လာမည့်ရွေးကောက်ပွဲဝင်ရန် စစ်ခေါင်းဆောင်၏အမိန့်အရ ဝန်ကြီးဌာနများမှ ဝန်ကြီးများ၊ စစ်ဗိုလ်ချုပ်များ၊ စစ်တပ် အငြိမ်းစားအရာရှိများအပါ အယောက် ၂၀ မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သို့ ကူးပြောင်းရန် စာရင်းထပ်မံ ထွက်ရှိလာကြောင်း စစ်တပ် သတင်းရင်းမြစ်များထံက သိရ သည်။
အဆိုပါ စာရင်းတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးမြထွန်းဦး၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးခင်မောင်ရီ၊ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ကြိုင်၊ အလုပ်သမားဝန်ကြီးဦးအောင်ကျော်ဟိုး (ယခင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီရုံး ဝန်ကြီးဌာန (၄) ဝန်ကြီး)၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးချစ်ဆွေ (ထိုင်းသံအမတ် ဟောင်း)၊ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော် (ဗိုလ်မှူးချုပ် ငြိမ်း)၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး Jeng Phan နော်တောင် (ယခင် တိုင်းရင်းသားရေးရာ ဝန်ကြီး) တို့ ပါဝင်သည်။
ထို့ပြင် နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း၊ သမ္မတရုံးဝန်ကြီးဌာန (၃) ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်တင့်၊ သမ္မတရုံးဝန်ကြီးဌာန (၄) ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တို့လည်း ပါဝင်သည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ စစ်ရာထူးခန့်ချုပ် ဒုဗိုလ်ချုပ်ကြီး လင်းအောင် (DSA 26)၊ အမှတ် ၃ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒု ဗိုလ်ချုပ်ကြီး တေဇကျော် (DSA 28)၊ အမှတ် ၆ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒု ဗိုလ်ချုပ်ကြီး သက်ပုံ (DSA 29)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုရဲချုပ် ၁ ရဲဗိုလ်ချုပ် တင်ကိုကို၊ ဒုရဲချုပ် ၂ ရဲဗိုလ်ချုပ် အောင်နိုင်သူ၊ စစ်အင်ဂျင်နီယာတပ်ဖွဲ့ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဇော်နိုင်ဦး (DSA 32)၊ တပ်မတော် စာရင်းစစ်ချုပ်မှ ဒုဗိုလ်ချုပ်ကြီး စိုးတင့်နိုင် (OTS 75) တို့ကိုလည်း စာရင်း၌ ထည့်သွင်း ဖော်ပြထားသည်။
ထပ်မံ၍လည်း စစ်ဘက်အရာရှိကြီးများအား ရွေးကောက်ပွဲဝင်ရန် လျာထားကြောင်း အဆိုပါ တပ်တွင်း သတင်း ရင်းမြစ်က ဆိုသည်။
ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက “တပ်မတော်သား အငြိမ်းစားတွေပါတော့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေး၊ ပြည်တွင်းသောင်းကျန်းမှုကို ကောင်းကောင်းနားလည်နိုင်တဲ့ သဘောရှိတယ်။ နိုင်ငံတည်ငြိမ်အေးချမ်းရေးကို တပ်မတော်က ဆောင်ရွက်နေသလို ကျနော်တို့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့အခြေအနေလည်းရှိတော့ နားလည်း နားလည်တဲ့သဘောရှိတယ်။ လက်ရှိမှာလည်း ပါတီအနေနဲ့ နိုင်ငံအေးချမ်းသာယာရေး ကူညီဆောင်ရွက်ပေးနေ တာတွေလည်း အများကြီး ရှိပါတယ်။ ကျနော်တို့ ပါတီက အစိုးရလည်း ဖြစ်ဖူးတယ်။ အတိုက်ခံလည်း ဖြစ်ဖူးတယ်။ အတွေ့အကြုံရှိတဲ့ ပါတီပါ” ဟု ၎င်းတို့၏ Facebook စာမျက်နှာ၌ ယခုလဆန်းပိုင်းက အင်တာဗျူးမေးမြန်းခန်းအဖြစ် ဖော်ပြရာတွင် ပြောဆိုထားသည်။
ယခုကဲ့သို့ စစ်ဗိုလ်ချုပ်များအပါအဝင် စစ်တပ်အသိုင်းအဝိုင်းမှ ဝင်ရောက် ယှဉ်ပြိုင်ကြမည့် ကြံ့ခိုင်ရေးပါတီသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲနှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် NLD ပါတီအား အပြတ်အသတ် ရှုံးနိမ့်ခဲ့သလို ၎င်းတို့ကြီးစိုးရာနယ်မြေ နေပြည်တော် မဲဆန္ဒနယ် မှာပင် ရှုံးနိမ့်ထားသည်။
ယခုရွေးကောက်ပွဲ ဝင်မည်ဆိုသော ဒုဗိုလ်ချုပ်ကြီးများမှာ စစ်တက္ကသိုလ် အပတ်စဉ် ၂၆၊ ၂၇၊ ၂၈ များမှ ဖြစ်သကဲ့သို့ ဗိုလ်သင်တန်း အပတ်စဉ် (OTS) မှ ၂ ဦး ပါဝင်နေရာ ရွေးကောက်ပွဲအပြီး အနာဂတ် စစ်တပ် စတုတ္ထမျိုးဆက်နှင့် ပတ်သက်၍ စစ်တက္ကသိုလ် အပတ်စဉ်- ၃၈ ကျောင်းဆင်းများနှင့် စစ်တက္ကသိုလ် အပတ်စဉ် ၄၁/၄၂ များ၏ အခန်းကဏ္ဍ အရေးပါလာနိုင်ကြောင်း ISP-Myanmar က သုံးသပ်ထားသည်။
စစ်ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲအား ဒီဇင်ဘာ ၂၈ ရက်၌ အပိုင်း ၁ အဖြစ် စတင် ပြုလုပ်သွားမည်ဖြစ်ကာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၂၇၄ နယ်၊ အမျိုးသား လွှတ်တော် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၇၅ နယ်၊ အချိုးကျ ကိုယ်စားပြု (PR) မဲဆန္ဒနယ် ၂၆ နယ်၊ တိုင်းနှင့် ပြည်နယ် လွှတ်တော် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၂၆၆ နယ်၊ တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် PR စနစ် မဲဆန္ဒနယ် ၄၂ နယ်၊ ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နယ် စုစုပေါင်း ရွေးကောက်ပွဲ မဲဆန္ဒနယ် ၇၁၂ နယ်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု စက်တင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။
ထို့အတူ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေး တပ်များ ထိန်းချုပ်ထားသော နေရာများအပါ ကချင်၊ ကရင်နီ (ကယား)၊ ရှမ်း၊ ချင်း၊ ရခိုင်ပြည်နယ်တို့နှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့ရှိ မဲဆန္ဒနယ် ၁၂၁ နယ် ၌ ရွေးကောက်ပွဲ ကျင်းပမည် မဟုတ်ဟုလည်း ကြေညာထားသည်။
You may also like these stories:
ဒု ဗိုလ်ချုပ်ကြီး ၆ ဦး ကြံ့ခိုင်ရေးပါတီမှ ရွေးကောက်ပွဲ ဝင်မည်
ဘာဖြစ်နေနေ ရွေးကောက်ပွဲလုပ်မယ်လို့ စစ်ခေါင်းဆောင်ပြော
ရွေးကောက်ပွဲအလွန် စစ်တပ် စတုတ္ထမျိုးဆက် ဘယ်သူတွေဖြစ်မလဲ
စကမရွေးကောက်ပွဲမှာ ‘တပ်တွင်းမဲရုံ’ မရှိလို့ ဆိုသော်လည်း














