စင်္ကာပူစတော့အိတ်ချိန်းစာရင်းဝင် စွမ်းအင်ရှာဖွေထုတ်လုပ်ရေး ကုမ္ပဏီ Interra သည် ၎င်း၏ အစုရှယ်ယာရောင်းချမှုကို ဆိုင်းငံ့လိုက်ပြီး ၎င်း၏မြန်မာမှ လုပ်ငန်းများသည် စစ်ကောင်စီသို့ ရေနံစည်သန်းပေါင်းများစွာ ပေးပို့နေသည်ဆိုသည့် စွပ်စွဲချက်များအတွက် ဥပဒေ အကြံဉာဏ်တောင်းခံလိုက်သည်။
အကျိုးအမြတ်မယူသော အဖွဲ့အစည်း Finance Uncovered နှင့် တက်ကြွလှုပ်ရှားသူများအဖွဲ့ Justice for Myanmar က စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီးနောက် Interra ၏ မြန်မာ ဖက်စပ်လုပ်ငန်းသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီသို့ ရေနံစည်ပေါင်း ၂.၃ သန်း ပေးပို့ခဲ့သည်ဟု ဖေါ်ပြပြီးနောက် Interra က ဖေဖေါ်ဝါရီလ ၆ ရက်နေ့တွင် ဆိုင်းငံ့မှုတောင်းဆိုလျှောက်ထားသည်။
ထိုသတင်းကြောင့် စင်္ကာပူစတော့အိတ်ချိန်းသည် ထိုကုမ္ပဏီ၏ အကြောင်းပြန်ချက် တောင်းခံရသည်။
“စစ်ကောင်စီက အရပ်သားများကို ရက်စက်ကြမ်းကြုတ်သည့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေချိန်တွင် အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကျော်တန်သော ထိုရေနံများကို စစ်ကောင်စီထိန်းချုပ် ရေနံချက်စက်ရုံတွင် စစ်ကောင်စီအတွက် ဒီဇယ်နှင့် လေယာဉ်ဆီအဖြစ် သန့်စင်ချက်လုပ်သည်” ဟု Finance Uncovered က ၎င်း၏ အစီရင်ခံစာတွင် ဖေါ်ပြသည်။
၎င်းတို့လုပ်ငန်းများသည် သက်ဆိုင်ရာ ပြည်ပဥပဒေများကို ချိုးဖေါက်ခြင်း ရှိ မရှိနှင့် ထိုအလားအလာရှိသော ချိုးဖေါက်မှုသည် ကုမ္ပဏီ၏ စီးပွားရေးနှင့် လုပ်ငန်းများကို ထိခိုက်မှုရှိမရှိ ဥပဒေ အကြံဉာဏ် တောင်းခံနေကြောင်း Interra က ကြေညာချက် တစောင်တွင်ပြောသည်။
ထိုအန္တရာယ်များကို ကိုင်တွယ်ဖြေရှင်းရန် ထိန်းချုပ်သည့် အစီအမံများ၏ လုံလောက် ထိရောက်မှုကိုလည်း ရှင်းလင်းပေးရန် တောင်းဆိုထားသည်ဟု ထိုလုပ်ငန်းကပြောသည်။ ဥပဒေအကြံပေးများထံမှ ရှင်းလင်းချက် ရရှိသောအခါ အစုရှယ်ယာရောင်းချမှု ပြန်စရန် တောင်းဆိုမည်ဟုလည်း ဖေါ်ပြထားသည်။
Interra နှင့် ထိုကုမ္ပဏီ၏ ဖက်စပ်လုပ်ငန်း Goldpetrol Joint Operating Company (GJOC) သည် မြန်မာနိုင်ငံအလယ်ပိုင်းမှ ကုန်းတွင်းရေနံမြေ ချောက်နှင့် ရေနံချောင်းတွင် ရေနံထုတ်လုပ်နေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။
Improved Petroleum Recovery Contracts အရ မြန်မာတွင် ရေနံထုတ်လုပ်နေသည့် Interra သည် မူလ သဘောတူစာချုပ်များကို ၁၉၉၆ ခုနှစ်၌ အခြားလုပ်ငန်းတခုက လက်မှတ်ရေးထိုးပြီး ထိုစာချုပ်များတိုးချဲ့ကာလ နောက်ထပ် ၁၁ နှစ်အတွက် ၂၀၁၇ ခုနှစ်၌ လက်မှတ်ရေးထိုးထားကြောင်းပြောသည်။
စစ်တပ်ခေါင်းဆောင်မှု နှစ်ပေါင်း ၅၀ ကျော်ကြာပြီးနောက် မြန်မာတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် ၁၉၉၀ ခုနှစ် နောက်ပိုင်း နိုင်ငံတွင် ပထမဆုံး ပွင့်လင်းစွာ ယှဉ်ပြိုင်သည့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် အရပ်သားအစိုးရကို ဖွဲ့စည်းသည်။
NLD သည် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလအထိ အစိုးရဆက်ဖြစ်သည်။ သို့သော် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွင် NLD သောင်ပြိုကမ်းပြိုနိုင်ပြီးနောက် စစ်တပ်က အာဏာသိမ်းသည်။ ထိုသို့ အာဏာသိမ်းခြင်းသည် နိုင်ငံကို အကြမ်းဖက်ပဋိပက္ခအတွင်း ကျဆင်းစေသည့် လုပ်ရပ်ဖြစ်သည်။
Goldpetrol ၏ ရေနံများအားလုံးကို ဥရောပသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုက အရေးယူပိတ်ဆို့ထားသည့် စစ်ကောင်စီထိန်းချုပ် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) သို့ပေးပို့ပြီး မန်းရေနံချက်စက်ရုံတွင် သန့်စင်ရန် ပေးပို့သည်။ ထိုစက်ရုံသည် စစ်တပ်အတွက် ဓာတ်ဆီ၊ မြန်နှုန်းမြင့် ဒီဇယ်နှင့် လေယာဉ်ဆီများ ထုတ်လုပ်သည်။
Interra သည် GJOC တွင် ရှယ်ယာ ၆၀ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး ကျန် ၄၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံ China Zhenhua ရေနံကုမ္ပဏီ၏ လုပ်ငန်းခွဲ North Petrol Operating က ပိုင်ဆိုင်သည်။ ထိုလုပ်ငန်း၏ ရှယ်ယာရှင်မှာ တရုတ်နိုင်ငံပိုင်လုပ်ငန်းတခုဖြစ်သည်။
ကိုးကား။ ။ Upstream သတင်း Interra suspends shares and seeks legal guidance after Myanmar report claims
You may also like these stories:
မီးစာကုန် ဆီခန်းလာသည့် နိုင်ငံ
မြဝတီ၌ တရုတ်နှင့် လက်နက်ကိုင်အဖွဲ့များ စက်သုံးဆီ အပြိုင်ဝယ်နေ
AA ဝိုင်းထားလည်း ကျောက်ဖြူစီမံကိန်း ဆက်လုပ်ရန် စစ်ကောင်စီ ပြော
ထားဝယ်စီမံကိန်းကို စိတ်ဝင်စားကြောင်း ရုရှား ထပ်မံအတည်ပြု
မြန်မာ ခရီးသွားလုပ်ငန်း ဘေးကင်းလုံခြုံသတဲ့လား














