရှင်းရန် ထိုင်းအစိုးရဘက်မှ မြန်မာစီးပွား ရေးသံမှူးနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း The Nation သတင်းတွင် ယနေ့ ဖော်ပြထားသည်။
ထို့ကြောင့် ထိုင်းကုန်ပစ္စည်းများမှာ မှောင်ခိုပုံစံနှင့်သွားခဲ့ရကာ ယင်းပြဿနာအားဖြေရှင်းရန် တာ့ခ်ခရိုင် သယ်ယူပို့ဆောင် ရေး လုပ်ငန်းရှင်များအသင်းမှ ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ တင်ပြတောင်းဆိုပြီးနောက် ထိုင်းအာဏာပိုင်များဘက်က ယခုလို တုံ့ပြန်လာခြင်း ဖြစ်သည်။
မြန်မာစစ်ကော်မရှင် တာဝန်ရှိသူများက တရားမဝင် ကုန်ပစ္စည်းတင်သွင်းမှုများ စစ်ဆေးဖမ်းဆီးမှုများ အရှိန်အဟုန်ဖြင့် ပြုလုပ်နေ၍ နယ်စပ်ဂိတ်ယာယီပိတ်ထားခြင်းဖြစ်ကာ ယင်းအခြေအနေကြောင့် ထိုင်းဘက်မှကုန်တင်ယာဉ် အများအပြား စစ်ဆေးရေးဂိတ်၌ ပိတ်မိနေကြောင်း ထိုင်းနိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီး Jatuporn Buruspat က ယနေ့ ပြောဆိုကြောင်း The Nation တွင် ဖော်ပြထားသည်။
Jatuporn Buruspat က “နယ်စပ်မှာ ကြန့်ကြာနေတဲ့ ထိုင်းကုန်ပစ္စည်းတွေကို ချက်ချင်းဖြေရှင်းဖို့ နိုင်ငံခြားကုန်သွယ်မှုဌာန ကို ထိုင်းနိုင်ငံက မြန်မာရဲ့ စီးပွားရေးသံမှူးနဲ့ တွေ့ဆုံဖို့ ညွှန်ကြားထားပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံကို ဝင်ရောက်လာတဲ့ ထိုင်းကုန်ပစ္စည်းအားလုံးက မြန်မာရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ တင်သွင်းခွင့်လိုင်စင် လိုအပ်မှာဖြစ်တယ်” ဟု
ဆိုထားသည်။
ထို့ပြင် ရန်ကုန်မြို့ရှိ ထိုင်းကုန်သွယ်ရေးစင်တာမှလည်း ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် သယ်ယူပို့ဆောင်ရေး ကုမ္ပဏီများကို စုံစမ်းမေးမြန်းမှုများပြုလုပ်ထားရာ နယ်စပ်ဂိတ်များ ပြန်လည် ဖွင့်လှစ်နိုင်မည်ဟု မျှော်လင့်ရကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် သွင်းကုန်လိုင်စင်များကိုစစ်ဆေးမှုများအပါအဝင် မှောင်ခိုကူးသန်းမှုများကိုလည်း တင်းကျပ်မည်ဟု သိရကြောင်း ဆိုသည်။
မြန်မာဘက်မှ မြဝတီနယ်စပ်ကုန်သည်ကြီးတဦးက “အခုကတော့ နှစ်ဖက်စလုံး ဆုံးရှုံးတာပဲ။ အရင်က သူတို့ (ထိုင်း) ကျားဖြန့်အကြောင်းပြ လျှပ်စစ်မီး၊ ဆီတွေ ဖြတ်တောက် ကုန်တွေပိတ်လိုက်တုန်းကလည်း ကျနော်တို့ သွင်းထားတဲ့ ဆိုလာ တွေ ဝယ်ထားတွေ အများကြီး ဆုံးရှုံးတာပဲ။ မြန်မာနဲ့ထိုင်း တခုခုဖြစ်ရင် မြန်မာဘက်က ဆုံးရှုံးတာပဲ အဲဒီလိုဖြစ်တိုင်း ဘယ်သူမှ တာဝန်မယူဘူး။ ဒီလိုဖြစ်ရင် ဘယ်လိုလုပ်မလဲဆိုတာ ဆွေးနွေးမထားသလို ပူးပေါင်းဆောင်ရွက်တာလည်း မရှိ ဘူး။ မြန်မာဘက်က ဆုံးရှုံးတာတော့ ကုန်သည်တွေ ရှုံးတာ။ ထိုင်းကျတော့ Transit ကအစ တရားဝင်တော့ ဒီလိုဖြစ်တာက တိုင်းပြည်ဝင်ငွေ ထိခိုက်တယ်” ဟု ဆိုသည်။
ယခုအခါ မည်သည့်ကုန်ပစ္စည်းမှ တင်သွင်းခွင့်မပြုဘဲ ယာယီပိတ်ထားသောကြောင့် ထိုင်းဘက် နစ်နာမှုများရှိသလို မြန်မာ ကုန်သည်များဘက်မှလည်း ကြိုတင်ငွေပေးချေပြီးသောကုန်စည်များ ထိုင်းဘက်၌ပိတ်မိနေခြင်းကြောင့် ကုန်ပစ္စည်း ဆုံးရှုံးနိုင်ခြင်း၊ သယ်ပို့ဆောင်စရိတ်များ၊ ဂိုဒေါင်စရိတ်တို့ တက်လာခြင်း အစရှိသဖြင့် ဆုံးရှုံးမှုများရှိကြောင်း ကုန်သည် များထံက သိရသည်။
ထိုသို့ ပိတ်လိုက်သောကြောင့် ထိုင်းမှ မြန်မာသို့တင်ပို့မည့် ပို့ကုန် တန်ဖိုးခန့်မှန်းခြေ ဘတ် ၁၃၀ ဘီလီယံခန့်ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ပြီး ပို့ကုန်လုပ်ငန်းရှင်များ အကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း ထိုင်းသတင်းများ၌ ဖော်ပြထားသည်။
ထိုင်း-မြန်မာ အမှတ် ၂ တံတားအပြင် အမှတ် ၁ ချစ်ကြည်ရေးတံတားမှလည်း ကုန်ပစ္စည်းများကို ယခင်ကဲ့သို့ တနိုင်တပိုင်ပင် သယ်ယူခွင့်မပြုတော့ကြောင်း ကုန်သည်များထံက သိရသည်။
မြဝတီနယ်စပ်ကုန်သွယ်ရေးသည် ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး၏ အကြီးဆုံး နယ်စပ်ကုန်သွယ်ရေးဖြစ်ကာ စစ်တပ်အာဏာမသိမ်းခင်က တရက်လျှင် အမေရိကန်ဒေါ်လာ ၆ သန်းနီးပါး ကုန်သွယ်မှု ပြုလုပ်နေသော ဂိတ်တခုဖြစ်ပြီး ထိုင်းဘက်မှ လူသုံးကုန်၊ စားသောက်ကုန်၊ ဆေးဝါး၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း အစရှိသည်တို့ တင်သွင်းသလို မြန်မာဘက်မှ ကြက်သွန်၊ ငရုတ် အစရှိသည့် စိုက်ပျိုးရေးထွက်ကုန်တချို့ တင်ပို့လျက်ရှိသည်။
ကုန်ပစ္စည်းတင်သွင်းခွင့်များ ပိတ်ထားခြင်းကြောင့် ပြည်တွင်း၌လည်း ထိုင်းကုန်များ ပြတ်လပ်ပြီး ဈေးနှုန်းကြီးမြင့်လာ ခြင်းများဖြစ်ကာ လက်ရှိ စျေးဝယ်စင်တာတချို့မှာပင် လူသုံးကုန်ပစ္စည်းတချို့အား အကန့်အသတ်ဖြင့်သာ ဝယ်ယူခွင့် ပေးထားကြောင်း ရန်ကုန်မြို့ခံများက ဆိုသည်။

ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုအနေဖြင့် ချင်းရိုင်၊ တာ့ခ်၊ ကန်ချနပူရီနှင့် ရနောင်းတို့ရှိ အမြဲတမ်းစစ်ဆေးရေးဂိတ် ခြောက်ခုအပါအဝင် ပြည်နယ်နှစ်ခုတွင် နယ်စပ်ဂိတ်ပေါက် ၂၁ ခု ရှိပြီး ချင်းရိုင်၊ ချင်းမိုင်၊ မယ်ဟောင်ဆောင်နှင့် ရနောင်းတို့၌ ကုန်သွယ်ရေးအထောက်အကူပြု စစ်ဆေးရေးဂိတ် ၁၃ ခုနှင့် Prachuap Khiri Khan ရှိ Singkhon တွင် အထူးကုန်သွယ်မှု ချက်ပွိုင့်တခုနှင့် ကန်ချနပူရီရှိ ဘုရားသုံးဆူတွင် ခရီးသွားများအတွက် ဖွင့်လှစ်ထားသော နယ်စပ်ဂိတ်တို့ရှိကြောင်း သိရသည်။
ယခု ၂၀၂၅ ဘဏ္ဍာနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ထိုင်း- မြန်မာကုန်သွယ်မှုမှာ ထိုင်းဘတ်ငွေ ၁၀၅ ဒသမ ၁၄ ဘီလီယံရှိခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၄ ဘဏ္ဍာနှစ် ကာလတူထက် ၂၄ ဒသမ ၉၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ မြန်မာဘက်မှ တရားမဝင်ကုန်စည် စစ်ဆေးဖမ်းဆီးမှုကြောင့် တာ့ခ်ခရိုင် မဲဆောက်နယ်စပ်တွင် ကုန်သွယ်မှုမှာ ဘတ် ၄၅ ဒသမ ၃၇ ဘီလီယံ (၉ ဒသမ ၇၁ ရာခိုနှုန်း ကျဆင်း)၊ ကန်ချနပူရီရှိ Sangkhla Buri စစ်ဆေးရေးဂိတ်တွင် ကုန်သွယ်မှု ဘတ် ၃၂ ဒသမ ၄၀ ဘီလီယံ (၃၃ ဒသမ ၂၇ ရာခိုင်နှုန်းကျဆင်း)၊ ရနောင်းနယ်စပ်ကုန်သွယ်ရေးတွင် ကုန်သွယ်မှု ၁၈ ဒသမ ၁၉ ဘီလီယံ (၁၂ ဒသမ ၂၃ ရာခိုင်နှုန်း ကျဆင်း) ခဲ့ကြောင်း ထိုင်းအကောက်ခွန်ဌာန၏ စာရင်းများအရ သိရသည်။
သို့သော် မယ်ဟောင်ဆောင်ဂိတ်တွင် ဘတ်ငွေ ၆၉၈ သန်းရရှိခဲ့သဖြင့် ၂၆၆ ဒသမ ၃၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး မယ်ဟောင်ဆောင်ရှိ မဲဆာရီယန်တွင် ဘတ် ၁၀၄ သန်း ဖြင့် ၃၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ သို့သော်လည်း ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းမှစတင်၍ မြန်မာဘက်မှ သွင်းကုန်လိုင်စင် စစ်ဆေးမှုများ ပိုမိုတင်းကျပ်လာခြင်း ကြောင့် နှစ်နိုင်ငံ ကုန်သွယ်မှုတွင် ဖိအားများရှိခဲ့ပြီး ယင်းကြောင့် နှစ်နိုင်ငံကြား ကုန်သွယ်မှု စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်း နီးပါးရှိသည့် မဲဆောက်အကောက်ခွန်နှင့် ရနောင်းအကောက်ခွန်တို့တွင် ၂၀ ရာခိုင်နှုန်းနီးပါး သိသိသာသာ သက်ရောက်မှု ရှိခဲ့သည်ဟု ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
လက်ရှိ မြဝတီ- မဲဆောက် နယ်စပ်ကုန်သွယ်ရေးဂိတ်ကိုသာ ပိတ်ထားသောကြောင့် မဲဆောက်နှင့်ရနောင်းတို့တွင် အခက်အခဲများရှိသော်လည်း အခြားနေရာများကို ထိခိုက်မှုမရှိကြောင်း မဲဆောက်သည် မြဝတီမှတဆင့် ရန်ကုန်သို့ တိုက်ရိုက်ဆက်သွယ်ကုန်သွယ်မှု ပြုလုပ်နေသလို ရနောင်းဂိတ် သည်လည်း မြန်မာနိုင်ငံရှိ ကျောက်ဖြူ၊ ရန်ကုန်နှင့် အခြားဆိပ်ကမ်းများကို ဆက်သွယ်၍ ကုန်စည်များအဓိက ဖြန့်ဖြူးပေးနေခြင်း ဖြစ်သည်။
You may also like these stories:
ထိုင်းကုန်စည်တချို့ ပြတ် ဈေးတက်နေ
လူသုံးကုန် စားသောက်ကုန် သွင်းခွင့် စစ်တပ်ကန့်သတ်ပြန်
မြဝတီမှာ စက်သုံးဆီ ဘာကြောင့်ပြတ်










