မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးနှင့် သင်္ဃန်းညီနောင်ကို ပြန်ထိန်းချုပ်သွားသည့် စစ်တပ်က မြဝတီ တောင်ဘက်ရှိ လက်လွှတ်ခဲ့ရသည့်ဒေသများအား ဆက်လက်ထိုးစစ်ဆင်ရာ ဒေသခံထောင်ချီ အရေးပေါ်ထွက်ပြေးရှောင်တိမ်းနေရကြောင်း စစ်ရှောင်များကို ကူညီပေးနေသူများနှင့် ဒေသခံတို့က ပြောသည်။
မြဝတီမြို့အနီး လက်ခတ်တောင်နှင့် လေးကေ့ကော်စွယ်တော်ကုန်း စသည့် ဗျူဟာကျစခန်းကုန်းများနှင့် ဖလူးဒေသတွင် အချက်အချာကျ စခန်းကုန်းတချို့၌ နေရာပြန်ယူနိုင်ရေး စစ်ကြောင်းထိုးနေခြင်းဟု သိရသည်။
မယ်ထော်သလေးဒေသခံတဦးက “စစ်ကြောင်းတွေက မြဝတီကိုကျော်ပြီး မေတ္တာလင်းမြိုင်တို့၊ မယ်ထော်သလေး ဘက်တွေ ထိ ရောက်နေတယ်။ လေးကေ့ကော်ဘက် ဆက်ထိုးမယ်လို့ ကြားနေရတယ်။ မနက်ကလည်း လေးကေ့ကော် အနီး ရသေ့ဂူ ရွာဘက်ကို ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲသွားတယ်။ စွယ်တော်ကုန်းထိ တပ်တွေပြန်ထိုင်ဖို့ လမ်းကြောင်းရှင်းတာ ဖြစ်နိုင်တယ်။ နောက်ပြီး ကျောက်မိုင်းတို့၊ လက်ခတ်တောင်ဘက်လည်း တိုးနေတယ်လို့ သိရတယ်” ဟု ပြောသည်။
စစ်တပ်သည် စက်တင်ဘာ ၆ ရက်က အာရှလမ်းကို ထိန်းပြီးနောက် မြဝတီမြို့တွင်းသို့ အင်အား အလုံးအရင်းဖြင့် ဝင်ရောက်လာသလို မြဝတီမြို့တောင်ဘက် ကျေးရွာများဘက်သို့လည်း ရက်ပိုင်းအတွင်း ဆက်တိုးလာရာ ဒေသခံများအနေဖြင့် စစ်ရှောင်ရန် ပြင်ဆင်ချိန်ပင်မရရှိကြောင်း စစ်ရှောင်များအား ကူညီပေးနေသူတဦးက ပြောသည်။
၎င်းက “စစ်ကြောင်းတွေက ရောက်လာတာ အရမ်းမြန်တယ်။ BGF တို့၊ DKBA တို့က တောက်လျောက် လမ်းကြောင်းတွေ ဖွင့်ပေးနေတယ်နဲ့တူတယ်။ အခုက ဘာမှပြင်ဆင်ချိန်မရှိကြဘူး။ အိမ်မှာမွေးထားတဲ့ ကြက်တွေ၊ ဝက်တွေလည်းမသိမ်းနိုင်။ စိုက်ခင်းတွေလည်း ဒီတိုင်းပစ်ထားပြီး အရေးပေါ်ပြေးကြရတာ” ဟု ပြောသည်။

စစ်ကြောင်းထိုးခြင်း၊ လေကြောင်းဗုံးကြဲခြင်းတို့ကြောင့် မယ်ထော်သလေး၊ ဘဲဟိကလော်၊ ထီးမယ်ဝါးခီး၊ ရသေ့ဂူ၊ အင်ကြင်းမြိုင်၊ ဖလူး၊ မင်းလက်ပံ ကျေးရွာများမှ ဒေသခံထောင်ချီနှင့် ယင်းဒေသများတွင် ခိုလှုံနေကြသည့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ CDM များသည် ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းဘေး၊ ထိုင်းဘက်နှင့် ကျောက်ခက်၊ ဝေါလဒေသများဘက်ထိ တိမ်းရှောင်နေရကြောင်း သိရသည်။
လေးကေ့ကော် စစ်ရှောင်အမျိုးသမီးတဦးက “ကျမတို့က အမျိုးတွေရှိတဲ့ ကျောက်ခက်ဘက်ကို ရှောင်လာကြတာ။ အများစု ကတော့ အရင်စစ်ရှောင်စခန်းနေရာမှာ ရှောင်ကြတယ်။ အဲဒီမှာက တဲတွေလည်းမလုပ်ရသေး၊ မိုးကလည်း ရွာတော့ ရွှံ့ဗွက် တွေနဲ့ အရမ်းဒုက္ခရောက်နေကြတယ်” ဟု ပြောသည်။
ယခင် လေးကေ့ကော်စစ်ရှောင်များနေခဲ့သည့် ထိုင်းနိုင်ငံ ကော့ကနောင်းရွာနှင့် တဖက်ကမ်း သောင်ရင်းမြစ်ဘေး ပလောတပို့ စစ်ရှောင်စခန်းနေရာတွင် အိမ်ထောင်စု ၂၁၈ စု၊ လူဦးရေ ၇၆၅ ခန့်ရှိပြီး မြက်များ၊ ရွံ့ဗွက်များကြား အမိုးအကာ မလုံမခြုံမှုဖြင့် ဖြစ်သလိုရှောင်နေကြရသည်ဟု ဆိုသည်။
ထို့ကြောင့် ၎င်းတို့အတွက် လေဒဏ်မိုးဒဏ်ခံနိုင်သည့်တဲများ အရေးတကြီး ဆောက်လုပ်ပေးရန်လိုအပ်နေပြီး လက်ရှိ မိုးရွာသွန်းမှုလည်းရှိနေသောကြောင့် တာလပတ်များ၊ အစားအသောက်၊ အဝတ်အထည်နှင့် ဆေးဝါးများ အရေးပေါ် လိုအပ်နေကြောင်း စစ်ရှောင်များကိုကူညီနေသည့် အမျိုးသမီးတဦးက ပြောသည်။

လက်ရှိ စစ်တပ်ထိုးစစ်ဆင်မှု အခြေအနေများ၊ စစ်ရှောင်များ၏ အခက်အခဲများနှင့် ပတ်သက်၍ ကရင်အမျိုးသားအစည်း အရုံး (KNU) တာဝန်ရှိသူများထံ ဧရာဝတီက ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
စစ်တပ်ထိုးစစ်သည် ဝေါလေဒေသထိ ၎င်းတို့ဆုံးရှုံးထားသည့် နယ်စပ်စခန်းများပြန်ရရှိရေး ဆက်ထိုးသွားနိုင်ကြောင်း ပူးပေါင်းတပ်များနှင့် နီးစပ်သည့် ကရင်စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။
၎င်းက “BGF ရော၊ DKBA ရောက ရွေးကောက်ပွဲကို ကူညီသွားမယ်လို့ ထုတ်ပြောလာပြီဆိုတော့ သူက ရွေးကောက်ပွဲ အတွက် နယ်မြေစိုးမိုးမှုတွေ ရသလောက်ဆက်လုပ်သွားမှာပဲ။ အခွင့်ရေးရတုန်း သူတို့ကလုပ်သွားမှာ။ ဖြစ်နိုင်ရင် အရင်လို တော်လှန်ရေးတပ်တွေ ဒုက္ခမပေးနိုင်အောင် နယ်မြေရှင်းလင်းရေးတွေတောင်လုပ်နိုင်တယ်” ဟု ဆိုသည်။
KNU တပ်မဟာ ၆ နယ်မြေ မြဝတီတောင်ဘက် လေးကေ့ကော်၊ ဖလူးဒေသတို့ရှိ စခန်းများနှင့် ထိုင်းနယ်စပ်စခန်းများ ဖြစ်သည့် သေ့ဘောဘိုး၊ ဘလယ်ဒိုစခန်း၊ မောခီးစခန်း၊ ကနဲလေးစခန်း၊ ထိုးကျိုး (ဘုရင့်တောင်)စခန်းတို့ကို ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်များက သိမ်းပိုက်ထားသည်။
You may also like these stories:
အာရှလမ်းပိုင်းမှ တော်လှန်ရေးအဖွဲ့များ တပ်ဆုတ်
ရွေးကောက်ပွဲ မတိုင်မီ အရပ်သားများကို ပစ်မှတ်ထား ထိုးစစ်ဆင် တိုက်ခိုက်နေ
ပြည်သူ့စစ်အားကိုးဖြင့် ချီဖွေ- ပန်ဝါကို စစ်ဆင်ဖို့ စစ်တပ်လုပ်နေ














