ထိုင်း-မြန်မာနယ်စပ်၏ အကြီးဆုံး နယ်စပ်ကုန်သွယ်ရေးဇုန်ရှိရာ မြဝတီမြို့တွင် ဩဂုတ်လ ၁၄ ရက်မှစ၍ စက်သုံးဆီ ပြတ်လပ်မှုဖြစ်နေပြီး ဈေးကလည်း တရက်အတွင်း နှစ်ဆထိ ထိုးတက်သွားသည့် အခြေအနေနှင့် မြို့ခံများ ရင်ဆိုင်နေရသည်။
ယခုနှစ်ဆန်း ဖေဖေါ်ဝါရီလကလည်း ကျားဖြန့်ကိစ္စ အကြောင်းပြုကာ မြန်မာနယ်စပ်မြို့များကို လျှပ်စစ်မီးနှင့် လောင်စာဆီ ဖြတ်ရာတွင် မြဝတီသည်လည်း ဘုရားသုံးဆူနှင့် တာချီလိတ်နည်းတူ စက်သုံးဆီပြတ်မှုကို ခံခဲ့ရသည်။
ဤတကြိမ် စက်သုံးဆီပြတ်လပ်သွားခြင်းက စစ်ကော်မရှင်နှင့် သက်ဆိုင်ပြီး မွန်ပြည်နယ်မှတဆင့် ဘားအံဘက်သို့ စက်သုံးဆီ ခွဲတမ်းတင်ပို့မှု ရုတ်တရက် ကန့်သတ်လိုက်သဖြင့် ဘားအံမှ စက်သုံးဆီကားများ မြဝတီသို့ တက်မလာတော့၍ လောင်စာဆီပြတ်သွားခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်များနှင့် မြို့ခံများက ဆိုသည်။
ထို့အတွက် ဩဂုတ်လ ၁၃ ရက် ညပိုင်းအထိ ဓာတ်ဆီ ၉၅ တလီတာ ၅,၅၀၀ကျပ်၊ ၉၂ ဓာတ်ဆီ တလီတာ ၅,၃၀၀ ကျပ်နှင့် ဒီဇယ်တလီတာ ၆,၃၀၀ ကျပ်ဖြင့် ဈေးရှိရာမှ ဩဂုတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းမှစ၍ မြို့တွင်း၊ မြို့ပြင်ရှိ စက်သုံး ဆီဆိုင်များ ပိတ်သွားပြီး ဝယ်ယူမရသည်အထိ စတင်ပြတ်လပ်ကာ တလီတာလျှင် ကျပ် ၁၀,၀၀၀ ထိ မြင့်တက်လာခြင်း ဖြစ်သည်။
မြဝတီဒေသခံတဦးက “စက်သုံးဆီတလီတာ တသောင်းကျပ် ပေးဝယ်နေရတယ်။ အရင်ပုံမှန် တလီတာ ၅,၀၀၀ ကျပ် ဝန်းကျင်ပဲရှိတာ။ မှောင်ခိုသဘောနဲ့ ဝယ်နေရတာ။ လမ်းဘေးဈေးဆိုင်တွေမှာတော့ ဝယ်လို့ရနေတယ်။ မြို့ထဲမှာတော့ ကား၊ ဆိုင်ကယ်တွေ ပြတ်သွားတာပေါ့။ ခါတိုင်း မြို့ထဲမှာ အစီးရေ ၁၀၀ လောက်သွားရင် အခု အစီးရေ ၅၀ လောက်ပဲ သွားတော့ တာ။ မနေ့ကမှ စပြတ်တာ၊ ဆီဆိုင်တွေမှာ လက်ကျန်းနည်းနည်းရှိမှာပေါ့။ ဒါပေမယ့်လည်း သူတို့ပတ်သက်ရာပတ်သက် ကြောင်းပဲ ပေးမှာပေါ့” ဟု ရှင်းပြသည်။
စစ်ကော်မရှင် ထိန်းချုပ်ထားသည့် ရေနံထွက်ပစ္စည်းစစ်ဆေးကြီးကြပ်ရေးဦးစီးဌာနက သတ်မှတ်ထားသည့် ဈေးမှာ ၉၂ ဓာတ်ဆီ တလီတာလျှင် အနိမ့်ဆုံး ၂,၉၀၀ ကျပ်မှ အမြင့်ဆုံး ၄,၅၀၅ ကျပ်၊ ၉၅ တလီတာလျှင် အနိမ့်ဆုံး ၂,၉၅၅ ကျပ်မှ အမြင့်ဆုံး ၄,၅၆၀ ကျပ်၊ ဒီဇယ်တလီတာ အနိမ့်ဆုံး ၃,၂၃၅ ကျပ်မှ အမြင့်ဆုံး ၃,၆၄၀ ကျပ်ဖြစ်သော်လည်း မြဝတီမြို့၌ တလီတာလျှင် ကျပ် ၁၀,၀၀၀ ထိ မြင့်တက်နေခြင်း ဖြစ်သည်။

စစ်ကော်မရှင်သည် တော်လှန်ရေးလက်နက်ကိုင်နယ်မြေများသို့ ရန်ကုန်၊ မန္တလေးတို့မှ စက်သုံးဆီ သယ်ယူပို့ ဆောင်မှု ကန့်သတ်ထားခြင်း၊ အာရှလမ်းမကြီးပိတ်ထားသဖြင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိခြင်းတို့ကြောင့် မြဝတီ မြို့သား များမှာ စက်သုံးဆီအား ထိုင်းနိုင်ငံတဆင့်ခံ၍ စင်ကာပူမှ တင်သွင်းသည့်ဆီကို အသုံးပြုနေသော်လည်း ကျားဖြန့်ကြောင့် အပိတ်ခံထားရသည်။
ယင်းအခြေအနေများကြောင့် စက်သုံးဆီကို ရန်ကုန်-ဘားအံလမ်းကြောင်းမှတဆင့် စစ်ကော်မရှင်နှင့် ဆက်နွယ်ရာ လက်နက်ကိုင်အဖွဲ့အစည်းများအမည်ဖြင့် မြဝတီသို့ သယ်ဆောင်ပြီး ပြည်သူများ အသုံးပြုနေရာမှ ယခု ဘားအံဘက်မှ စက်သုံးဆီမရတော့၍ မြဝတီမြို့တွင် ဆီပြတ်လပ်မှု ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
မြဝတီဒေသခံ ကုန်သည်တဦးက “ဒီမနက် ဒီဇယ်တော့ ဝယ်လို့ရသေးတယ်။ ဆီပြတ်သွားတော့ လူတွေက ပုံးကြီးပုံးငယ် နဲ့ လိုက်စုဝယ်တော့ ဈေးကတက်သွားပြီ။ ပုံးဝါတပုံး အရင်က တသိန်း၊ အခု တသိန်းခြောက်သောင်း။ ဆီပြတ်တာ ရက်ကြာ မယ်ဆို အရင်တခါလို နှစ်သိန်း၊ နှစ်သိန်းခွဲတွေ ဖြစ်တော့မှာ။ မွန်ပြည်နယ်ဘက်က စက်သုံးဆီ ပေးမထွက်ဘူးလို့ ကြား တယ်။ သာမန်လုပ်ငန်းရှင်က သယ်လို့မရဘူး။ အဖွဲ့အစည်းတွေပဲ သယ်ကြတာဆိုတော့ လမ်းကြောင်းတခုတော့ သွားမှာပဲ။ လုံးဝပြတ်တောက်သွားတာမျိုး ရှိမှာမဟုတ်ဘူး။ ဈေးကြီးကြီးပေးဝယ်သုံးရမယ့် အနေအထားတော့ ရှိနိုင်တယ်။ ဘာကြောင့် ဆို ဂိတ်တွေအများကြီးဖြတ်လာရမှာ” ဟု ဧရာဝတီကို ပြောသည်။
စစ်တပ်ကမူ ၂၀၂၄ နှစ်ကုန်ပိုင်းကတည်းက မြဝတီမြို့သို့ စက်သုံးဆီ သယ်ယူခွင့်ပိတ်ထားပြီး ကော့ကရိတ်မြို့လောက် အထိသာ ရရှိကြောင်း၊ ယင်းအခြေအနေကြောင့် ထိုင်းဘက်မှ စက်သုံးဆီကိုသာ အားထားနေရသော်လည်း ထိုင်းအစိုးရက ဖြတ်တောက်လိုက်သောအခါ အောက်ဘက်မှဆီကို ပြန်လည်အသုံးပြုရခြင်းဖြစ်ကြောင်း မြို့ခံများက ပြောပြသည်။
လက်ရှိ မြဝတီမြို့သို့ ရန်ကုန်ဘက်မှ စက်သုံးဆီ တင်သွင်းနေသောပုံစံမှာ လက်နက်ကိုင်အဖွဲ့အစည်းများမှ တဆင့် နည်းမျိုး စုံဖြင့် တင်သွင်းနေရသဖြင့် ပုံမှန်လမ်းကြောင်းမဟုတ်၍ ဈေးနှုန်းကြီးမြင့်လာ နိုင်ကြောင်း မြို့ခံများက သုံးသပ်ပြောဆိုသည်။
မြို့နေပြည်သူအများစုမှာ ဆိုလာနှင့် မီးစက်တို့ကိုသာ အသုံးပြုနေရပြီး မြို့ရှိလုပ်ငန်းများမှာလည်း မီးစက်အားထား အသုံးပြုနေရသဖြင့် ယခုကဲ့သို့ စက်သုံးဆီပြတ်လပ်သွားခြင်းကြောင့် အခက်အခဲများစွာ ဖြစ်စေကြောင်း မြို့ခံများက ဆိုသည်။
မြို့ခံတဦးက “ကျနော့်အသိ မော်လမြိုင်က စက်သုံးဆီလုပ်ငန်းရှင်ကို မေးကြည့်တော့ သူ့ဆီက ဆီဝယ်တာ လက်နက်ကိုင် အဖွဲ့အစည်းတွေပဲ။ လုပ်ငန်းရှင်က လက်နက်ကိုင်နဲ့ပေါင်းထားရတာ။ ဆီကားတွေကို သူတို့ပဲ လုံခြုံရေးယူပေးတယ်၊ သူတို့ပဲ နားလည်မှုယူပြီး သယ်ပေးနေကြတာ။ အဲဒီတော့ အခုလိုအနေအထားကြီးမှာ ပိတ်တယ်ဖွင့်တယ်ဆိုတာက လက်နက်ကိုင် တွေပဲ မေးရတော့မှာ ဘာကြောင့်ဆီပြတ်တာလဲလို့။ တခုတော့ရှိတယ် သူတို့အရင်က သွားနေတဲ့ လမ်းကြောင်းကို စစ်ကော်မရှင်က လက်မခံတော့လို့ ပိတ်တာလား အဲဒီတချက်တော့ရှိတာပေါ့” ဟု ပြောသည်။
You may also like these stories:
စစ်ကောင်စီကပါ ပိတ်၍ ကရင်ပြည်နယ်တွင်း စက်သုံးဆီဈေးတက်လာ
ကြံရာသီ စက်သုံးဆီ ပိတ်ဆို့မှုကြောင့် သကြားဈေးတက်














