ရန်ကုန်တက္ကသိုလ် သမိုင်းဝင် ကျောင်းသား သမဂ္ဂ အဆောက်အအုံကို ပြန်လည် တည်ဆောက်ရန် အတွက် ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်တွင် ဘတ်ဂျက် ကျပ် ၅.၂ ဘီလီယံ အသုံးပြုရန် ခွင့်ပြုထားကြောင်း ပညာရေး ဝန်ကြီးဌာန အဆင့်မြင့် ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်း က ပြောသည်။
အဆောက်အအုံကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့က ဦးဆောင် စီစဉ်နေခြင်းဖြစ်ကြောင်း ပုံစံ ဒီဇိုင်းကိုမူ ယခုအချိန်အထိ ရရှိခြင်း မရှိသေးကြောင်း ပညာရေး ဒုဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောသည်။
ကျောင်းသားသမဂ္ဂ အဆောက်အအုံ မြေနေရာတွင် အဆောက်အအုံ ဆောက်လုပ်ရန် ယခုနှစ်ဆန်းပိုင်းက ပြင်ဆင်မှုများ ပြုလုပ်ခဲ့သော်လည်း ဆောက်နေသည့် အပေါ် ဝေဖန် ကန့်ကွက်မှုများ ရှိနေ၍ ဆောက်လုပ်မှု ရပ်ဆိုင်းခဲ့ရသည်။
ရန်ကုန် တက္ကသိုလ် ကျောင်းဝင်းအတွင်းရှိ ကျောင်းသားသမဂ္ဂ အဆောက်အအုံသည် အာဏာရှင်ဟောင်း ဦးနေဝင်း၏ တော်လှန်ရေး ကောင်စီလက်ထက် ၁၉၆၂ ခုနှစ် ဇူလိုင်လတွင် မိုင်းခွဲဖျက်ဆီးခံခဲ့ရသည်။