ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တောင်ဘက် ၉ မိုင်ခန့်ရှိ ငြိမ်ချမ်းရေးမြိုသစ် လေးကေ့ကော်နှင့် စွယ်တော် အမြောက်ကုန်း တို့ ပြန်ရဖို့ စစ်တပ်အင်အား ၅၀၀ ခန့်ဖြင့် ထိုးစစ်ဆင်နေသည်မှာ သုံးရက်ရှိပြီဖြစ်ရာ ယနေ့ လက်နက်ကြီး၊ ဒရုန်းများဖြင့် တနေကုန် အပြန်အလှန်ပစ်ခတ်နေသလို တိုက်ပွဲများ ပြင်းထန်နေကြောင်းသိရသည်။
မေတ္တာလင်းမြိုင်ရွာ ဒေသခံတဦးက “စက်တင်ဘာ ၂၁ ရက်ကတည်းက လက်နက်ကြီးတွေနဲ့ ပစ်ရှင်း ရှင်းပြီး စစ်ကြောင်း စထိုးနေတာ။ မနေ့က ညဦးပိုင်းလောက်ကလည်း လေယာဉ်ပတ်တယ်။ ဒီနေ့လည်း မနက်ထဲကနေ တောက်လျောက် လက်နက်ကြီးတွေပစ်ပြီး ထပ်တိုးနေတယ်” ဟု ပြောသည်။
ယမန်နေ့ညနေပိုင်း၌ မေတ္တာလင်းမြိုင်နှင့် လေးကေ့ကော် ဆက်ထားသည့် ကျောက်ဂူလမ်းပိုင်းမှ အင်အား ၂၀၀ ခန့်ဖြင့် ဝင်လာသည့်စစ်ကြောင်းသည် ညဦးပိုင်းတွင် လေးကေ့ကော်အပိုင် ရေပူရွာအပါအဝင် လေးကေ့ကော်မြို့ပြင် ဧရိယာ တချို့သို့ ဝင်ရောက်နေရာယူတပ်ဖြန့်ထားကြောင်း ဒေသခံများက ဆိုသည်။
ကျောက်ဂူလမ်းပိုင်းမှ လေးကေ့ကော်အနောက်ဘက်သို့ ဝင်ရောက်လာသည့် စစ်ကြောင်းအပါ မေတ္တာလင်းမြိုင်ဘက်မှ စစ်ကြောင်းနှစ်ကြောင်း၊ လေးကေ့ကော်မြောက်ဘက် မယ်ထော်သလေး၊ ပဟိကလော်ဘက်တို့မှ စစ်ကြောင်းများဖြင့် ထိုးစစ်ဆင်နေခြင်းဟု သိရသည်။
မယ်ထော်သလေး ဒေသခံတဦးက “မနေ့က စစ်ကြောင်းက ရေပူတို့၊ မင်္ဂလာရာမဘုန်းကြီးကျောင်းနားမှာ ရောက်နေပြီ ကြားတယ်။ နောက်ပြီး လေးကေ့ကော် မဟာစည်ဘုန်းကြီးကျောင်း နောက်ကျောမှာလည်း ရောက်နေတယ်။ အဲဒီဘက် ကနေလည်း တက်မယ်လို့သိရတယ်။ ပဟိကလော်ကနေလည်း စစ်ကြောင်းထိုးမယ်။ ပတ်ပတ်လည် ညှပ်ထိုးမှာ။ ပြီးခဲ့တဲ့ အပတ်လောက်ကတည်းက သူတို့တွေ တပ်ဖြန့်ထားတယ်။ စစ်ကြောင်းက အနည်းဆုံး သုံးလေးကြောင်းပဲ” ဟု ပြောသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်များ တနှစ်ခွဲ ကျော်ကြာ ထိန်းချုပ်ထားသည့် ကော့ကရိတ်-မြဝတီ နယ်စပ်ကုန်သွယ်ရေး အာရှလမ်းမကြီး၊ အာရှလမ်းနှင့် မြဝတီမြို့ အတွက် အရေးပါသော သင်္ဃန်းညီနောင်ရှိ တပ်ရင်း ၃ ရင်းနှင့် ဗျူဟာတို့ကို စက်တင်ဘာပထမအပတ်၌ စစ်တပ်က ပြန်လည်စိုးမိုးနိုင်ခဲ့ပြီးနောက် မြဝတီမြို့တောင်ဘက် ဆုံးရှုံးနယ်မြေများပြန်ရရန် အင်အားဖြည့်တင်းမှုများ တောက်လျောက် ပြုလုပ်နေခဲ့သည်။
မြဝတီမြို့အနီးဆုံးရှိ လက်ခတ်တောင်၊ မေတ္တာလင်းမြိုင်၊ မယ်ထော်သလေး၊ ပဟိကလော်တို့ကို နှစ်ပတ်ခန့်အကြာ တပ်နေ ရာချထားမှုများနှင့် အင်အားဖြည့်တင်းမှုများ ပြုလုပ်ပြီးနောက် လေးကေ့ကော်ကို စတင်ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။

တော်လှန်ရေးပူးပေါင်းတပ်များကလည်း လေ့ကေ့ကော်မြို့သစ်၊ ရသေ့ဂူနှင့် ထီးမယ်ဝါးကျေးရွာတို့မှ ဒေသခံများကို စက်တင်ဘာ ၇ ရက်ကတည်းက ရွာလုံးကျွတ် ကြိုတင်ရှောင်ရှားထားခိုင်းပြီး စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေခဲ့ကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များက ပြောသည်။
မြေပြင်ရှိ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးက “သူတို့တွေ အင်အားတောက်လျောက်ဖြည့်ပြီး လှုပ်ရှားနေတာ သိထားရပါ တယ်။ ကိုယ့်ဘက်ကလည်း ပြင်ဆင်စရာရှိတာတွေ အကောင်းဆုံးပြင်ထားတယ်။ သူတို့ အခုထိတော့ မြို့ထဲကို မဝင်နိုင် သေးသလို စွယ်တော်ကုန်းဘက်လည်း ကျန်နော်တို့ ထိန်းချုပ်ထားတယ်။ တိုက်ပွဲကတော့ လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်နေလောက်ပဲ ရှိနေပါသေးတယ်” ဟု ဆိုသည်။
မြဝတီမြု့တောင်ဘက်ခြမ်းတလျောက်လုံး၌ နယ်စပ်စခန်းများ လက်လွှတ်ဆုံးရှုံးထားရသည့် စစ်ကော်မရှင်သည် မြဝတီမြို့ နှင့် မိုင် ၄၀ ခန့်အကွာရှိ တခုတည်းကျန်နေသော ဝေါလေဗျူဟာမကျရေး ခံစစ်ပြင်ထားပြီး မြဝတီမြို့မှ တဆင့်ချင်း နယ်မြေစိုးမိုးမှုလုပ်၍ နယ်စပ်စခန်းများ၌ ပြန်လည်အထိုင်ချနိုင်ရေး ကြိုးပမ်းနေခြင်းဟု CDM အရာရှိများက ပြောသည်။
ထို့ကြောင့် မြဝတီနှင့် ဝေါလေလမ်းကြားရှိ လေးကေ့ကော်မြို့သည် မြဝတီ-ဝေါလေလမ်းကြောင်းကို စိုးမိုးနိုင်ရေးအတွက် အရေးပါသလို လေးကေ့ကော် စွယ်တော်အမြောက်ကုန်းသည်လည်း လေးကေ့ကော်ဒေသ၊ ဖလူးဒေသနှင့် နယ်စပ် လုံခြုံရေး တို့အတွက် စစ်ဗျူဟာအရအကြောင်းပါကြောင်း CDM ဗိုလ်မှူးစွယ်တော်က ဆိုသည်။
၎င်းက “မြဝတီတောင်ဘက်ခြမ်း ထိုင်း-မြန်မာနယ်စပ်က စစ်တပ်စခန်းတွေမှာ ဝေါလေတခုပဲ ကျန် တော့တာ၊ ဒီစခန်းကို စစ်ကူသွားဖို့အတွက် အရေးပါတဲ့နေရာက လေးကေ့ကော်ပဲ။ လေးကေ့ကော်ရပြီးလို့ရှိရင် အရင် ကျခဲ့တဲ့ နယ်စပ်စခန်းတွေ ပြန်ပြီးအထိုင်ချမယ်လည်းကြားရတော့ လေးကေ့ကော်က ဒီလမ်းကြောင်းပေါ်မှာ အရေးပါ တဲ့နေရာတခု ဖြစ်နေတယ်” ဟု ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်းရှိ လေးကေ့ကော်မြို့သစ်ထဲကို အာဏာသိမ်း အစောပိုင်းကာလ၌ စစ်တပ်သည် အင်အားအများအပြားဖြင့် စစ်ကြောင်းများဝင်၍ ခိုလှုံနေသူတချို့ကို ဖမ်းဆီးမှုများ ပြု လုပ်ခဲ့ရာ ၂၀၂၁ ဒီဇင်ဘာ ၁၅ ရက်မှစ၍ တိုက်ပွဲများတောက်လျောက်ဖြစ်ပွားခဲ့ပြီးနောက် KNLA၊ PDF ပူးပေါင်းတပ်များက လေးကေ့ကော်စွယ်တော်ကုန်းကို ၂၀၂၄ အောက်တိုဘာတွင် သိမ်းယူနိုင်ခဲ့သည်။
လေးကေ့ကော်မြို့သစ်တိုက်ပွဲမှစ၍ KNU တပ်မဟာ ၆ နယ်မြေအတွင်းရှိ စစ်တပ်ထိန်းချုပ်နေရာများနှင့် စစ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့သော တော်လှန်ရေးအင်အားစုများသည် ယခုနှစ်အစပိုင်း၌လည်း ထိုင်းနယ်စပ်စခန်းများအား ဆက်တိုက် သိမ်းပိုက်နေခဲ့ရာ မြဝတီမြို့တောင်ဘက် ဒေါနတောင်အရှေ့ခြမ်းရှိ ဘလက်ဒို၊ မော်ခီး၊ ဘုရင့်နောင်၊ ကနဲလေး၊ ရွှေအေးမြိုင်၊ သေ့ဘောဘိုးစခန်း၊ ထီးကပလယ်၊ ဥကရစ်ထ စသည့် နယ်စခန်းများကို သိမ်းပိုက်နိုင်ပြီး နောက်ဆုံးကျန်သည့် ဝေါလေဗျူ ဟာကို ဆက်လက်ထိုးစစ်ဆင်နေချိန် အာရှလမ်းပိုင်းပြန်ပေးရပြီးနောက် မြဝတီမြို့အနီးမှစ၍ စစ်တပ်၏ တန်ပြန်ထိုးစစ်ဆင် နေမှုများကို ကြုံနေရခြင်းဖြစ်သည်။
You may also like these stories:
ကရင်လက်နက်ကိုင်အဖွဲ့များ မြဝတီမြို့အဝင်အထွက် စစ်တပ်ကန့်သတ်
ဗန်းမော်တပ်ရင်းအချို့ KIA ပြန် လက်လွှတ်ရ
လက်ခတ်တောင်ရှိ စခန်းတချို့ စစ်တပ် ပြန်ထိန်း














