အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဇနီး ဒေါ်ကြူကြူလှနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည့် ဒုတိယဗိုလ်မှူးကြီးကျော်ဇောရဲအား စစ်ခေါင်းဆောင်၏ ကိုယ်ရံတော် (PSO)အဖြစ် မကြာသေးခင်က ခန့်အပ်လိုက်ကြောင်း သိရသည်။
၂၀၂၅ နောက်ပိုင်းမှစ၍ စစ်ခေါင်းဆောင် ကိုယ်ရံတော် ဗိုလ်မှူးကြီး စိန်မောင်လင်းအား ကကကြည်းအောက်ရှိ အကြမ်းဖက် နှိမ်နင်းရေးဌာနသို့ ဌာနကြီးမှူးအဖြစ် ပြောင်းလဲတာ၀န်ပေးခဲ့သည့်အတွက် လစ်လပ်သွားသော ယင်းရာထူးအား ဒုဗိုလ်မှူးကြီးကျော်ဇောရဲကို ခန့်အပ်တာ၀န်ပေးခြင်း ဖြစ်သည်။
စစ်တပ်အရာရှိများတွင် ကိုယ်ရေးအရာရှိ (PSO)များ ထားကြပြီး ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုကာကွယ်ရေးဦးစီးချုပ်နှစ်ဦး ၏ ကိုယ်ရေးအရာရှိအဆင့်ကိုမူ ကိုယ်ရံတော်ဟု သုံးနှုန်းသည်။
စစ်တက္ကသိုလ်အပတ်စဥ် ၄၇ (DSA-47) ကျောင်းဆင်း ဒုဗိုလ်မှူးကြီးကျော်ဇောရဲသည် လက်ရှိ စစ်ကော်မရှင် လူဝင်မှုကြီး ကြပ်ရေး၀န်ကြီး ဦးမြင့်ကြိုင်သားမက်ဖြစ်ပြီး စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် (စရခ)ရုံး၌ တာ၀န်ထမ်းဆောင်နေသူ ဖြစ်ကာ စစ်ခေါင်းဆောင်၏ သီးခြားတာ၀န်များပေးခံရသူဖြစ်သည်။
မြန်မာစစ်တပ်၏ ရုရှားပြန်များအနက် အထူးချွန်ဆုံးထဲပါဝင်သူ ဒုတိယဗိုလ်မှူးကြီးကျော်ဇောရဲသည် စစ်လက်နက်ပစ္စည်း ဝယ်ယူထုတ်လုပ်မှုနှင့် ပတ်သက်၍ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အနီးကပ်အကြံပြုနေရသူတဦး ဖြစ်သည်။

သြဂုတ်လနောက်ဆုံးပတ် စစ်ခေါင်းဆောင်၏ တရုတ်ပြည်ခရီးစဥ်အတွင်း လိုက်ပါသွားခဲ့သည့် စစ်ဗိုလ်ချုပ်များထဲ ဒုတိယဗိုလ်မှူးကြီးကျော်ဇောရဲလည်း ပါဝင်သည်။
ဒုဗိုလ်မှူးကြီးကျော်ဇောရဲသည် ရုရှားနိုင်ငံတွင် ပညာသင်ကြားစဥ်ကတည်းက ဒေါ်ကြူကြူလှနှင့် နီးစပ်သည့်ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့ပြီး ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းရှိ စစ်ခေါင်းဆောင်နေအိမ်၏ အိမ်တော်မှူးတာ၀န် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
၎င်းသည် စစ်ခေါင်းဆောင်၏ ဝါဒဖြန့်လုပ်ငန်းများ၊ နိုင်ငံရေးအကောင်အထည်ဖော်မှုနှင့် လုံခြုံရေးဆိုင်ရာများ လုပ်ကိုင်ရာ တွင် အနီးကပ်ဆုံးသောလူယုံဖြစ်ပြီး စစ်ဗိုလ်ချုပ်ကြီးများထက်ပင် တန်ခိုးထွားနေသူဟု ၂၀၂၃ ခုနှစ်အတွင်း၌ မဇ္စျိမသတင်း ဌာနက စုံစမ်းရေးသားဖော်ထုတ်ခဲ့သည်။
You may also like these stories:
စစ်ခေါင်းဆောင် ကိုယ်ရံတော် ဗိုလ်မှူးကြီးစိန်မောင်လင်း အကြမ်းဖက်နှိမ်နင်းရေးတာဝန်ယူ
စစ်တိုက်ကောင်းဖို့ မလို၊ လူကြီးကတော်နဲ့ ပိုင်ဖို့သာ လိုတယ်














