Apple ကုမ္ပဏီက Google ရဲ့ Gemini AI ကို တနှစ် အမေရိကန် ဒေါ်လာ ၁ ဘီလီယံ ပေးပြီး အသုံးပြုဖို့ စီစဉ်နေပါတယ်။
Voice assistance Siri ကို ပြန်လည် မွမ်းမံဖို့ အတွက် လို့ ဆိုကာ အခုလို စီစဉ်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
သုံးသပ် ဆွေးနွေးမှုတွေ ပြုလုပ်ပြီးတဲ့နောက် ကုမ္ပဏီ ၂ ခုဟာ သဘောတူညီမှု အတွက် အပြီးသတ်နေကြပြီ ဖြစ်ပြီး Google ရဲ့ နည်းပညာအတွက် Apple က တနှစ်ကို ဒေါ်လာ ၁ ဘီလီယံ ပေးရမည် ဖြစ်ကြောင်း Bloomberg သတင်းဌာန က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ဖော်ပြသွားပါတယ်။
Apple ဟာ သူတို့ရဲ့ ကိုယ်ပိုင် AI စနစ် အဆင်သင့် မဖြစ်ခင် ယာယီအနေနဲ့ Google ရဲ့ Gemini AI model ကို အသုံးပြုမှာ ဖြစ်တယ် လို့လည်း သိရပါတယ်။
AI model တွေရဲ့ လုပ်ဆောင်နိုင်စွမ်းကို ရည်ညွှန်းတဲ့ Parameters ပေါင်း ၁ ဒသမ ၂ ထရီလီယံ အထိရှိတဲ့ Gemini AI ဟာ Apple ရဲ့လက်ရှိ AI စနစ်တွေထက် များစွာ သာလွန်နေတယ်လို့ ဆိုပါတယ်။
Apple ရဲ့ Siri ဟာ Amazon ရဲ့ Alexa နဲ့ Google Assistance တို့နဲ့ ယှဉ်ရင် ရှုပ်ထွေးပြီး အဆင့်များစွာပါတဲ့ ခိုင်းစေမှုတွေ၊ တခြား apps တွေနဲ့ ချိတ်ဆက်မှု အပိုင်းတွေမှာ စွမ်းဆောင်ရည် တောက်လျှောက် နိမ့်ပါးနေခဲ့တာဖြစ်တယ် လို့လည်း ဆိုပါတယ်။
အခု သဘောတူညီမှုဟာ ယခင် Gemini ကို Siri နဲ့ တိုက်ရိုက် ပေါင်းစပ်မယ် ဆိုတဲ့ ဆွေးနွေးမှုနဲ့ သီးခြားဖြစ်ပြီး Google ရဲ့ AI ရှာဖွေမှု စနစ်ကို Apple ရဲ့စနစ်ထဲ ထည့်သွင်းသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။
Google နဲ့ Apple ကုမ္ပဏီတွေကို မှတ်ချက်ပေးဖို့ ဆက်သွယ်ခဲ့ပေမယ့် ငြင်းဆိုခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ မတ်လက Siri ရဲ့ AI စနစ် မြှင့်တင်မှုတွေကို ၂၀၂၆ ထိ ရွှေ့ဆိုင်းသွားမယ် ဆိုပြီး နောက်ဆုတ်ရတဲ့ အကြောင်းရင်း ကိုတော့ မဖော်ပြဘဲ Apple က ကြေညာခဲ့ပါသေးတယ်။
Apple ရဲ့ ပြိုင်ဖက် ကုမ္ပဏီတွေက သူတို့ရဲ့ Voice assistance တွေကို AI နဲ့ ပေါင်းစပ်ဖို့ အရှိန်မြှင့် လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
Google က Google Assistance နဲ့ Gemini AI ကို ပြီးခဲ့တဲ့နှစ်မှာ ပေါင်းစပ်ခဲ့ပြီး Amazon က Alexa assistance ကို အခုနှစ် အစောပိုင်းမှာ AI နဲ့ ပြင်ဆင် မွမ်းမံထားခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
Apple ဟာ AI စနစ် ဖွံ့ဖြိုးဖို့ လနဲ့ချီ နှောင့်နှေးခဲ့ပြီးတဲ့နောက် လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ဖို့ ထိပ်ပိုင်း တာဝန် ရှိသူတွေကို အပြောင်းအလဲ လုပ်ဆောင်ခဲ့ကြောင်း Bloomberg သတင်းဌာနက ပြီးခဲ့တဲ့ မတ်လမှာ ဖော်ပြပါခဲ့သေးတယ်။
Ref : Reuters














