အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အနီးကပ်လူယုံ စစ်ဘက်လက်ထောက်ဖြစ်သူ ဗိုလ်ချုပ် မိုးမြင့်ဆွေအား ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ် (ကကထုတ်)အဖြစ် ဒုတိယဗိုလ်ချုပ်ကြီးကံမြင့်သန်းနေရာ၌ အစားထိုးခန့်အပ်လိုက်ကြောင်း နေပြည်တော်စစ်ဘက်အသိုင်းအဝိုင်းနှင့်နီးစပ်သည့် သတင်းအရင်းအမြစ်ထံမှ သိရသည်။
အမှတ်စဉ်-၂၃ အလုပ်သင်ဗိုလ်သင်တန်းကျောင်းဆင်း ဗိုလ်ချုပ်မိုးမြင့်ဆွေသည် စစ်ခေါင်းဆောင်၏ စစ်ဘက်လက်ထောက် အဖြစ် ၂၀၁၅ ခုနှစ်၌ စတင်ခန့်အပ်ခံရခြင်းဖြစ်ပြီး ယခုအခါ စစ်တပ်အတွက် စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးတွင် အရေး ပါသည့် ကကထုတ် အရာရှိချုပ်အဖြစ် ပြောင်းရွှေ့ခန့်အပ်လိုက်ခြင်း ဖြစ်သည်။
စစ်ရေးလေ့လာသူတဦးက “အရေးပါတဲ့နေရာကို တပည့်ရင်းကို ထည့်တာမျိုးပေါ့။ အလုပ်သင် ဗိုလ်လောင်းသင်တန်းဆင်း အနေနဲ့လည်း ဒါပထမဆုံးလို့ ပြောလို့ရမှာပါ။ တကယ်က စစ်အင်ဂျင်နီယာအရာရှိကြီးတွေပဲ အဲဒီနေရာကရသင့်တာပါ။ သက်ဆိုင်ရာပညာရပ်တွေတတ်ဖို့ထက် တပည့်ဖြစ်တဲ့သူကို အရေးပါတဲ့နေရာထားတာမျိုးပါ” ဟု ပြောသည်။
ယခုလဆန်းပိုင်း၌ သွားရောက်ခဲ့သော စစ်ခေါင်းဆောင်၏ ဒုတိယအကြိမ် တရုတ်ခရီးစဥ်အတွင်း စစ်ဘက်လက်ထောက် ဖြစ်သူ ဗိုလ်ချုပ်မိုးမြင့်ဆွေလည်း အတူလိုက်ပါသွားခဲ့ရာ နောက်ပိုင်း လက်နက်ဝယ်ယူရေးကိစ္စရပ်များ၌ အခရာကျနိုင်သည် ဟူသော သုံးသပ်ချက်များ ရှိသည်။
ကကထုတ် အရာရှိချုပ်ဖြစ်လာသည့် ဗိုလ်ချုပ်မိုးမြင့်ဆွေ၏ စစ်ဘက်လက်ထောက်နေရာတွင် ဗိုလ်မှူးချုပ်တင့်ဇော်ခိုင်အား အစားထိုးခန့်အပ်ခဲ့ကြောင်းလည်း သိရသည်။
ကကထုတ်အရာရှိချုပ်ဟောင်းဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးကံမြင့်သန်းအား စစ်ဘက်ရာထူးမှအနားပေးကာ ရွေးကောက်ပွဲ ဝင်ရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)သို့ စစ်ခေါင်းဆောင်ပေးပို့သည့် လွှတ်တော်ကိုယ်စားလှယ် လောင်းစာရင်းတွင် ထည့်သွင်းထားကြောင်း သိရသည်။
အရေးပါသည့် စစ်ဘက်ရာထူး အပြောင်းအလဲအနေဖြင့်လည်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)တိုင်းမှူး ဗိုလ်ချုပ် ကျော်ကိုထိုက်သည် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် (လကခ)ဖြစ်လာပြီး တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ဟောင်း ဒုတိယဗိုလ်ချုပ်ကြီးထိန်ဝင်းအား စစ်ရာထူးခန့်ချုပ်(ကကထူး)အဖြစ် ပြောင်းလဲခန့်အပ်လိုက်ကြောင်း စစ်ဘက်သတင်း အရင်းအမြစ်ထံမှ သိရသည်။
ထို့ပြင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(ရလခ) ဗိုလ်ချုပ်မျိုးမင်းထွန်းမှာလည်း တပ်မတော်စစ်ဆေးရေးအရာရှိချုပ်နှင့် တပ်မတော်စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ်နေရာတို့အား ပူးတွဲကိုင်တွယ်သွားမည်ဖြစ်သည်။
စစ်ဆင်ရေးကွပ်ကဲမှုအထူးအဖွဲ့မှူး (ကစထ)နေရာများ အပြောင်းအလဲအနေဖြင့်လည်း ကစထ-၁ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးသည် ကစထ-၅ မှူး ဖြစ်လာပြီး ကစထ-၅ မှူးဟောင်း ဒုတိယဗိုလ်ချုပ်ကြီးဇော်မင်းလတ်အား ကစထ-၂ မှူးအဖြစ် ပြောင်းရွှေ့ခဲ့ကြောင်းနှင့် ကစထ-၆ မှူး ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ကိုလည်း ကစထ-၁ သို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့် ဗန်းမော်စစ်မြေပြင်အား တာဝန်ယူကွပ်ကဲခဲ့ရသည့် အမှတ်-၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁) ဗိုလ်မှူးချုပ်တင်မင်းလတ်မှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) တိုင်းမှူး ဖြစ်လာပြီး တပ်မ-၈၈ တပ်မမှူး ဗိုလ်မှူးချုပ်ကျော်နိုင်ဦးမှာ အရှေ့အလယ်ပိုင်းစစ်ဌာနချုပ် (ရလခ)တိုင်းမှူးအဖြစ် ပြောင်းရွှေ့ခန့်အပ်လိုက်ကြောင်း သိရသည်။
You may also like these stories:
မင်းအောင်လှိုင်အလွန် တပ်ချုပ် ဘယ်သူလဲ
ရခိုင်မှာ စကမစစ်တပ် လုံးဝ အသံမထွက်နိုင်
စစ်ဗိုလ်ချုပ်တို့သာမက ဝန်ကြီးတချို့လည်း ရွေးကောက်ပွဲ ဝင်မည်














