လက်ရှိ စစ်ရေး၊ နိုင်ငံရေး အကျပ်အတည်းက ဖောက်ထွက်ဖို့လုပ်မယ့် ရွေးကောက်ပွဲအပြီး အနာဂတ် စစ်တပ် ခေါင်းဆောင်တွေ ဘယ်သူဖြစ်လာမယ်ဆိုတာ ထိုင်းအခြေစိုက် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar)က သုံးသပ်ချက်စစ်တမ်းတစောင် သြဂုတ် ၂၅ရက်က ထုတ်ပြန်ခဲ့ပါတယ်။
ISP က “ပြည်တင်းတာကို နာတော်ခံမလား ရှင်ကြီးကျားထက်ပိုဆိုးမလား” ဆိုကာ ရွေးကောက်ပွဲအပြီး စစ်တပ်စတုတ္ထ မျိုးဆက် ဖြစ်နိုင်ခြေကို သုံးသပ်ရာမှာ ရဲဘော်သုံးကျိပ်နဲ့ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်ခဲ့တဲ့ ၁၉၄၀- ၁၉၈၈ ခုနှစ် အထိကို ပထမမျိုးဆက်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်ခဲ့တဲ့ ၁၉၈၈-၂၀၁၁ ခုနှစ်အထိ ဒုတိယမျိုးဆက်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်ခဲ့တဲ့ ၂၀၁၁ ခုနှစ်ကနေ ယနေ့ကာလအထိကို တတိယမျိုးဆက်အဖြစ် ပိုင်းခြားကာ သုံးသပ် ထားတာကို တွေ့ရတယ်။
သုံးသပ်ချက်မှာတော့ စစ်တပ်ဟာ လူထုအပေါ် ဖိနှိပ်မှုတွေကြောင့် ရှစ်လေးလုံးအရေးတော်ပုံ၊ ရွှေဝါရောင်တော်လှန်ရေး တို့လို လူထုဆန့်ကျင်အုံကြွမှုတွေ လက်နက်ကိုင်ခုခံမှုတွေကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပေမယ့် ၂၀၂၁ အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မျိုးဆက်ကတော့ လူထုထောက်ခံမှု အဆိုးရွားဆုံး ကျဆင်းခဲ့သလို လက်နက်ကိုင်ခုခံမှု ကြောင့် တိုင်းစစ်ဌာနချုပ်နှစ်ခုပါ လက်လွှတ်ရတဲ့အထိ ရှုံးနိမ့်မှုတွေကို အဆိုးဆုံးကြုံတွေ့နေရတဲ့ အနေအထားလည်း ဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒီလိုဆိုးရွားတဲ့ အကျပ်အတည်းတွေကြား အသက်အကန့်အသတ်မဲ့ တပ်ချုပ်ရာထူးကို ဆုပ်ကိုင်လာခဲ့တဲ့ စစ်ခေါင်းဆောင် ရဲ့ ဒီနှစ်ကုန်ရွေးကောက်ပွဲအလွန်ဟာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေသာမက တပ်တွင်း ပြောင်းလဲမှုတွေလည်း ဖြစ်နိုင်ခြေ ရှိနေတယ်လို့ ISP က သုံးသပ်ပါတယ်။
အာဏာသိမ်းကာလတွေမှာ စစ်ဘက်အရာရှိကြီးတွေကို ရာထူးကဖြုတ်တာ၊ ထုတ်ပယ်တာတွေ များစွာလုပ်ခဲ့သလို ကျန် စစ်ကော်မရှင်အဖွဲ့တွေနဲ့ စစ်တပ်အရာရှိကြီးတွေကိုလည်း နှစ်ကုန်ကျင်းပမယ့် ရွေးကောက်ပွဲမှာပါဖို့ ယှဉ်ပြိုင်လိုတဲ့ ဆန္ဒရှိ မရှိ စာရင်းကောက်ယူတာတွေ လုပ်နေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။
လက်ရှိ စစ်တပ်ခေါင်းဆောင်ပိုင်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့က ထိပ်ကဆက်ရှိနေပြီး အမာခံတွေလို့ ယူဆရတဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး (DSA 25)၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် (DSA 29)၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်း (DSA 29)၊ စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး (OTS 77)၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်း (DSA- 35)တို့က ဦးစီးနေတာကို တွေ့ရပါတယ်။

ဒါကြောင့် ရွေးကောက်ပွဲပြီးလို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ စစ်ဘက်တာဝန်ကနေ အရပ်ဘက်ပြောင်း သမ္မတ လုပ်မယ်ဆိုရင် တပ်ကို အသေးစိတ်စီမံဖို့ ဒီငါးဦးထဲကမှ အယုံကြည်ရဆုံးသူနဲ့ လွှဲကာ သူသာမက မိသားစုနဲ့ အကျိုးစီးပွား အားလုံး စိတ်ချရတဲ့ အနေအထားရောက်မှ စတုတ္ထမျိုးဆက်ကို အဆင့်ဆင့်လက်လွှဲပေးနိုင်တယ်လို့ ISP က သုံးသပ် ထားပါတယ်။
ဒီနည်းကတော့ ဒုတိယမျိုးဆက်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ရိုးရှင်းတဲ့ဆုတ်ခွာနည်းဖြစ်သလို နောက်တနည်းကတော့ စစ်ခေါင်းဆောင်ဟာ တပ်ကိုလက်မလွှတ်ဘဲ စစ်ကော်မရှင်ကို ဆက်ထားကာ တရုတ်ပုံစံ ဗဟိုစစ်ကော်မရှင်လိုမျိုးနဲ့ တပ် အာဏာ ဆက်လက်ဆုတ်ထားနိုင်တယ်လို့လည်း ISP က ဆိုပါတယ်။
ဒါပေမယ့် ဘယ်နည်းကိုပဲ သုံးသုံး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အဖို့တော့ အကူးအပြောင်းကာလမှာ သူ့ကို ကာကွယ်ဖို့ လူယုံတဦးကတော့ လိုအပ်ပါတယ်။ ဒီလူဟာ ၂၀၂၄ ဒီဇင်ဘာလကမှ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) အသစ် အဖြစ် ခန့်အပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးကျော်စွာလင်းလို့ အများထင်ကြေးပေးကြသလို လက်ရှိရေပန်းအစားဆုံး ဖြစ်နေပါတယ်။
တပ်မတော် စစ်အင်္ဂါစဉ်မှာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဆိုတာ တတိယနေရမှာရှိပြီး ကာကွယ်ရေး ဦးစီးချုပ် နေရာကို မျှော်မှန်းနိုင်တဲ့သူ ဖြစ်ပေမယ့် စစ်တပ်သမိုင်းပြန်ကြည့်ရင် ညှိကွပ်အားလုံးလည်း တပ်ချုပ်ဖြစ်လာခဲ့တာမဟုတ် တော့ ကံသေကံမ တထစ်ချ မယူဆနိုင်တဲ့ သာဓကတွေလည်း ရှိခဲ့ပါတယ်။
ဥပမာ အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး သူရရွှေမန်း ဆိုရင် တပ်ချုပ်မဖြစ်လိုက်ရသလို ဗိုလ်ချုပ်ကြီး လှဌေးဝင်းသည်လည်း ထိုနည်းလည်းကောင်း ကြံ့ခိုင်ရေး ပါတီဘက်ပြောင်းခံလိုက်ရပါတယ်၊ လက်ရှိ ဗိုလ်ချုပ်ကြီး မြထွန်းဦး ဆိုရင်လည်း ညှိကွပ်ဘဝနဲ့ လမ်းဆုံးကာ ကာကွယ်ရေး ဝန်ကြီး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးစတဲ့ ဘ၀တွေနဲ့ ချောင်ထိုးခံရတာမျိုး ဖြစ်စဉ်တွေလည်း ရှိပါတယ်။

ဗိုလ်ချုပ်ကြီးကျော်စွာလင်းဟာ စစ်ခေါင်းဆောင်နဲ့ ဆိုရင် စစ်တက္ကသိုလ် အပတ်စဉ် ၁၆ ခု ကွာခြားပေမယ့် ခန္ဓာကိုယ် ညှက်သေးသေး ဖြစ်နေတာကတော့ စစ်ခေါင်းဆောင်နဲ့ တူတယ်လို့ ဆိုရမှာပါ။
လူပုံနွဲ့နွဲ့ မင်သားဟန်နဲ့ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းရဲ့ သမိုင်းကြောင်း သိသူတွေကတော့ “မင်းလိုလိုက် မင်းကြိုက်ဆောင်” “စစ်မတိုက်ဖူးတဲ့ စစ်မင်းသား”လို့ဆို ကြပါတယ်။
ဘယ်လိုပဲဆိုဆို လက်ရှိမှာတော့ သူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) တာဝန်ယူပြီးတဲ့ နောက်ပိုင်း ပြင်ဦးလွင်ကို အဓိက ခြိမ်းခြောက်လာနိုင်တဲ့ တောင်းခမ်းစစ်မျက်နှာက ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်တွေကို ဖယ်ရှားနိုင်ခဲသလို အဲဒီကမှ နောင်ချိုကို သိမ်းကာ ဂုတ်ထိပ်အထိပါ တက်ပြီး မိုးကုတ်၊ ကျောက်မဲ စတဲ့ မြို့တွေအတွက် တဖက်က ပြန်လည်စိုးရိမ်ရတဲ့ အနေအထားကို ရောက်သွားတာ တွေ့ရပါတယ်။
ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအခင်းအကျင်းတွေနဲ့ တချိန်တည်းမှာပဲ ချင်း၊ မကွေး၊ စစ်ကိုင်းနဲ့ ကချင်၊ ကယားစတဲ့ နေရာတွေကို ထိုးစစ်ဆင်ဖို့ ကြိုးစားလာတာကိုတွေ့ရသလို ဒီရက်ပိုင်းမှာ ထိုင်း- မြန်မာနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း ဖြစ်တဲ့ အာရှ လမ်းမကြီးကို ပြန်လည်စိုးမိုးနိုင်ကာ အရင်စွန့်လွှတ်ခဲ့ရတဲ့ အဓိက အရေးပါတဲ့ သင်္ကန်းညီနောင်ဗျူဟာနဲ့ တပ်ရင်း နေရာ တွေ ကို စစ်တပ်က ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ISP-Myanmar ကတော့ DSA အပတ်စဉ်-၃၅ ဝန်းကျင် စစ်ဗိုလ်ချုပ်တွေဟာ စစ်တပ်စတုတ္ထမျိုးဆက်ဝင်တွေ ဖြစ်လာ နိုင်သလို ဒီမျိုးဆက်ရဲ့ ကျောရိုးအဖြစ် စစ်တက္ကသိုလ် အပတ်စဉ်-၃၈ ကျောင်းဆင်းတွေနဲ့ လက်ရှိတိုင်းမှူးတွေဖြစ်တဲ့ DSA အပတ်စဉ်-၄၁/၄၂ တွေရဲ့ အခန်းကဏ္ဍဟာ အရေးပါလာနိုင်တယ်လို့လည်း သုံးသပ်ပါတယ်။

လက်ရှိစစ်တပ်မှာ ဒု ဗိုလ်ချုပ်ကြီး ၂၀ ဦးခန့်ရှိရာ စစ်တက္ကသိုလ် အပတ်စဉ် (DSA -၃၅) နဲ့ အောက် အပတ်စဉ်တွေထဲက ၇ ဦး တိတိ ဒု ဗိုလ်ချုပ်ကြီးတွေအဖြစ် ပါဝင်နေတာကို တွေ့ရပါတယ်။
သူတို့တွေကတော့ အမှတ် ၂ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး (DSA- 35)၊ အမှတ် ၄ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေ (DSA- 36)၊ အမှတ် ၆ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် (DSA- 37)၊ အမှတ် ၁ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး (DSA- 38)၊ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဟိန်း (DSA- 38)၊ စစ်ဦးစီး အရာရှိချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး သန်းထိုက် (DSA- 38)၊ လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးထိန်ဝင်း (DSA- 38) တို့အသီးသီးနေရာယူထားတာဖြစ်ပါတယ်။
ဗိုလ်ချုပ် ရာထူးနဲ့ ၁၂ ဦး၊ ဗိုလ်မှူးချုပ် ၄ ဦး ရှိရာမှာ စစ်တက္ကသိုလ်အပတ်စဉ် ၃၇ ဆင်း အမှတ်- ၅ စစ်ဆင်ရေး အထူး အဖွဲ့မှူး ဗိုလ်ချုပ်ဇော်မင်းလတ်နဲ့ စစ်ခေါင်းဆောင်ကိုယ်ရေးအရာရှိ စစ်ဘက်လက်ထောက် ဗိုလ်ချုပ်မိုးမြင့်ဆွေ (OTC-23) တို့ဟာလည်း အရေးပါသူများဖြစ်ပြီး ကျန် ၁၄ ဦးက စစ်ဆင်ရေးဖော်ဆောင်နေတဲ့ တိုင်းစစ်ဌာနချုပ် တိုင်းမှူးတွေအဖြစ် တာဝန်ယူထားပါတယ်။
နောက်ပိုင်းမှာ သူတို့အားလုံးရဲ့ အခန်းကဏ္ဍဟာ အခရာကျလာနိုင်ပေမယ် ဆယ်စုနှစ်တခုကျော် မျိုးဆက်ကွာခြားတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်လက်အောက်မှာ မျက်နှာသာရဖို့ အစွမ်းကုန်သစ္စာစောင့်သိပြရင်း မြှောက်စားခံရ နိုင်သလို အလိုမကျရင်တော့ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းလို့ အချိန်မရွေး ဖယ်ရှားခံရနိုင်တဲ့ အခြေအနေတွေလည်း ကြုံနိုင်ပါတယ်။
လတ်တလောမှာတော့ ရွေးကောက်ပွဲအလွန်ဖြစ်လာမယ့် စစ်တပ် စတုတ္ထမျိုးဆက်ဆိုသူတွေဟာ သူတို့ကိုယ်သူတို့ တိုင်းပြည်ရဲ့ အုပ်ထိန်းသူတွေလို့ ခံယူတဲ့ နေရာမှာ ရှေးမျိုးဆက်တွေနဲ့ မကွာခြားသလို တပ်မတော် ပြန်လည် ခေါင်းထောင် လာနိုင်ဖို့၊ ဗမာအမျိုးသားရေးစိတ်နဲ့ ပြန်လည်ရှင်သန်ဖို့၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အစွမ်းကုန် သစ္စာခံဖို့ ဆိုတာ မျိုးလောက်ကိုသာ တွေ့နေရပြီး ဒီဂရီရေချိန် အပြောင်းအလဲသာကွာမယ် အနှစ်သာရကတော့ သိပ်ပြောင်း လဲဖွယ် မရှိဘူး လို့ ISP Myanmar ရဲ့ သုံးသပ်ချက်ကို ဖော်ပြလိုက်ရပါတယ်။
You may also like these stories:
ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ရဲ့ သားရွှေအိုးထမ်း မဟာဗျူဟာ
မြန်မာစစ်တပ်နှင့် ပီးရစ် အောင်ပွဲ
ဘာဖြစ်နေနေ ရွေးကောက်ပွဲလုပ်မယ်လို့ စစ်ခေါင်းဆောင်ပြော














