စစ်တပ်သစ္စာခံ ကိုးကန့်နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်ရာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့က အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို “၁၀၂၇ စစ်ဆင်ရေး” နဲ့အတူ တိုက်ခိုက်နှိမ်နင်းပြီးနောက်မှာတော့ ကရင် နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်ရာ မြဝတီ မြို့နယ်က ငွေလိမ်လုပ်ငန်းတွေဟာလည်း ဖိအားတွေ တိုးမြှင့်လာပါတယ်။
တရုတ် ရာဇဝတ်ဂိုဏ်းတွေရဲ့ပါဝင်မှုနဲ့ ထိုင်း- မြန်မာနယ်စပ် မြဝတီမြို့နယ်မှာ ၂၀၁၇ ခုနှစ်ကစလို့ အွန်လိုင်းလောင်း ကစားနဲ့ ငွေလိမ်ဂိုဏ်းတွေ အခြေစိုက်ကြီးထွားလာပြီး လူကုန်ကူးမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ အဓမ္မခိုင်းစေမှု စတဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့် ထောက်ပြ ဖိအားပေးခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး။
အာဏာသိမ်း စစ်ကောင်စီကတော့ သူ့ရဲ့ အားထားရာဖြစ်တဲ့ နယ်ခြားစောင့်တပ်တွေ ကြီးစိုးရာ နယ်စပ်ဒေသတွေက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ တိုက်ဖျက်ဖို့ တရုတ်အပါအဝင် နိုင်ငံတကာရဲ့ ဖိအားပေးတောင်းဆိုမှုအပေါ် မျက်ကွယ်ပြု ထားဆဲပါ။
ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ “၁၀၂၇ စစ်ဆင်ရေး” ပေါ်ပေါက်လာချိန်မှာတော့ အွန်လိုင်း ငွေလိမ်လုပ်ငန်း လုပ်ကိုင်နေကြတဲ့ သစ္စာခံနယ်ခြားစောင့်တပ်ခေါင်းဆောင်တွေကို ဆက်လက် ကာကွယ်ပေးဖို့ရာ စစ် ကောင်စီအနေနဲ့ ဖိအား ပိုပြီး ကြုံတွေ့လာရပါတယ်။
တရုတ်ရဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း တိုက်ဖျက်ရေး ဖိအားပေးမှု ပြင်းထန်လာတာနဲ့ အချိန်ကိုက်ပေါ်လာတဲ့ “ ၁၀၂၇ စစ် ဆင်ရေး” ဟာ စစ်အာဏာရှင်အမြစ်ဖြတ်ရေးနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ တိုက်ဖျက်ဖို့အတွက် ကြွေးကြော်ခဲ့ပါ တယ်။
စစ်ဆင်ရေး ၂ လကျော်အတွင်းမှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ အခြေစိုက်တဲ့ လောက်ကိုင်မြို့အပါအဝင် ကိုးကန့်ဒေသ ထဲက မြို့တွေနဲ့ ရာနဲ့ချီတဲ့ စစ်တပ်စခန်းတွေကို ညီနောင်မဟာမိတ် ၃ ဖွဲ့ တိုက်ခိုက် ချေမှုန်းနိုင်ခဲ့ပါတယ်။
စစ်ဆင်ရေး မကြေညာမီ လပိုင်းအလိုမှာ စစ်ကောင်စီ လက်အောက်ခံ ကုန်းကြမ်းမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ ဝင် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အမတ်ဟောင်း ဦးမောင်မောင် အပါအဝင် ကိုးကန့်လုပ်ငန်းရှင် ၁၂ ဦးကို တရုတ်နိုင်ငံဘက်ခြမ်းမှာ ဖမ်းဆီးလိုက်ပြီး ကိုးကန့်ဒေသက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေအပေါ် တရုတ်ရဲ့အရေးယူမှု စတင်ခဲ့ပါတယ်။
အဲဒီနောက် ကိုးကန့်ဒေသထဲက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာရှိတဲ့ တရုတ်နိုင်ငံသားတွေကို ဖမ်းဆီးပြီး ပြန်ပို့ဖို့ ဖိအားပေးခဲ့ပေမယ့် စစ်တပ်နဲ့ကိုးကန့် ဦးစီးအဖွဲ့ဟာ အယောင်ပြ လှုပ်ရှားမှုသာပြခဲ့လို့ တရုတ်ဟာ စစ်ကောင်စီကို ဖိအားပေးမှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။
“၁၀၂၇ စစ်ဆင်ရေး” ပေါ်လာပြီး မြင်ရွှေချမ်းမိသားစု၊ ပယ်ဆောက်ချိန်၊ နယ်ခြားစောင့်တပ် ခေါင်းဆောင် ဝေဆန်း၊ လျိုအာပေါက်တို့ အပါအဝင် ကိုးကန့်ဒေသ ဦးစီးအဖွဲ့ခေါင်းဆောင်ဟောင်းတွေနဲ့ လက်ရှိအဖွဲ့ဝင်တချို့ကိုပါ အွန်လိုင်း ငွေလိမ်မှုနဲ့ ပတ်သက်ပြီး ထပ်မံ ဝရမ်း ထုတ်လိုက်ပါတယ်။

ဒီနေရာမှာ မြင်ရွှေချမ်း မိသားစုကိုသာ စစ်ကောင်စီက ဖမ်းဆီး လွှဲပြောင်းပေးခဲ့ပြီး နယ်ခြားစောင့်တပ် ခေါင်းဆောင် တွေဖြစ်တဲ့ ပယ်စောက်ချိန်၊ သူ့ရဲ့သား ပယ်ရင်ချန်နဲ့ ဝေဆန်းတို့ အပါအဝင် ၁၀ ဦးကိုတော့ ဖမ်းဆီးလွှဲပြောင်းခြင်း မရှိသေးပါဘူး။
ကိုးကန့်ဒေသ ဦးစီးအဖွဲ့ဝင်ဟောင်း မြင်ရွှေချမ်းကို လွှဲပြောင်းပေးတာဟာလည်း ဖမ်းဆီးစဉ် ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ အဆုံးစီရင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရုပ်အလောင်းသာ လွှဲပြောင်းခဲ့တာ ဖြစ်ပါတယ်။
ညီနောင်မဟာမိတ်အဖွဲ့ စစ်ဆင်ရေးကြောင့် ရှမ်းမြောက်ဒေသမှာ အထိနာနေတဲ့ စစ်ကောင်စီအတွက် နောက်ထပ် သစ္စာခံ ကရင်နယ်ခြားစောင့်တပ် ထိန်းချုပ်ဒေသက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ တိုက်ဖျက်ဖို့ ထပ်မံဖိအားပေးမှုတွေ ကြုံလာရတာ ဖြစ်ပါတယ်။
ထိုင်းဘုရင့်တပ်မတော် ပူးပေါင်းစစ်ဆင်ရေး ညွှန်ကြားရေးမှူး ဒုဗိုလ်ချုပ်ကြီး ဂျက်ကာပေါင် ဂျန်ပန်းပန်က ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်က စစ်ခေါင်းဆောင်နဲ့ နေပြည်တော်မှာ လာရောက်တွေ့ဆုံပြီး နယ်စပ် မြဝတီမြို့နယ်က အွန်လိုင်းငွေ လိမ်လုပ်ငန်းတွေ တိုက်ဖျက်ဖို့ ပြောဆို ဆွေးနွေးခဲ့ပါတယ်။
ဒီတွေ့ဆုံမှု မတိုင်ခင်ကလည်း ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာနိုင်ငံတို့မှာ ဖြစ်ပွားနေတဲ့ အွန်လိုင်းငွေလိမ်မှုနဲ့ ဆက်နွှယ် တဲ့ လူကုန်ကူးမှု၊ အဓမ္မစေခိုင်းမှုစတဲ့ ရာဇဝတ်မှုတွေမှာ ကျူးလွန်သူတွေအဖြစ် စွပ်စွဲပြီး ရွှေကုက္ကိုလ်စီမံကိန်း တည် ထောင်သူတွေဖြစ်တဲ့ She Zhijang၊ BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနဲ့ BGF ရဲ့ ချစ်လင်းမြိုင် ကုမ္ပဏီ ဒါရိုက် တာ စောမင်းမင်းဦးတို့ကို ဒဏ်ခတ် အရေးယူမှုစာရင်းမှာ ထည့်သွင်းလိုက်ပါတယ်။
ဗြိတိန်အစိုးရရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုဟာ စစ်တပ်သစ္စာခံ စောချစ်သူအတွက် ရာဇဝတ်မကင်းတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံတကာ အရေးယူမှုလမ်းကြောင်းပေါ် ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။
ထိုင်း- မြန်မာ နယ်စပ်တလျောက်မှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ ရွှေကုက္ကိုလ်တခုတည်း မဟုတ်ဘဲ မြဝတီမြို့ပေါ်နဲ့ သောင်းရင်းမြစ်ကမ်းတလျောက် များစွာ ရှိနေပါတယ်။
ဒီအွန်လိုင်းငွေလိမ်ဂိုဏ်းတွေ တိုက်ဖျက်ဖို့ နိုင်ငံတကာ ဖိအားပေးမှုတိုးလာချိန်မှာ ဒေသအတွင်း စစ်ကောင်စီကို ဦးဆောင် တိုက်ခိုက်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ကလည်း အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ တိုက်ဖျက်ရေး တရုတ်၊ ထိုင်းတို့နဲ့ လက်တွဲ ဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ ပြောလာပါတယ်။

နယ်စပ်ဒေသက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ စစ်တပ်ကျောထောက်နောက်ခံနဲ့ အင်အားကြီး လက်နက်ကိုင်တပ်ဖွဲ့ တွေက လုပ်ကိုင်နေတာဖြစ်လို့ ပေါ်လစီအရ အားပေးခြင်း မဟုတ်ဘဲ လက်နက်ကိုင်အဖွဲ့အစည်းတခုကို ချေမှုန်းနိုင်တဲ့ အနေအထားတခုကို ကူညီဖို့လိုအပ်နေတယ်လို့ KNU ပြောခွင့်ရှိသူ ပဒိုစောတောနီးက ဆိုပါတယ်။
ဆက်လက်ပြီး သူက “ဒီဟာကြီးက တကယ် ပျောက်စေချင်ရင်တော့ တိုက်ဖျက်ရမှာပဲ၊ ဘယ်နည်းလမ်းမဆို သုံးရမှာပဲ၊ တကယ့် အိမ်နီးချင်းနိုင်ငံတွေက တကယ် ဒီဟာကို တိုက်စေချင်ရင်တော့ ကျနော်တို့ သေချာကူညီပေးရမယ်။ လိုအပ်တဲ့ ရုပ်ဝတ္ထု ပစ္စည်းတွေ ပုံအောပြီးတော့ ပေးလိုက်ရင် ကျနော်တို့ နေ့ချင်းညချင်း တိုက်ဖျက်လို့ရတယ်“ လို့ ပြောပါတယ်။
ဒီလုပ်ငန်းတွေ လုပ်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေကို စစ်တပ်က အားပေးအားမြှောက်လုပ်ရင်း အကျိုးအမြတ် ရယူနေ တာဖြစ်လို့ စစ်ကောင်စီနဲ့ ပူးပေါင်းနေသမျှ တိုက်ဖျက်နိုင်မှာ မဟုတ်ဘူးလို့လည်း သူက သတိပေးပြောဆိုပါတယ်။
တဖက်မှာလည်း ရွှေကုက္ကိုလ်စီမံကိန်းလိုပဲ တရုတ်ကုမ္ပဏီတွေနဲ့ KNU ခေါင်းဆောင်ဟောင်းတချို့ ပူးပေါင်း လုပ် ကိုင်ခဲ့တဲ့ KK Park စီမံကိန်းဟာလည်း နိုင်ငံတကာမှာ လူကုန်ကူးမှု၊ ညှဉ်းပန်းမှု၊ ကျွန်ပြုစေခိုင်းမှုတွေနဲ့ နာမည်ဆိုး ကျော်ကြားပါတယ်။
ဒီအချက်ကို ထောက်ပြီး အွန်လိုင်းငွေလိမ်ဂိုဏ်းတိုက်ဖျက်ရေး KNU ပြောဆိုချက်ဟာ ဗြောင်လိမ်ဗြောင်စား လုပ်ရပ် ဖြစ်တယ်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ထားပြီး KK Park စီမံကိန်းကို KNU နဲ့ ကုမ္ပဏီတခုက လက်မှတ်ထိုး တည် ဆောက်ထားတာဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇန်နဝါရီ ၁၀ ရက်မှာ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

KK Park စီမံကိန်းမှာ KNU အဖွဲ့အစည်းအနေနဲ့ မပတ်သက်ဘူးလို့ ပဒိုစောတောနီးက ငြင်းဆိုထားပြီး ဒေသတွင်း တရားမဝင်စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲထားတဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ပဒိုစော ရော်ဂျာခင်၊ တပ်မဟာ- ၇ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဖောဒို၊ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီရဲ့သား စောဒို့စိုး၊ တပ်မဟာ-၄ ဘိတ်- ထားဝယ်ခရိုင်အတွင်းရေးမှူး စောတင်စိုး (ခ)ပဒိုစောအယ်နာဒိုနဲ့ ဗိုလ်မှူးကြီး စောဘချော တို့အပေါ် စုံစမ်းစစ်ဆေးမှုတွေတော့ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်လို့ ဆိုပါတယ်။
“ဒီကိစ္စကြီးကို ကျနော်တို့ မဖြေရှင်းတာတော့ မဟုတ်ဘူး၊ ဖြေရှင်းမယ်၊ ဒါပေမယ့် သူ့အချိန်နဲ့သူ ဘယ်ဟာကပိုပြီးတော့ အရေးကြီးသလဲ၊ စစ်ကောင်စီပြုတ်ကျရေးအတွက် စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက်လုပ်နေရတဲ့အချိန်မှာ ဒါကို တဖြည်းဖြည်းတော့ လုပ်တော့ လုပ်နေမှာပဲ” လို့ ပဒိုစောတောနီးက ပြောပါတယ်။
ကရင့် နိုင်ငံရေးလေ့လာ စောင့်ကြည့်သူ အရပ်ဘက်အဖွဲ့အစည်း ခေါင်းဆောင်တဦးကတော့ အွန်လိုင်း ငွေလိမ်လုပ် ငန်းနဲ့ ပတ်သက်လို့ KNU အနေနဲ့ ပတ်သက်မှုမရှိကြောင်း ဦးစွာရှင်းလင်းပြသဖို့ လိုအပ်ပြီး အဲဒီလို မရှင်းလင်းနိုင်ရင် နိုင်ငံတကာက ထဲထဲဝင်ဝင် ကိုင်တွယ်လာချိန်မှာတော့ ပိုမိုရှုပ်ထွေးတဲ့ အခြေအနေတွေ ဖြစ်လာနိုင်တယ်လို့ ထောက်ပြ ပြောဆိုပါတယ်။
သူက “အွန်လိုင်း ငွေလိမ်မှုလုပ်ငန်းကြီးက KNU ဂုဏ်သိက္ခာတင် မကဘူး။ ကျနော်တို့ ကရင်လူထုတခုလုံးအတွက်ပါ သိက္ခာကျစေပါတယ်။ KNU အနေနဲ့ ရှင်းရှင်းလင်းလင်း မပြသနိုင်ဘူးဆိုရင် ထိုင်းနဲ့ တရုတ်က တကယ် ကိုင်တွယ် လာတဲ့အခါ ပိုပြီးရှုပ်ထွေးလာနိုင်ပါတယ်” လို့ ပြောပါတယ်။
ဒါ့ပြင် ကရင် လက်နက်ကိုင်တပ်ဖွဲ့တွေ ပြန်လည်ပေါင်းစည်းရေးခေါင်းစဉ်နဲ့ KNU ခေါင်းဆောင်အချို့ BGF ခေါင်းဆောင် စောချစ်သူနဲ့ ပူးပေါင်းလုပ်ကိုင်နေတာတွေကိုလည်း ကရင်အရပ်ဘက် အဖွဲ့အစည်းတွေက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ ကြပါသေးတယ်။

ထိုင်း- မြန်မာနယ်စပ် မြဝတီဒေသက အွန်လိုင်းငွေလိမ်ဂိုဏ်း စီမံကိန်းကြီးတွေကို ထိုင်းအစိုးရရော မြန်မာ စစ်ကောင်စီ ပါ အခုမှ သိတာ မဟုတ်ပါဘူး။
မြန်မာစစ်တပ်အနေနဲ့ အာဏာသိမ်းဖို့ လပိုင်းအလို ၂၀၂၀ ပြည့်နှစ်ထဲမှာ စောချစ်သူအပါအဝင် BGF ခေါင်းဆောင် တချို့ကို စီးပွားရေးလုပ်ချင်ရင် တပ်က ထွက်ဖို့ ဖိအားပေးခဲ့ပေမယ့် BGF ခေါင်းဆောင်အားလုံးက နုတ်ထွက်စာတင်ကာ သီးခြား လက်နက်ကိုင်တပ်အဖြစ် ရပ်တည်ဖို့ တုံ့ပြန်ခဲ့တာကြောင့် စစ်တပ်က အလျော့ပေးခဲ့ရပါတယ်။
တိုင်းပြည် အာဏာသိမ်းဖို့ ကြံနေတဲ့စစ်တပ်အတွက် BGF တွေ ပုန်ကန်ပြီး ကရင် လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပြန်လည် ပူးပေါင်းသွားမှာကို မလိုလားခဲ့ပါဘူး။
ကရင် တော်လှန်ရေးကို ပြိုကွဲစေဖို့ သွေးခွဲစည်းရုံးတဲ့အပြင် လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ်နဲ့ စီးပွားရေး လုပ်ပိုင်ခွင့်တွေပေး မွေးမြူခဲ့တဲ့ စောချစ်သူ ဦးဆောင်တဲ့ BGF တွေဟာ တကယ်တမ်းအာဏာသိမ်းပြီးချိန်မှာလည်း ကရင်းပြည်နယ် စစ်မျက်နှာမှာ တော်လှန်းရေးပူးပေါင်းတပ်တွေကို ချေမှုန်းဖို့ အားကိုးအားထားပြုရာ လက်ကိုင်တုတ် တွေ ဖြစ်လာပါတယ်။
လက်ရှိမှာလည်း ကရင်ပြည်နယ်အတွင်း KNU ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခြင်းခံနေရတာဖြစ်လို့ BGF တွေရဲ့ ထိန်းချုပ်တဲ့ ထိုင်း-မြန်မာနယ်စပ်က အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ တိုက်ဖျက်ဖို့ နိုင်ငံတကာဖိအားပေးမှုတွေ တိုး လာပေမယ့် စစ်တပ်က BGF ခေါင်းဆောင်တွေကို အရေးယူဖို့ မရှိနိုင်ကြောင်း စစ်ရေးလေ့လာသူတဦးက သုံးသပ်ပါ တယ်။
“တရုတ်က ဝရမ်းထုတ်တဲ့ ပယ်စောက်ချိန်နဲ့ ဆယ်ယောက်အုပ်စုဆိုလည်း ဖမ်းတာမှမဟုတ်ဘဲ ကာကွယ်ပေးထား တာပဲ။ စောချစ်သူတို့ကိုလည်း အကာအကွယ်ပေးထားမှာပဲလေ၊ စောချစ်သူတို့ ဖော်ရင် သူတို့ ဘယ်လောက်ရထားလဲ ပါ ပေါ်ကုန်မှာပေါ့၊ စစ်တပ်က တကယ်ဖြေရှင်းချင်ရင် စောချစ်သူအဖွဲ့ကို သူတို့ ဖြေရှင်းလိမ့်မယ်။ ဒါပေမယ့် သူတို့က မဖြေရှင်းဘူး၊ ဘာလို့လဲဆိုတော့ စောချစ်သူတို့ အဖွဲ့မရှိရင် သူတို့ မြဝတီ၊ ကော့ကရိတ်မှာ ရပ်တည်လို့မရဘူး” လို့ ပြောပါတယ်။
ကိုးကန့် စစ်မြေပြင်မှာတော့ ညီနောင်မဟာမိတ်အဖွဲ့ရဲ့ ပြင်းထန်တဲ့ ထိုးစစ်နဲ့ တရုတ်ရဲ့ ဝရမ်းထုတ်ဖိအားပေးမှုကြောင့် ပယ်စောက်ချိန်နဲ့ နယ်ခြားစောင့်တပ်တွေ ထွက်ပြေးရပြီး ပြည်သူ့စစ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ထောင်နဲ့ချီ လက် နက်ချ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

KNU ဦးဆောင်တဲ့ တောင်ပိုင်း စစ်မျက်နှာမှာတော့ စုစည်းမှုနဲ့ လက်နက်တပ်ဆင်မှု အားကောင်းတဲ့ ညီနောင်မဟာမိတ် အဖွဲ့လို အင်နဲ့အားနဲ့ ထိုးစစ်ဆင်နိုင်မလားဆိုတာ မေးခွန်းတွေရှိနေသလို တရုတ်အစိုးရနဲ့ ထိုင်းတို့ရဲ့ ဖိအားပေးပါဝင်မှု ကလည်း ဘယ်လောက် ရှိလာမလဲဆိုတာ မြင်သာတဲ့ ရလာဒ်တော့ မရှိသေးပါဘူး။
ပဒိုစောတောနီးက “ အိမ်နီးချင်းနိုင်ငံနဲ့ ပူးတွဲ၊ လက်တွဲလုပ်ဆောင်ရမယ်ဆိုတာ ဒီအလုပ်က ပေါ့သေးသေး အလုပ်တခု မဟုတ်ဘူး၊ တော်တော်ကြီးကျယ်တယ်၊ အင်နဲ့အားနဲ့ လုပ်ရမယ့် အလုပ်တခုဖြစ်တယ်၊ ပေါ်လစီအရ ဒီဟာတွေ တိုက် ဖျက်ရမယ်ဆိုပြီးတော့ ဘာမှမလုပ်ဘဲနဲ့ လေနဲ့ပဲ အားပေးနေတယ် ဆိုရင်တော့ ကျနော်တို့ဘာမှလုပ်လို့မရဘူး” လို့ ပြော ပါတယ်။
ကရင်၊ မွန်၊ တနင်္သာရီတိုင်းနဲ့ ပဲခူးတိုင်းတို့မှာ စစ်ဆင်ရေး ဖော်ဆောင်နေတဲ့ KNU အနေနဲ့ ကော့ကရိတ်- မြဝတီ အာရှ လမ်းမကြီးကို ထိန်းချုပ်ထားပေမယ့် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေအခြေစိုက်ရာ မြဝတီနဲ့ ရွှေကုက္ကိုလ်မြို့သစ်တို့ကို ချေမှုန်းတိုက်ခိုက်တာတော့ မတွေ့ရသေးပါဘူး။
စစ်တပ်သစ္စာခံ ကိုးကန့်နယ်ခြားစောင့်တပ် ခေါင်းဆောင်တွေ ဖမ်းဝရမ်းထုတ်ခံရပြီး ချေမှုန်းခံရသလို တော်လှန်ရေး ဦးဆောင်အဖွဲ့အစည်းတခုဖြစ်တဲ့ KNU ရဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းချေမှုန်းရေး ကြွေးကြော်မှုဟာလည်း အိမ်နီးချင်း နိုင်ငံ တွေရဲ့ ဖိအားပေးမှုတွေနဲ့ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ပေါ်မှာ ထိုးစစ်ဆင်မှုတွေ ပေါ်ပေါက်လာမလားဆိုတာ စောင့် ကြည့်ရမှာပဲ ဖြစ်ပါတယ်။
You may also like these stories:
၁၀၂၇ စစ်ဆင်ရေးအလွန် မြန်မာတွင် ဗဟိုဖြန့်ထွက်စနစ်သစ် လိုအပ်
ကိုးကန့်ကို အနာကြည်းဆုံးပုဂ္ဂိုလ်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပဲ
၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ
ရှမ်းပြည်မြောက်ပိုင်းအား ထိန်းချုပ်နိုင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး”














