ဖမ်းဆီးစစ်ဆေးခံနေရသော အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ( စကခ-၁ ) မှူး ဗိုလ်မှူးချုပ်မင်းမောင်အား စစ်ကောင်စီက မကြာသေးခင်ရက်ပိုင်းအတွင်း ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ကြောင်း ဧရာဝတီသတင်းရင်းမြစ်များထံမှ သိရသည်။
မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး”အတွင်း ဒေသကွပ်ကဲမှုလောက်ကိုင် စစ်ဌာနချုပ်တွင် ဗိုလ်မှူးချုပ် ၆ ဦးလက်နက်ချရန် ဆွေးနွေးစဉ်က ၎င်းက လက်နက်မချဘဲ ခံချမည်ဟု သဘောထားပေးခဲ့သည့်အတွက် စစ်ကောင်စီက စကခ (၁) မှူးအဖြစ် ဆက်လက်ခန့်ထားခဲ့ပြီး လက်နက်ချရန်ဆုံးဖြတ်ခဲ့သည့် ကျန်ဗိုလ်မှူးချုပ် ၅ ဦးအား ဖမ်းဆီးစစ်ဆေးကာ ထောင်ဒဏ်နှင့် သေဒဏ်များချမှတ်ခဲ့သည်။
လောက်ကိုင်မြို့အား MNDAA ဝိုင်းဝန်းပိတ်ဆို့ထားချိန်၌ စစ်တက္ကသိုလ်အပတ်စဉ် ၄၀ (DSA-40) ကျောင်းဆင်း ဗိုလ်မှူးချုပ်မင်းမောင်သည် လက်နက်မချဘဲ တပ်ဖွဲ့ဝင် အင်အား ၃၅၀ ကျော်နှင့် ပွိုင့် ၂၀၂၂ စခန်းသို့ ဆုတ်ခွာပြီးနောက် လာရောက်ခေါ်ဆောင်သော စစ်ရဟတ်ယာဉ်များဖြင့် တန့်ယန်းမြို့ရှိ အမှတ် ၃၃ ခြေလျင်တပ်ရင်းသို့ သွားရောက် ပူးပေါင်းခဲ့သူ ဖြစ်ကြောင်း သိရသည်။
ထို့နောက် ၂ လခန့်ကြာ မေလ ပထမပတ်တွင် ဗိုလ်မှူးချုပ်မင်းမောင်အား ဖမ်းဆီးစစ်ဆေးခဲ့ပြီး ယခုအခါ စစ်ခုံရုံးမှ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ကြောင်း ဧရာဝတီသတင်းရင်းမြစ်တဦးကပြောသည်။
ဗိုလ်မှူးချုပ်မင်းမောင်အား အမိန့် မရဘဲ စခန်းစွန့်ခွာမှုဖြင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ခြင်းခြင်းဖြစ်နိုင်သလို ဟိုပန်ဒေသတွင် တာဝန်ကျစဉ်က ကျားဖြန့်လုပ်ငန်းရှင်များထံမှ လာဘ်ယူသည်ဆိုသည့်အချက်လည်း ပါဝင်နိုင်ကြောင်း စစ်ဘက်သတင်းရင်းမြစ်များက သုံးသပ်ပြောဆိုကြသည်။
စစ်ကောင်စီသည် မကြာသေးမီရက်ပိုင်းက နေပြည်တော်တိုင်း စစ်ဌာနချုပ်နှင့် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တို့မှ စစ်တိုင်းမှူးများအပါအဝင် စစ်ဗိုလ်ချုပ်အချို့အား အပြောင်းအလဲပြုလုပ်ခဲ့ကြောင်း ဧရာဝတီသတင်းရင်းမြစ်များထံက သိရသည်။
နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်အား တိုင်းမှူးရာထူးမှ အနားပေးကာ အရန်အင်အားသို့ ပြောင်းလဲပို့ဆောင်လိုက်ပြီး ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမင်းကို နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် ပြောင်းလဲခန့်အပ်ခဲ့သည်။
You may also like these stories:
စကခ ၁ မှူး ဗိုလ်မှူးချုပ် မင်းမောင် ဖမ်းဆီးခံရ
လောက်ကိုင်တွင်လက်နက်ချခဲ့သည့် ဗိုလ်မှူးချုပ်များနေရာ အစားထိုးခန့်အပ်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR