တရုတ် နဲ့ ဖက်စပ် မလေးရှား ကားကုမ္ပဏီ Proton က သူတို့ရဲ့ ပထမဦးဆုံး လျှပ်စစ်ကား (EV) တပ်ဆင် ထုတ်လုပ်ရေး စက်ရုံကို စတင် ဖွင့်လှစ်လိုက်ပြီလို့ ဆိုပါတယ်။
စက်ရုံက မလေးရှား အနောက်ပိုင်း Perak ပြည်နယ်ရှိ Automotive High-Tech Valley မှာ တည်ရှိပြီး ကနဦး အနေနဲ့ တနှစ်ကို ကား အစီးရေ ၂၀၀၀၀ ထုတ်လုပ်နိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။
ထုတ်လုပ်နိုင်မှုက တနှစ်ကို ၄၅၀၀၀ အထိ တိုးမြှင့်သွားနိုင်တယ် လို့လည် Proton ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။
စက်ရုံကနေ Proton ရဲ့ ပထမဆုံး EV ကားဖြစ်တဲ့ e.MAS 7 မော်ဒယ်ကို စတင် ထုတ်လုပ်သွားမှာ ဖြစ်ပြီး နောက်ပိုင်းမှာ ဈေး ပိုသက်သာတဲ့ e.MAS 5 ကိုလည်း ထုတ်လုပ်သွားမယ်လို့ ကုမ္ပဏီက ဆိုပါတယ်။
Proton ကားကုမ္ပဏီကို မလေးရှား လုပ်ငန်းစု DRB HICOM က အဓိက ပိုင်ဆိုင်ပြီး ကျန် ရှယ်ယာ ၄၉ ဒသမ ၉ ရာခိုင်နှုန်း ကို တရုတ် ရဲ့ Zhejiang Geely Holding Group က ပိုင်ဆိုင်ကြောင်း သိရပါတယ်။
စက်ရုံအသစ်က မလေးရှား နိုင်ငံနဲ့ တရုတ် နိုင်ငံရဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်မှုကို ထင်ဟပ်နေစေတာ ဖြစ်ပြီး ကား ထုတ်လုပ်မှု ကဏ္ဍမှာ Geely Holding Group အနေနဲ့ အရှိန် မြှင့်သွားဖို့လည်း မလေးရှား ဝန်ကြီးချုပ် Anwar Ibrahim က စက်ရုံ ဖွင့်ပွဲမှာ ပြောကြားခဲ့ပါတယ်။
“Geely အနေနဲ့ ဒီအခွင့်အရေးကို စက်ရုံတင် မဟုတ်ဘဲ ပညာရေးနဲ့ လေ့ကျင့်ရေး အတွက် Center of Excellence (CoE) တခု တည်ထောင်ဖို့လည်း အသုံးပြုစေချင်တယ်” လို့လည်း မလေးရှား ဝန်ကြီးချုပ်က ပြောပါတယ်။
မလေးရှား အစိုးရဟာ မလေးရှားကို ဒေသတွင်းမှာ EV ကား ထုတ်လုပ်မှု အချက်အခြာ နေရာဖြစ်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပြီး ၂၀၃၀ မှာ ကား အသစ် ရောင်းချမှုရဲ့ ၂၀ ရာခိုင်နှုန်းကို EV နဲ့ Hybrid ကားတွေဖြစ်ဖို့ ရည်ရွယ်ထားတယ် လို့လည်း ဆိုပါတယ်။
Ref : Reuters














