ထိုင်း-မြန်မာနယ်စပ် အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်)တွေကို နှိမ်နင်းဖယ်ရှားဖို့ ထိုင်းအစိုးရက ပြင်းပြင်းထန်ထန် ဖိအားပေးလာချိန် မြဝတီဒေသတွင်းမှာ နယ်မြေစိုးမိုးထားတဲ့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)နဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့တခုဖြစ်တဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA) တို့က ကျားဖြန့်လုပ်ငန်းတွေမှာ ပိတ်မိနေတဲ့သူတွေကို ဆက်တိုက်ဆိုသလို ကယ်ထုတ်တာတွေ လုပ်ဆောင်နေပါတယ်။
DKBA အနေနဲ့ သူတို့ထိန်းချုပ်ဒေသဖြစ်တဲ့ မြဝတီမြို့နယ် ကျောက်ခက်ကျေးရွာက ကျားဖြန့်လုပ်ငန်းတွေမှာ ချုပ်နှောင်ခံထားရတဲ့သူတွေထဲက စုစုပေါင်း လူဦးရေတရာကျော်ကို ကယ်ထုတ်ထားပြီး မကြာမီ ထိုင်းနိုင်ငံဘက်ကို လွှဲပြောင်းပေးဖို့ ပြင်ဆင်နေပါတယ်။
ထိုင်းအစိုးရဖိအားကြောင့် ကျားဖြန့်နှိမ်နင်းရေးမှာ DKBA အနေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ့်အခြေအနေ၊ ပိတ်မိနေသူတွေကို ကယ်ထုတ်နေတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး ကျောက်ခက်ဒေသကို ထိန်းချုပ်ထားတဲ့ DKBA အမှတ်(၁) ကွပ်ကဲရေး တပ်မှူး ဗိုလ်မှူးချုပ်စိုင်းကျော်လှကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။
မေး ။ ။ DKBA အနေနဲ့ ကျားဖြန့်တွေကနေ ကယ်ထုတ်ထားတဲ့ နိုင်ငံခြားသားတွေကို ထိုင်းဘက်ကိုပြန်လွှဲမယ့်အခြေအနေ ဘယ်လိုရှိပါသလဲ။
ဖြေ ။ ။ မလွှဲရသေးဘူး။ လိုက်စိစစ်ပြီးတော့ စုစုစည်းစည်း အစုလိုက်ရမှပဲ ပို့မယ်လို့ ဆုံးဖြတ်ထားတာ။ တရာကျော်တော့ ရှိပြီပေါ့၊ မနေ့ကတော့ ၅၃ ဦး၊ ဒီနေ့နဲ့ပေါင်းရင်တော့ တရာကျော်ရှိတယ်။ ပါတဲ့သူတွေကတော့ အတိအကျ ကျနော်မပြောနိုင်သေးဘူး။ ကြားရတာတော့ ပါကစ္စတန် လေး ငါးယောက်နဲ့ နီပေါ ငါးယောက်၊ ကျန်တာက အာဖရိကဘက်က၊ ဖိလစ်ပိုင်လည်း ပါတယ်။

မေး ။ ။ ဒီလူတွေက သံရုံးတွေကနေ အကြောင်းကြားလို့ ရှာပေးထားတဲ့သူတွေလား။
ဖြေ ။ ။ နစက အစိုးရ ဆက်သွယ်လာတာလည်း ပါတယ်။ နီပေါအုပ်စုတွေပေါ့၊ ပါကစ္စတန်ကျတော့ မဲဆောက်က မိန်းကလေးတယောက် ဆက်သွယ်လာတော့ ကျနော်သွားရှာတော့ သုံးယောက်တွေ့တယ်။ မနေ့ကနောက်ထပ်နှစ်ယောက်ရတော့ ငါးယောက် တွေ့သွားတာပေါ့။ ပြန်ချင်တဲ့သူတွေကို ကျနော်ပြန်သွားပြီးတော့ ခေါ်လာတာပေါ့။ အားလုံးပေါင်းကတော့ ၆၀ ကျော်၊ အဲဒီနေရာပဲ။ တခြားနေရာတွေလည်း ရှိတယ်ပေါ့။ ပြန်ချင်တဲ့သူရှိရင် အကုန်ပေးပြန်လို့ ရတယ်၊ တချို့က အလုပ်လုပ်တဲ့စာချုပ် မပြည့်သေးဘူး။ ဒါပေမယ့်ပြန်ချင်တယ်ဆို အဲဒါတွေလည်း ဆွဲခေါ်ထုတ်ပေးတယ်ပေါ့။
မေး ။ ။ ဒီလူတွေအကုန်လုံးက ကျောက်ခက်ကပဲလား။
ဖြေ ။ ။ ဟုတ်တယ်၊ ဒီကျောက်ခက်ကပဲ။ ကျောက်ခက်က မကြီးဘူး။ နာမည်က သတင်းကထွက်နေတော့ တကယ့်အကြီးကြီးလို ထင်နေတာ။ အဆောက်အဦက အလုံး ၂၀ တောင်မပြည့်ဘူးလေ။ သေးသေးလေးရယ်။ ဒါပေမယ့် အရင်တုန်းက ရထိုက်တို့ နာမည်ဆိုးရတုန်းက ဒီကုမ္ပဏီတွေ ဒီဘက်မှာတက် တက်လာတော့ ဒီလိုမျိုး အွန်လိုင်းဆိုတာ ဒို့လည်း အရင်က နားမလည်ဘူးလေ။ ပြဿနာတက်မှပဲ အဲဒါရှင်းထုတ်နေရတာ။ တချို့ကျတော့လည်း ကုမ္ပဏီအစုအဖွဲ့လိုက် ထွက်သွားတာ သုံးရာကျော်ရှိတယ်။ မြဝတီဘက်ခြမ်းမှာပဲ ထွက်သွားတာပဲ။
မေး ။ ။ ပါကစ္စတန်ကလူတွေ နှိပ်စက်ခံရတာတွေရှိတယ်လို့ သတင်းတွေ ကြားရတယ်။
ဖြေ ။ ။ မဟုတ်ဘူး၊ မဟုတ်ဘူး။ အခုက သတင်းပေးတဲ့ မိန်းကလေးကို ပြောတာက နင်က ငါ့ကိုရှာခိုင်းပြီးတော့၊ ခေတ်သစ်မီဒီယာကို နင်လိုက်သွား မပြောရဘူး၊ နင်ကိုယ်တိုင် လာကြည့်၊ နင့်လူတွေကို။ အရိုက်ခံရလား မရိုက်ရဘူးလား ကိုယ်တိုင်လာမေးလို့။ လျှောက်ပြောတယ်လေ၊ သတင်းသမားတွေက လျှောက်ရေးတာ။ တကယ်လို့ နှိပ်စက်တာတွေ ရှိတယ်ဆိုရင်တော့ အဲဒီကုမ္ပဏီပါ ဆွဲထုတ်ရမှာပေါ့၊ အဲဒီကုမ္ပဏီကို ပေး ပြန်ရမှာ။ အခုလက်ရှိကတော့ လူကိုပဲ အရင် ရှင်းထုတ်ရတာပေါ့။

မေး ။ ။ သတင်းတချို့မှာတော့ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ လွတ်မြောက်လာသူက ကျောက်ခက်ကပဲလို့လည်း ဖော်ပြတာမျိုး တွေ့ရတယ်။
ဖြေ ။ ။ မရှိဘူး၊ မဟုတ်ဘူး အဲဒီဟာက၊ သူတို့တခြားဟာကနေ ကောက်ယူပြီး ဒါသက်သက် ဒုက္ခပေးတာပေါ့၊ သတင်းပေးတဲ့ကောင်မလေးကိုလည်း ကျနော်လှမ်းပြောတယ်။ နင်က ပြန်သွားပြော၊ မဟုတ်မဟတ်တွေ ရန်ကုန်ခေတ်သစ်က ဒီလိုမျိုးလျှောက်ရေးတာ အရေးမကြီးဘူး။ ကျနော်တို့တပ်ဖွဲ့ ထိခိုက်တယ်လေ။ အခု အဲဒီမိန်းကလေး လာနေပြီ၊ သူ့ကို သွားကြည့်ခိုင်းမလို့။
မေး ။ ။ ကျောက်ခက်က လောင်းကစားဝိုင်းတွေရဲ့ အခြေအနေကရော။
ဖြေ ။ ။ လောင်းကစားဝိုင်းက ရှိတယ်။ အခုမှ မဟုတ်ဘူး။ လောင်းကစားဝိုင်းက ကျနော်လုပ်ခဲ့တာ နှစ် ၂၀ နီးနီးရှိပြီ။ ကျနော်တို့ပေး မလုပ်တာ ကျားဖြန့်နဲ့ပတ်သက်တာက ပြည်သူလူထုနဲ့ ငြိသွားမှာ။ ထိုင်းနိုင်ငံကလည်း မလိုလားတဲ့အတွက် ဆီတွေပိတ်ရင် ကျနော်တို့ဒေသမှာ တော်တော်များများ ပြောင်းတွေ လုပ်တယ်လေ။ ပြောင်းလုပ်တော့ ထွန်ယက်ရမှာကိုး၊ ဆီမရှိရင် ရွာသားတွေ အလုပ် မရှိတော့ဘူး။
မေး ။ ။ ကျားဖြန့်နဲ့ပတ်သက်နေတဲ့ တရုတ်တွေကိုရော ဘယ်လို အရေးယူမှုတွေရှိမလဲ။
ဖြေ ။ ။ အခုကတော့ အချိန်ယူရမှာပေါ့။ ဒီလောင်းကစားကတော့ ကျနော်တို့ ပေးလုပ်တယ်၊ ကြိုဆိုတယ်။ ကျားဖြန့်တို့ လူလိမ်ဂိုဏ်းတွေသာ ပေး မနေတာ။ တရုတ်တွေကို အရေးယူဖို့ မရှိဖူးဆိုတာက မကောင်းတာရှိရင်တော့ အကုန်အရေးယူရတာပဲ၊ အခုလည်း အရေးယူတယ်လို့ဆိုလို့ ရတာပေါ့။ ကျားဖြန့်ဆိုပြီး နာမည်ကြီးသွားတာ ကာစီနိုအွန်လိုင်းတွေက ၁၀၀မှာ မကောင်းတာ ၃၀ လောက်ပဲ ရှိတာပါ။ မကောင်းတာတွေတော့ ရှင်းထုတ်ရမှာပေါ့၊ ကာစီနိုအွန်လိုင်းကျတော့ ကျနော်တို့နေရာပဲ မကပါဘူး၊ နိုင်ငံတိုင်းတော့ ရှိပါတယ်။ သိပ်မကြာခင်တုန်းက ထိုင်းနိုင်ငံကလည်း ဥပဒေပြဋ္ဌာန်းပြီး ကာစီနိုတွေ ဘာတွေ တရားဝင်ပေးမလိုလို အဲဒီလိုလည်းကြားရတယ်လေ။
မေး ။ ။ ကျားဖြန့်လုပ်ငန်းတွေကနေ ပြန်လည်ကယ်ထုတ်ခဲ့တဲ့အရေအတွက်က လက်ရှိအချိန်ထိဆို ဘယ်လောက်ရှိပြီလဲ။
ဖြေ ။ ။ ကျနော်တို့ကတော့ ကြာပြီ။ သုံးလကျော် လေးလနီးနီး ရှိပြီ။ နိုင်ငံတော်နဲ့ ထိုင်းနိုင်ငံဘက်က စာရင်းနဲ့တောင်းလာတာက ဦးရေနှစ်ရာကျော်ရှိပြီ။ တပြိုင်တည်းတော့မဟုတ်ဘူးပေါ့။ ၄၀၊ ၅၀၊ ၂၀ ၊ ၃၀ အဲဒီလိုမျိုးပေါ့။

မေး ။ ။ ကျားဖြန့်လုပ်ငန်းတွေနဲ့ နာမည်ထွက်လာတဲ့ ကျောက်ခက်စီမံကိန်းကို ဘယ်လိုလုပ်ဖြစ်ခဲ့တာလဲ။
ဖြေ ။ ။ စီမံကိန်းက ကျနော်တို့ဒေသ ဖွံ့ဖြိုးတိုးတက်အောင် နိုင်ငံတကာအစ၊ အိမ်နီးချင်းနိုင်ငံတွေအစ မိတ်ဆွေအပေါင်းအသင်းတွေ ဖိတ်ခေါ်တာပေါ့၊ ရင်းနှီးမြှုပ်နှံဖို့၊ တိုးတက်ဖို့၊ ပြည်သူတွေ အကြွေးမရှိရေးတော့ အဓိက မူတည်တာပေါ့။
မေး ။ ။ ကျားဖြန့်နှိမ်နင်းရေးနဲ့ ပတ်သက်လို့ ထိုင်းဘက်က ဆီတင်ပို့မှု ဖြတ်တောက်တာတွေလုပ်သလို BGF ခေါင်းဆောင်တွေကို ဝရမ်းထုတ်ဖို့အထိပါ လုပ်ဆောင်နေတာတွေနဲ့ပတ်သက်ပြီး ဘယ်လိုထင်ပါသလဲ။
ဖြေ ။ ။အဓိကတော့ ထိုင်းနိုင်ငံ မလိုလားတဲ့ ဥပဒေဘောင်နဲ့ မကိုက်ညီတဲ့အလုပ်တွေ ဒို့က ထိုင်းနဲ့ ပူးပေါင်းထိန်းသိမ်းရမှာပေါ့။ ဒို့မြန်မာပြည်အစိုးရနဲ့ အစစအရာရာပေါ့လေ။
မေး ။ ။ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ကျားဖြန့်လုပ်ငန်းတွေကနေ ပိုက်ဆံများစွာရနေတယ်ဆိုတဲ့ ပြောဆိုသုံးသပ်မှုတွေနဲ့ ပတ်သက်ပြီး ဘာများ ပြောချင်ပါသေးလဲ။
ဖြေ ။ ။ တခြားအဖွဲ့အစည်းတော့ ဝင် မပြောရဲဘူး။ ကျနော်တို့ DKBA တခုလုံး ထိန်းချုပ်ဒေသမှာတော့ ကျနော်ပြောရဲတယ်။ ဒီဥပဒေမကင်းတဲ့ အလုပ်တွေတော့ ကျနော်တို့က ရှင်းထုတ်ဖို့ ဆုံးဖြတ်ထားတယ်။ ဝူးဝူးဝါးဝါးတော့ မနိုင်ဘူးပေါ့လေ၊ ဖြည်းဖြည်း သွားရမှာပေါ့။ အမှန်ကတော့ ဘာမှ ရတာ မဟုတ်ဘူး။ သတင်းသာ ထွက်နေတာ၊ ကျောက်ခက်က သေးသေးလေးရယ်၊ လာရင် တွေ့ရမှာပေါ့။ တကယ့်သေးသေးလေးပဲ၊ ဖလူးလောက်တောင် မရှိဘူး။
You may also like these stories:
နာမည်ကြီးနေတဲ့ ကျားဖြန့်ကိစ္စနဲ့ BGF အပြော
ကျားဖြန့်တိုက်ဖျက်ရေး ဒုတိယပစ်မှတ်ဖြစ်လာတဲ့ မြဝတီ
ဆင်တကောင်လုံး တွေ့နေသော်လည်း ဆင်ခြေရာရှာနေသည့် ကျားဖြန့်ပြဿနာ














