ထိုင်းအစိုးရက ကျားဖြန့် အွန်လိုင်းငွေလိမ်(ကျားဖြန့်) နှိမ်နင်းရန် ကရင်ပြည်နယ် မြဝတီမြို့ကို လျှပ်စစ်မီးနှင့် လောင်စာဆီ ဖြတ်ထားသလို ယခုရက်ပိုင်း စစ်ကောင်စီကလည်း ဘားအံမြို့ ထီလုံလမ်းခွဲ၊ တောင်ကလေးရွာနှင့် ဇာသပြင်(ဂျိုင်းတံတား) စသည့်နေရာများမှ ပိတ်ထား၍ ဒေသတွင်း စက်သုံးဆီဈေးများ တက်သွားကြောင်း ဒေသခံနှင့်ကုန်သည်များက ဆိုသည်။
ကရင်ပြည်နယ်သို့ ရန်ကုန်၊ မော်လမြိုင်မှ စက်သုံးဆီပို့လာပါက ကျားဖြန့်လုပ်ငန်းများထံ ရောက်သွားမည်ဆိုကာစက်သုံးဆီ တင်ဆောင်လာသည့် ကားများကိုလည်း ဖမ်းဆီးနေခြင်းဖြစ်ပြီး၊ ကော့ကရိတ်၊ ကျူံဒိုးစသည့်မြို့များတွင် စက်သုံးဆီ တလီတာလျှင် ကျပ် ၂သောင်းကျော်အထိ မြင့်တက်နေသလို သယ်ယူပို့ဆောင်စရိတ်များမှာလည်း နှစ်ဆနီးပါးမြင့်တက် လာကြောင်း သိရသည်။
ကော့ကရိတ်ဒေသခံတဦးက “ဆိုင်ကယ်ကို ၃ပုလင်း ကားဆိုရင် ၁ ဂါလံထည့်ပေးတယ်။ ဆီ ၁ ဂါလံကို ၂၃၀၀၀ ကျပ်ပေး ရတယ်။ အများကြီး ရောင်းမပေးဘူး။ ကားတစီးကို ၁ သိန်းဖိုးပဲရတယ်။ အပြည့်ဖြည့်လို့ မရဘူး ပုံးနဲ့မရဘူး။ အပိုဝယ်လို့ မရဘူး။ တချို့ဆီဆိုင်တွေ ပိတ်တယ်။ အရင်က စက်သုံးဆီဈေးက ၁ ဂါလံမှ ၁၁၀၀၀နဲ့ ၁၃၀၀၀ ကျပ်ပဲ ရှိတာ။ အခု ကုန် ဈေးနှုန်းတွေ အကုန်တက်သွားပြီ။ မြဝတီကလည်း ဆီမဝင်တော့ဘူး။ သင်္ဘောလိုင်းနဲ့လာတဲ့ ဆီကလည်း ဂျိုင်းတံတားကို ဖြတ်လို့မရဘူး”ဟု ၎င်းက ပြောသည်။
စစ်ကောင်စီက ကရင်ပြည်နယ်သို့ စက်သုံးဆီဖြတ်ခြင်းကို တရားဝင်ထုတ်ပြန်ခြင်း မရှိသော်လည်း ထို့ကော်ကိုးလမ်း၊ ၁၀၀၈ လမ်းတို့၌ ဖမ်းဆီးနေကြောင်း ယမန်နေ့ နေ့လည်ပိုင်းတွင် မျက်မြင် တွေ့ခဲ့ရသည့် ခရီးသွားတဦးက ဧရာဝတီသို့ ပြောသည်။
“၂၀လီတာဆံ့တဲ့ ဆီပုံးအဝါ ၂ ပုံးတင်လာတာကို ဖမ်းတာ တွေ့ခဲ့တာ။ တပိုင်တနိုင်ပါလာတဲ့ စက်သုံးဆီတောင် စစ်ကောင်စီ ဂိတ်ရှိတဲ့ ထို့ကော်ကိုးလမ်း၊ ၁၀၀၈ လမ်းတို့မှာ ပေးမယူခိုင်းဘူး။ ဆီပုံးတွေကို စွဲချခိုင်းတာ”ဟု ၎င်းက ပြောသည်။
ယခုကဲ့သို့ စစ်ကောင်စီက ကရင်ပြည်နယ်သို့ စက်သုံးသယ်ယူခွင့်ကို ရုတ်တရက်ပိတ်လိုက်ခြင်းအပေါ် ဧရာဝတီမှ ကရင် ပြည်နယ်အစိုးရရုံးသို့ ဆက်သွယ်မေးမြန်းရာ ဖြေကြားခြင်း မရှိပေ။
အလားတူ ထိုင်းစစ်တပ်နှင့်ပူးပေါင်းတပ်ဖွဲ့ကလည်း မြန်မာနယ်စပ်တလျှောက် တရားမဝင်စက်သုံးဆီ သယ်ယူပို့ဆောင်မှု များကို ဆက်တိုက်ဖမ်းဆီးနေသလို မဲဆောက်မြို့ရှိ ဆီပန့်ဆိုင်များ၌ ပုံးဖြင့်ဝယ်ယူခြင်းအား တားမြစ်၍ တွေ့ရှိပါက သိမ်းဆည်း အရေးယူနေသလို ကားများအတွက်သာ ဆီဖြည့်ရန်၊ ပေပါ၊ ဆီပုံးများ ဖြည့်ခွင့်မပေးကြောင်း စာကပ်ထားသည်အထိ တင်းကျပ်ထားသည်။
မြဝတီမြို့မှ ကုန်သည်တဦးက “အခု ဆီဖြတ်လိုက်တဲ့ပြဿနာက ကျားဖြန့်တွေက ဘာမှမဖြစ်ဘူး။ ကျားဖြန့်က ဆိုလာ ဘာညာတပ်ပြီး နေ့ရောညပါ အလုပ်လုပ်လို့ရတယ်။ ဒေသမှာရှိတဲ့သူတွေပဲ အားလုံးဒုက္ခရောက်တယ်။ ဆေးကုသနေတဲ့ သူတွေ၊ အောက်စီဂျင်စက်ရုံတွေ၊ လမ်းပန်းဆက်သွယ်ရေးတွေ အကုန်ဒုက္ခရောက်တယ်။ ဆီဈေးဆိုရင် လီတာ ၂၀၀ ရှိတဲ့ တပေပါကို ၄၅ သိန်းကျပ် ဖြစ်သွားပြီ။ တလီတာ ကျပ် ၂ သောင်း ကျော်သွားပြီ။ အရင်ရောင်းတဲ့ဆီဈေးက တလီတာမှ အလွန်ဆုံးမှ ကျပ် ၃၀၀၀ ကျော်ပဲရှိတာ” ဟု ဧရာဝတီကို ပြောသည်။

မြဝတီမြို့ပေါ်ရှိ စက်သုံးဆီလုပ်ငန်းရှင်အများစုသည် အစပိုင်း ထိန်းရောင်းပေးသော်လည်း နောက်ပိုင်းတွင်မူ ပေပါလိုက် ရောင်းချခြင်းများပြုလုပ်ကာ တပေပါလျှင် ဘတ် ၃ သောင်းကျော်ထိ တရုတ်လုပ်ငန်းခွင်များသို့ ရောင်းချမှုများ ပြုလုပ်လာ ကြောင်း ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက “ကျားဖြန့်တွေပဲ လာဝယ်သွားတာပေါ့။ ဒေသခံတွေကတော့ လက်ကျန်ဆီကို ဆိုင်တချို့က ရောင်း ပေးတာကို ခွဲပြီး တန်းစီစောင့် ဝယ်ယူရတာပေါ့။ ဒီနေရာမှာလည်း ဆီတန်းစီတယ်၊ ရောင်းလိုက်တယ်။ နောက်တခါ ပြန်တန်းစီတယ်။ အဲဒီလိုမျိုး လုပ်ကြတာလည်းရှိတယ်။ တချို့ကျ ရသလောက် တန်းစီဝယ်တယ်၊ သုံးဖို့အတွက်ပေါ့။ ဆိုင်ကယ်နဲ့ တန်းစီတယ်။ ပြီးရင်အိမ်ပြန် ပုံးထဲထည့်၊ နောက်တခါ ပြန်တန်းစီ၊ အဲလိုမျိုးတွေလည်း ရှိတယ်” ဟု ပြောသည်။
စက်သုံးဆီ အခက်အခဲဖြစ်နေသဖြင့် မြဝတီရှိ ဒေသခံများမှာ ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်သို့ ကားများ ဆီသွားဖြည့်ရန် အတွက် တန်းစီထားသည်မှာ မြဝတီဘက်ခြမ်း၌ ယနေ့နံနက်ပိုင်းတွင် အစီးရေ ရာနှင့်ချီရှိနေကြောင်း လူမှုကွန်ရက်စာ မျက်နှာပေါ်မှ ဓာတ်ပုံများတွင် တွေ့ရသည်။
ကျားဖြန့် လုပ်ငန်းများ နှိမ်နှင်းရန်အတွက် ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီးနှင့် လောင်စာဆီဖြတ်တောက်ခြင်းမှာ ယင်းလုပ်ငန်း များအပေါ် ထိခိုက်မှုမရှိဘဲ ဒေသခံများမှာသာ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေး ပိုမို ခက်ခဲလာနေသည်ဟု ဆိုသည်။
မြဝတီမြို့ ဒေသခံတဦးက “မီးပြဿနာက နေသားကျနေပြီ။ ဆီပြဿနာက အခက်အခဲဖြစ်နေတာပေါ့။ ပုံးဝါတပုံးဆို ကျပ် ၃ သိန်းလောက် ပေါက်နေတယ်။ အရပ်သားပြည်သူ ဆီဆိုင်တွေကတော့ အခုရောင်းတယ်။ အဖွဲ့အစည်းနဲ့ သက်ဆိုင်တဲ့ ဆိုင်တွေက ပိတ်ထားတယ်ဆိုတာ သူတို့ လုပ်ငန်းကိစ္စတွေနဲ့ ဘာနဲ့ဆိုတော့လေ။ PTT ဆီဆိုင် တဆိုင်ပဲဖွင့်တယ်။ ကျန်တဲ့ ဆီဆိုင်တွေက သူတို့နဲ့နွယ်တာ။ သူတို့ လိုအပ်နေတာ ဖြစ်တဲ့အတွက် ဆီကိုမရောင်းဘူး။ အဲဒီတော့ အရင် တက်စီခ ၅,၀၀၀ ကျပ် ပေးရရင် အခု ၁၀,၀၀၀ ကျပ် လောက် ဖြစ်သွားတယ်” ဟု ဧရာဝတီကို ပြောသည်။
ထို့ကြောင့် မဲဆောက်မြို့တွင် ကားဖြင့်ဆီအပြည့်ဖြည့်ကာ မြဝတီမြို့ဘက်၌ ပြန်လည်ရောင်းချခြင်းဖြင့် စက်သုံးဆီပြဿနာ ကို ဖြေရှင်းနေရပြီး ထိုင်းအာဏာပိုင်များက လတ်တလော မြဝတီဘက်မှ ကားများကို စက်သုံးဆီ အပြည့်မပေးထည့်တော့ ဟုလည်း ပြောဆိုနေသံများ ထွက်ပေါ်နေကြောင်း ၎င်းက ဆိုသည်။
နောက်ထပ် မြဝတီမြို့နေ ပြည်သူတဦးက “ဆီက ဝယ်ရခက်နေတယ်။ ကားကိုပဲ သူတို့က နှစ်သောင်း၊ သုံးသောင်းဖိုး။ ဆိုင်ကယ်ဆို ငါးထောင်ကျပ်ဖိုးပဲ ပေးတယ်။ ဆိုင်တွေက အချိန်နဲ့ဖွင့်တာလည်းရှိတယ်။ အောက်ဘက်က တက်တဲ့ဆီတွေ လည်း ပေးမတက်ဘူး။ ဒီမြို့ရဲ့ ၈၀ ရာခိုင်နှုန်းလောက်က ဒါနဲ့ လည်ပတ်နေတာဆိုတော့ ဆီမရတော့ ဒုက္ခရောက်တာ။ ဂတ်စ်လည်း ဖြတ်ပြီပြောတယ်။ 5Kg အိုးကို အရင်က နှစ်သောင်းကျပ် အခု သုံးသောင်းခွဲလို့ပြောတယ်” ဟု ပြောသည်။
ကျားဖြန့်လုပ်ငန်းများတွင် နယ်မြေအလိုက်တာဝန်ယူရသော အာဏာပိုင်များ ပါဝင်ပတ်သက်နေပါက ထိထိရောက်ရောက် အရေးယူမည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဖေဖော်ဝါရီ ၃ ရက်နေ့၌ ပြောဆိုထားသလို ကရင် ပြည်နယ်၊ ဘုရားသုံးဆူမြို့အတွင်းရှိ ကျားဖြန့်လုပ်ငန်း၊ ကာစီနိုလောင်းကစားရုံများနှင့် စားသောက်ကုန်လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများအနေဖြင့် ယခုဖေဖော်ဝါရီလကုန် နောက်ဆုံးထား၍ ထွက်သွားရန် ဒီမိုကရေစီအကျိုး ပြုကရင်တပ်မတော်(DKBA)၊ အမှတ်(၂)နည်းဗျူဟာက ယမန်နေ့တွင် ထုတ်ပြန်ထားသည်။
တာချီလိတ်၊ မြဝတီနှင့် ဘုရားသုံးဆူမြို့တို့ကို စက်သုံးဆီတင်သွင်းမှု ၆ လ ခန့် ပိတ်ထားမည်ဟု ထိုင်းကာကွယ်ရေး ဝန်ကြီးချုပ်က ဖေဖော်ဝါရီ ၇ ရက်တွင် ပြောဆိုထားသည်။
You may also like these stories:
မြဝတီ၌ တရုတ်နှင့် လက်နက်ကိုင်အဖွဲ့များ စက်သုံးဆီ အပြိုင်ဝယ်နေ
ထိုင်းလောင်စာဆီဖြတ်တောက်မှု မြဝတီနှင့် တာချီလိတ်၌ အခက်ကြုံ
ထိုင်းဈေးကွက်ဖွင့်သော်လည်း မြန်မာပြောင်း တွက်ခြေမကိုက်














