စစ်ကော်မရှင်က နယ်စပ်ကုန်သွယ်ရေး၌ အရေးပါသော ထိုင်း- မြန်မာ ချစ်ကြည်ရေးတံတား ၂ ကို ယနေ့ ယာယီပိတ်လိုက် သလို တရားမဝင်ကုန်သွယ်မှုဆိုကာ နယ်စပ်မှသွင်းလာသည့် ကုန်ပစ္စည်းများကို ဖမ်းဆီးခြင်းတို့အပြင် လူသုံးကုန်နှင့် စား သောက်ကုန် ၃၅ မျိုးကိုပါ တင်သွင်းခွင့် ပိတ်လိုက်သဖြင့် ပြည်ပသွင်းကုန်များ ဈေးတက်ကာ ပြတ်လပ်မှုများ ဖြစ်နေသည်။
ပြည်တွင်း၌ အသုံးများသည့် ထိုင်းထုတ် ဆပ်ပြာမှုန့်၊ သွားတိုက်ဆေး၊ ရေချိုးဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ ကလေးအသုံး အဆောင် စသည့်ပစ္စည်းများသည် စစ်တပ်အာဏာမသိမ်းခင်နှင့် နှိုင်းယှဉ်ပါက ဈေးအဆမတန်မြင့်တက်နေပြီး လက်ရှိ ခနောကြက်သားမှုန့်အစိမ်း ၄၀၀ ဂရမ် တထုပ်လျှင် တသောင်းကျော်၊ ယိုးဒယား မျက်လုံးခေါက်ဆွဲ တဖာ ၄ သောင်း ဝန်းကျင်၊ ပုဇွန်နှစ်ကောင် ၅ လီတာတဘူး ကျပ် ၅ သောင်းကျော်ထိတက်နေကြောင်း သိရသည်။
ရန်ကုန်မြို့ အင်းစိန်မြို့နယ်နေသူတဦးက “ထိုင်းကဝင်တဲ့ ဆစ်ဂနယ် သွားတိုက်ဆေးတို့၊ Dettol ဆပ်ပြာတို့ ဝယ်မရဘူး။ ကလေးစားတဲ့ချိစ်ဆို အရင်ကတံဆိပ်မျိုးစုံရှိတာ။ အခု အမယ်မစုံဘူး၊ ရွေးစရာမရှိဘူး။ ဈေးကတက်လာတယ်။ Colgate တို့ဘာတို့ဆို ၅,၅၀၀၊ ၆,၀၀၀ က အနိမ့်ဆုံးပဲ။ ပြည်တွင်းဖြစ်သွားတိုက်ဆေးတော့ နံလို့သိပ်မသုံးကြဘူး။ ရှေ့ရက်ထဲက ဈေးတွေတက်နေတာ။ အခုတံတားပိတ်ရင် ပိုတက်တော့မယ်” ဟု ဧရာဝတီကို ပြောသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်က နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၏ စားသောက်ကုန်၊ လျှပ်စစ်ပစ္စည်း၊ လူသုံးကုန် များ အပါအဝင် ပြည်ပသွင်းကုန်ပစ္စည်း ၃၅ မျိုးကို ပင်လယ်ရေကြောင်းအပြင် နယ်စပ်ပေါက်များမှ သွင်းခွင့် ယာယီပိတ် လိုက်သည့် ဌာနတွင်းညွှန်ကြားစာထွက်လာပြီးနောက် ပြည်ပသွင်းကုန်တချို့ သွင်းခွင့်မရဘဲ ပိတ်မိနေ၍ ပြည်တွင်း၌ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ ပြတ်ကာ ဈေးများလည်း ၁ ထောင်ကျပ် မှ ၄/၅ ထောင်ကျပ်ထိ တက်လာကြောင်း သုံးစွဲသူများက ဆိုသည်။
ယခုတဖန် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၂)ကို စစ်ကော်မရှင်က ကုန်ပစ္စည်းတင်သွင်းမှု ယာယီပိတ်လိုက် သဖြင့် ကုန်ကားရာချီ ပိတ်မိကုန်ပြန်သည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းများ အဆမတန် တက်နေသလို ယခု ထပ်မံကန့်သတ်မှု၊ ဖမ်းဆီးစစ်ဆေး မှုများကြောင့် ထိုင်းနှင့် တရုတ်ပစ္စည်းများမှာ ပြတ်လပ်ခြင်းနှင့် ဈေးပိုတက်လာနိုင်ကြောင်း ကုန်သည်များက ဆိုသည်။
လက်ရှိ ထိုင်းနိုင်ငံ မဲဆောက်မြို့ မြန်မာဘက်ခြမ်း မြဝတီမြို့ကို ဆက်သွယ်ထားသည့် တံတား ၂စင်းရှိသည့်အနက် အမှတ် (၂)တံတားကို ပိတ်ထားသလို အမှတ်(၁)တံတားမှလည်း လူသာဖြတ်ခွင့်ပြုပြီး မည်သည့်ကုန်မှ တနိုင်တပိုင်ပေးမသယ် သဖြင့် အခြေခံလူသုံးကုန်ပစ္စည်းများ ပြတ်မည့် အခြေအနေနှင့် ရင်ဆိုင်ရတော့မည်ဟုလည်း နယ်စပ်ကုန်သည်တဦးက ဧရာဝတီကို ပြောသည်။

အလားတူ မန္တလေးမြို့မှ ပုံနှိပ်လုပ်ငန်းလုပ်ကိုင်သူတဦးကလည်း “တရုတ်ကသွင်းတဲ့ ဓာတ်လှေကား၊ ကြိတ်သားခုံတွေ တပတ်လောက်ရှိပြီ သွင်းမရဘဲ နယ်စပ်မှာပိတ်မိနေတယ်။ ဒါ့ကြောင့် ပစ္စည်းရှိတဲ့သူတွေက ထုတ် မရောင်းသေးဘူး။ ဈေးထပ်တင်တယ်။ ပစ္စည်းပြတ်တယ်ဆိုပြီး ပြောတာမျိုးရှိတယ်။ တရုတ်စက္ကူဆို အရင်ရက်က အေဖိုးစာရွက် တပုံးကို ကျပ် ၆ သောင်းကျော်လေးရှိတာ။ အခု ၇ သောင်းကျော် ရှိတယ်” ဟု ဆိုသည်။
ထိုအခြေအနေတွင် စစ်ခေါင်းဆောင်က နယ်စပ်ဒေသများရှိ တရားမဝင်ကုန်သွယ်မှုများမှတဆင့် လက်နက်ကိုင် တပ်ဖွဲ့ များက အခွန်ကောက်၍ အင်အားပိုတည် ဆောက်လာမည်စိုးသဖြင့် တရားမဝင် ကုန်သွယ်မှုနှင့်ကုန်စည်များကို တင်းတင်းကျပ်ကျပ် ဖော်ထုတ်အရေးယူရန် ညွှန်ကြားထားသည်။
ယခုအခါ ရွေးကောက်ပွဲနီးလာသဖြင့် စစ်တပ်က နယ်မြေပြန်ရရေး စစ်ဆင်ရေးများ ပြုလုပ်လာနိုင်သည့်အတွက် နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းများပေါ် တိုက်ပွဲများ အချိန်မရွေးဖြစ်နိုင်သဖြင့် သတိထား လုပ်ကိုင်နေရကြောင်းလည်း ကုန်သည်များက ဆိုသည်။
စစ်တပ်သည် အာရှလမ်းမကြီး ပြန်ပွင့်ရေးအတွက် ကော့ကရိတ်-မြဝတီ လမ်းတလျှောက် ထိုးစစ်ကြီး စတင်ရန် တာဆူနေသည်ကို လက်ရှိဖြစ်နေသည့် တိုက်ပွဲများက ဖော်ပြနေသည်။
နယ်စပ်ကုန်သည်ကြီးတဦးက “အရင်က မြဝတီကို စက်သုံးဆီပိတ်ထားတာဆိုပေမယ့် လက်နက်ကိုင်အဖွဲ့တွေက သယ်နေတာလေ အခု ရုတ်တရက်ကြီး ဖြတ်ချလိုက်တာ တိုက်ပွဲတွေကြောင့်လည်း ဖြစ်နိုင်သလို ကုန်ပစ္စည်း တင်သွင်းတာတွေကိုလည်း ဖမ်းဆီးတာရော၊ လိုင်စင်မဲ့ကားတွေဖမ်းတာနဲ့ သက်ဆိုင်နိုင်တယ်၊ အခြေအနေက ရှုပ်ထွေး တယ်” ဟု ပြောသည်။
မြဝတီ-ဘားအံ လမ်းတလျောက်တွင်လည်း လိုင်စင်မဲ့ကားများနှင့် ကုန်ကားများကို စစ်ကော်မရှင်၏ ဌာနဆိုင်ရာ အဖွဲ့အစည်းပေါင်းစုံက ဖမ်းဆီးစစ်ဆေးနေသလို တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးဖြစ်သည့် ရှမ်းမြောက်နှင့် ရှမ်းအရှေ့ လမ်းကြော၌လည်း ဖမ်းဆီးစစ်ဆေးခြင်းနှင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ခွင့် ကန့်သတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း ယာဉ်ပိုင်ရှင်အမျိုးသမီးတဦးက “လမ်းမှာရှိနေတဲ့ဂိတ်တွေ ပေးကမ်းရတဲ့ကုန်ကျစာရိတ်များလို့ ကားခမကိုက်တာကို သိနေတဲ့အတွက် အဆင်မပြေလို့ ကုန်တင်ကားတွေရပ်နားပါမယ်။ အဓိက ရန်ကုန်-မန္တလေး-တောင်ငူ- နေပြည်တော် လမ်းတလျောက် စစ်ဆေးရေးဂိတ်တိုင်း စစ်ဆေးတာကို လက်ခံနားလည်ပေမယ့် ကုန်ကျ စရိတ်တွေ များစွာ ကောက်ခံနေတာ၊ တချို့ဆို စာရွက်စာတမ်းတောင်မကြည့်ဘဲ စိတ်ထဲရှိသလို တောင်းခံနေတာ ကြုံရပါတယ်။ ဖြတ်ပိုင်းမပါ ဗလာကြီးကောက်ခံနေတာမို့ ကုန်ကျစာရိတ်ကို ကားအုံနာတွေ/ ကားကုမ္ပဏီတွေ ရှင်းတဲ့အခါအဆင်မပြေဘူး” ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားထားသည်။
ထို့ပြင် မြဝတီနယ်စပ်ကုန်သွယ်ရေးတွင်လည်း တရားမဝင်ကုန်သွယ်မှုဖမ်းဆီးရေးအကြောင်းပြ၍ စစ်ကော်မရှင် လက်အောက်ခံ ရဲ၊ စစ်တပ်နှင့် အကောက်အခွန်အရာရှိများ ပါဝင်သောအဖွဲ့က ထိုင်းနိုင်ငံ မဲဆောက်မှ မြန်မာဘက်သို့ ဝင်ရောက်သော ကုန်တင်ယာဉ်များကို စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်နေသောကြောင့် ကုန်စည်တင်ဆောင်လာသည့် ကုန်ကားအစီးရေ ရာနှင့်ချီ မဲဆောက်- မြဝတီ အမှတ် ၂ ချစ်ကြည်ရေးတံတားတွင် သောင်တင်နေသည်။
ရန်ကုန်- မြဝတီ ကားသမားတဦးက “လမ်းမှာတော့ အဖွဲ့စုံပဲ အစစ်အဆေး ပေါတယ်။ ကုန်ကားတွေကို ဂျူတီလည်းမပေး ဘူး။ နည်းနည်းပါးပါးတင်လည်း ဖမ်းတယ်။ ဘားအံတားမှာဆို တံတားဟိုဘက်ထိပ်၊ ဒီဘက်ထိပ်ပဲ။ အဆိုးဆုံးက ဘီးလင်း ပဲ၊ တဂိတ် ၅ ထောင်ကျပ်လောက်က တဂိတ်နဲ့ တဂိတ် ၁၄ ပေလောက်ပဲ ကွာတယ်။ ရတာနဲ့ ပေးရ တာမတန်ဘူး။ မုဒုံဂိတ်မှာလည်း အဖမ်းကြမ်းနေတယ်။ လူမပါရင် အရင်လို ကုန်တွေမတင်ရဲဘူး။ တချို့ကုန်ကားတွေဆို ရပ်ထားကြတယ်” ဟု ဧရာဝတီကို ပြောသည်။
ထိုသို့သော အကြောင်းအမျိုးမျိုးကြောင့် ရန်ကုန်မြို့စီးတီးမတ် (City Mart)များတွင်လည်း ထိုင်းထုတ်ကုန်ပစ္စည်းတချို့ ဝယ်ယူခြင်းကို အရေအတွက် အကန့်အသတ်ဖြင့်သာ ဝယ်ယူခွင့်ပြုတော့ကြောင်း စတင်ပြုလုပ်လာသည်။
You may also like these stories:
လူသုံးကုန် စားသောက်ကုန် သွင်းခွင့် စစ်တပ်ကန့်သတ်ပြန်
မန္တလေးအထွက် လူသုံးကုန်နှင့် ဆေးဝါး တင်းကျပ်စွာစစ်ဆေး
မြဝတီမှာ စက်သုံးဆီ ဘာကြောင့်ပြတ်














