ထိုင်းနိုင်ငံက အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) နှိမ်နင်းရေး စီမံချက်ဖြင့် မြန်မာဘက်ခြမ်းမှ ၅ နေရာကို လျှပ်စစ်မီးနှင့် လောင်စာဆီပေးနေမှု ယခုလ ၅ ရက်မှစ၍ ပိတ်လိုက်ရာ မြဝတီမြို့၌ လက်ကျန်ဆီကို လူထုအတွက် အကန့်အသတ်ဖြင့် ရောင်းပေးနေရချိန် တရုတ်လုပ်ငန်းရှင်များနှင့် လက်နက်ကိုင်အဖွဲ့အစည်းများကမူ ပေပါလိုက် ဝယ်ယူနေကြကြောင်း သိရ သည်။
မြဝတီ၌ ယခင် တလီတာ ကျပ် ၃၃၀၀ ဝန်းကျင် ရှိသော်လည်း ယခု ၃၆၀၀ မှ ၃၈၀၀ကျပ် အထိဖြစ်နေပြီး တန်းစီဝယ်နေရ ကြောင်း၊ ပြင်ပဈေးကွက်တွင် တလီတာ တသောင်းနီးပါးပင် ရှိကြောင်း သိရသည်။
မြို့ခံကားပိုင်ရှင်တဦးက “အခုက လစ်မစ်နဲ့ရောင်းတာ သုံးသောင်းဖိုးတို့၊ ငါးသောင်းဖိုးတို့ ဒါပေမယ့်တချို့ ဆိုင်တွေက ပြည်သူတွေကို လစ်မစ်နဲ့ရောင်းပေမယ့် လက်နက်ကိုင်အဖွဲ့အစည်းနဲ့ တရုတ်တွေလာဝယ်ရင်တော့ ပေပါလိုက်ကို ရောင်း တာတွေလည်း တွေ့ရတယ်” ဟု ပြောသည်။
ထိုသို့ တရုတ်လုပ်ငန်းရှင်များ၊ လက်နက်ကိုင်အဖွဲ့အစည်းများက ကြိုက်ဈေးပေး ဝယ်နေမှုများကြောင့် ဆီဈေးမြင့်လာခြင်း ဖြစ်ကြောင်း ဒေသခံတချို့က ထောက်ပြသည်။
တခြားသောမြို့ခံတဦးကလည်း “ဆိုင်တိုင်းတော့ မဟုတ်ဘူး။ အချို့ဆိုင်တွေကတော့ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ ပတ်သက်တာတို့၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ ကိုယ်တိုင်တို့၊ နောက်တရုတ်တွေဝယ်ခိုင်းတဲ့ကိုယ်စားလှယ်တွေကို ပေပါလိုက်ကို ရောင်းပေးနေတာ တွေ့ရတယ်။ သူတို့ကတော့ ကြိုက်ရောင်းကြိုက်ဝယ်ဈေးနဲ့သွားနေတာ။ ပုံမှန်ဈေးတော့ မဟုတ်ဘူး” ဟု ပြောသည်။
မြဝတီ၌ တရုတ်လုပ်ငန်းရှင်အများအပြားသည် ကာစီနို၊ လောင်းကစား၊ ကျားဖြန့်ကဲ့သို့ အွန်လိုင်းငွေလိမ်လုပ်ငန်း( စသည့် ရာဇဝတ်မှုများကို အဓိက လုပ်ကိုင်ကြကြောင်း၊ ထိုနာမည်ကျော် ဒုစရိုက်လုပ်ငန်းများရှိရာ မြဝတီတွင် ကရင်နယ်ခြား စောင့်တပ် (BGF)မှာလည်း ဩဇာကြီးသော လက်နက်ကိုင်အဖွဲ့ဖြစ်သည်။

မြဝတီမြို့တွင် ဆီဆိုင်ပေါင်း ၂၀ ခန့်ရှိပြီး ဆိုင်တချို့ အရောင်းရပ်ထားသလို အကန့်အသတ်ဖြင့် ရောင်းပေးနေသော ဆီဆိုင် များ၌လည်း တရုတ်နှင့် လက်နက်ကိုင်အဖွဲ့အစည်းများက ပေပါလိုက်ဝယ်နေသောကြောင့် မကြာမီ ဆီပြတ်မည်ကို ဒေသခံ များ စိုးရိမ်နေကြသည်။
စစ်ကောင်စီက ၎င်းတို့လက်လွှတ်ရသည့် တိုင်းရင်းသားဒေသများနှင့် မြန်မာပြည်အလယ်ပိုင်းဒေသအချို့သို့ စက်သုံးဆီ တင်သွင်းခွင့် ပိတ်ထားသော်လည်း ကရင်ပြည်နယ် မပါဝင်ပေ။ သို့သော် ပြည်မနှင့် အဓိကကုန်သွယ်ရေး လမ်းကြောင်း ဖြစ်သည့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီမှာ တိုက်ပွဲကြောင့် ပိတ်ထားသည်မှာ ၁ နှစ်ကျော်ပြီဖြစ်၍ မြဝတီ၌ အသုံးပြု နေသော လောင်စာဆီကို ထိုင်းနိုင်ငံဘက်မှ အဓိကတင်သွင်းနေရသည်။
ယခုထိုင်းဘက်မှ လောင်စာဆီပိတ်လိုက်၍ မြန်မာဘက်သို့ တင်သွင်းမည့် ဆီတင်ယာဉ် ၄၁ စီးမှာ တာ့ခ်ခရိုင်၊ မဲဆောက် စစ်ဆေးရေးဂိတ်များနှင့် ဆိပ်ကမ်းများတွင် သောင်တင်နေကြောင်း The Reporters သတင်းတွင် ယနေ့ ဖော်ပြသည်။
ထို့ပြင် ဆီဆိုင်မန်နေဂျာတဦးကလည်း ထိုင်းအစိုးရအမိန့်ထုတ်ပြန်ပြီးနောက် ၎င်းတို့အနေဖြင့် အပြည့်အဝပူးပေါင်း ဆောင်ရွက်နေကြောင်း၊ တားမြစ်ခြင်းကြောင့် ကျားဖြန့်လုပ်ငန်းများနှင့် ပြည်သူများအပေါ် သက်ရောက်မှုကို စောင့် ကြည့်ရမည်ဖြစ်ကြောင်း၊ ထိုင်းလုံခြုံရေးတပ်များမှလည်း နယ်စပ်တလျှောက် မှောင်ခိုတင်သွင်းမှု မရှိစေရန် တင်းကျပ်စွာ စောင့်ကြည့်နေပြီး လက်ရှိထိ မှောင်ခိုတင်းသွင်းမှု မရှိသေးကြောင်း သတင်းတွင် ဖော်ပြသည်။

ယခုအခြေအနေက မြန်မာပြည်မဘက်မှ လောင်စာဆီကို ဒေါနတောင်ကိုကျော်၍ တောင်ပေါ်လမ်း၊ တောလမ်းများမှ သွင်ပါကလည်း ဆီဈေးများ ပိုမိုမြင့်တက်နိုင်လာနိုင်ပြီး အခြေခံလူတန်းစာများ ပို၍ အခက်အခဲဖြစ်နိုင်ကြောင်း မြဝတီ ဒေသခံများက သုံးသပ်သည်။
ယင်းသို့ လျှပ်စစ်မီးနှင့် စက်သုံးဆီဖြတ်တောက်သည့်အတွက် ဒေသခံတို့ အရေးပေါ်ကျန်းမာရေးကုသရန် စိန်ခေါ်မှုဖြစ် လာသလို နေ့စဉ်သွားလာရေး၊ စာဝတ်ရေးနေရေး ပိုမိုအခက်အခဲဖြစ်စေကြောင်း လူမှုကူညီရေး အဖွဲ့များထံက သိရသည်။
အလင်းသစ် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူက “ခရိုင်မြို့ပြည်သူ့ဆေးရုံကြီးမှာ မီးမရတော့ ပြည်သူတွေ ထိခိုက်မှု ပိုများတယ်။ ဆေးရုံကြီးမှာက မီးစက်တွေ၊ဘာတွေ မလည်ပတ်နိုင်တော့ ဒုက္ခရောက်တာပေါ့။ ရိုးရိုး ပုဂ္ဂလိက ဆေးရုံတွေက သူက မီးစက်နဲ့ လည်ပတ်မယ်၊ လူနာတွေက ပုဂ္ဂလိကဆေးရုံလာတက်တဲ့အခါ မီးစက်မောင်းမယ်၊ သူရဲ့ ကုန်ကျစရိတ် ကတော့ လူနာဆီမှာပဲ တောင်းမှာပဲလေ” ဟု ပြောသည်။
ထို့ကြောင့် ထိုင်းနိုင်ငံ၏ ကျားဖြန့်နှိမ်နင်းရေး ခေါင်းစဉ်အောက်မှ လျှပ်စစ်မီးနှင့် လောင်စာဆီများ ဖြတ်တောက်မှုသည် အခြေခံလူတန်းစားများကိုသာ ပိုမိုထိခိုက်သောအခြေအနေဖြစ်သောကြောင့် အချိန်မီပြန်လည်ပြင်ဆင်ပေးသင့်ကြောင်း မြဝတီမြို့ခံများက ဆိုသည်။
နောက်ထပ်မြဝတီမြို့ခံတဦးက “အဓိက ထိုင်းကလုပ်တာ ကျားဖြန့်သာပြောတာ ကျားဖြန့်တွေ မထိဘူး။ အခြေခံ လူတန်း စားတွေ ထိတာပေါ့ ။ ကျားဖြန့်က ဆိုလာတွေ သိန်း ၅၀၀၀ ၊ ၁၀၀၀၀ တပ်ထားတယ်။ မီးစက်တွေ ဝယ်ထားတယ်။ ဝိုင်ဖိုင် လိုင်း မရရင် စတားလင့်ခ်တွေကို ဈေးကြီးပေးပြီးသုံးနိုင်တယ်။ သာမန်ပြည်သူတွေက ဘာမှမသုံးနိုင်ဘူးလေ”ဟု ပြော သည်။
လျှပ်စစ်မီး နှင့် စက်သုံးဆီဖြတ်တောက်လိုက်ခြင်းကြောင့် အများပြည်သူအကျိုးပြု လုပ်ငန်းတချို့ လည်ပတ်ရန် အခက်အခဲ ရှိသော်လည်း လောင်းကစားရုံများ ၊ ကျားဖြန့်လုပ်ငန်းများက ဆိုလာများ ၊ မီးစက်များဖြင့် လုပ်ငန်းများ ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နေဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ထိုင်းနိုင်ငံက မီးဖြတ်လိုက်သည့် တာချီလိတ်မြို့တွင် လျှပ်စစ်မီးကို လာအိုနိုင်ငံဘက်မှ မီးလိုင်းများဖြင့် ပြန်အစားထိုးနိုင်၍ လျှပ်စစ်မီးပြဿနာပြေလည်သွားသော်လည်း စက်သုံးဆီအတွက် အခြားနေရာများနည်းတူ အခက်အခဲများ ရှိနေသေး ကြောင်း သိရသည်။

ယင်းသို့ ထိုင်း-မြန်မာနယ်စပ်မှ နေရာငါးခု လျှပ်စစ်မီးဖြတ်မည့်အစီအစဉ်နှင့် ပတ်သက်၍ စစ်ကောင်စီထံ အသိပေးခဲ့သော် လည်း တုံ့ပြန်မှုမရှိကြောင်း ထိုင်း ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai က ပြောကြောင်း မလေးရှားသတင်း The Star တွင် ရေးသားထားသလို လက်ရှိလည်း မိမိတို့ နယ်စပ်ပြည်သူများ ခံစားနေရမှုကို စစ်ကောင်စီထိပ်ပိုင်းခေါင်း ဆောင်များသာမက နယ်စပ်ရေးရာဝန်ကြီးဌာန၏ ဝန်ကြီးသစ် ဒု ဗိုလ်ချုပ်ကြီး ရာပြည့်လည်း ရေငုံနှုတ်ပိတ်လျှက်ရှိသည်ကို တွေ့ရသည်။
ထိုင်းဘက်က ဖေဖော်ဝါရီ ၅ ရက်တွင် မီးဖြတ်ပြီးနောက် ယနေ့၌ မြဝတီမြို့ ရွှေကုက္ကိုမြို့သစ်ရှိ လူကုန်ကူးမှုနှင့် ငွေလိမ်ဂိုဏ်းများသို့ ခေါ်ဆောင်ခံခဲ့ရသော နိုင်ငံခြားသား ၆၁ ဦးကို ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) က အမှတ်၂ တံတားမှတဆင့် ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း ထိုင်းသတင်းဌာန The Reporters တွင် ဖော်ပြသည်။
ထို့ပြင် BGF ၏ ဖေဖော်ဝါရီ ၆ ရက် ထုတ်ပြန်ချက်တွင် ကရင်ပြည်နယ် နယ်စပ်ဒေသများတွင် လူကုန်ကူးမှု၊ မသမာမှုပြုခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ကလေးလုပ်သား အသုံးပြုခြင်း၊ မူးယစ်ဆေးဝါးရောင်းချသုံးစွဲခြင်း၊ လိမ်လည်လှည့်ဖျားခြင်း အစရှိသည်တို့ကို လုံးဝလက်မခံဘဲ ဖော်ထုတ်ဖမ်းဆီးလျက်ရှိသည့်အပြင် လုပ်ငန်းပိတ်သိမ်း၍ သက်ဆိုင်ရာသို့ အပ်နှံနေကြောင်း ဆိုထားသည်။
You may also like these stories:
ထိုင်းလောင်စာဆီဖြတ်တောက်မှု မြဝတီနှင့် တာချီလိတ်၌ အခက်ကြုံ
လျှပ်စစ်မီး ပြတ်တောက်မှုက ရန်ကုန်နေ ပြည်သူများကို နေ့စဉ် ဖိစီးနေ
ဆုံးရှုံးနယ်မြေများသို့ လောင်စာဆီမရောက်ရေး စစ်ကောင်စီ ပိတ်ဆို့














