ရန်ကုန်တိုင်း ပညာရေးမှူးရုံးနှင့် မြို့နယ် ပညာရေးမှူးရုံးတို့တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ပညာရေး အရာရှိ ၇ ဦးကို ခွင့်မဲ့ ပျက်ကွက်ခြင်း၊ လုံလောက်သော အကြောင်းပြချက် မရှိဘဲ တာဝန်မှ ပျက်ကွက်သည်ဟုဆိုကာ အာဏာသိမ်း စစ်ကောင်စီ က မေလ ၁၇ ရက်နေ့ ရက်စွဲဖြင့် တာဝန်မှ ယာယီ ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။
တာဝန်မှ ယာယီရပ်ဆိုင်းခံရသူများမှာ ရန်ကုန်တိုင်း ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦး၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းခိုင်၊ တောင်ဥက္ကလာပမြို့နယ် ပညာရေးမှူး ဒေါ်ဌေးဌေးမြင့်၊ ကျောက်တံတားမြို့နယ် ပညာ ရေးမှူး ဒေါ်ခင်မိမိချို၊ ဒဂုံမြို့နယ် ဒုမြို့နယ် ပညာရေးမှူး ဦးမြင့်သန်းထွန်း၊ သုံးခွမြို့နယ် ဒုမြို့နယ် ပညာရေးမှူး ဒေါ်ခိုင်နွယ် ထွန်း၊ ဗဟန်းမြို့ နယ် ဒုမြို့နယ် ပညာရေးမှူး ဦးဘုန်းသက်ရှည်တို့ ဖြစ်ကြောင်း သိရသည်။
“ဆရာလေး(ဦးအောင်ကျော်ဦး)က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက အလုပ်မဆင်းတော့တာ။ CDM လုပ်နေတဲ့ ဆရာ၊ ဆရာမတွေကို စာထုတ်ပြီး အရေးယူဖို့ နေပြည်တော်က ခိုင်းတာကို မလုပ်ချင်လို့ ရုံးမတက်တော့တာလို့ သိရတယ်။ အခု ကျ ဒီစာထွက်လာတာပဲ”ဟု ပညာရေး ဝန်ထမ်းတဦးက ပြောသည်။
ယခုလို ရန်ကုန်တိုင်းမှ ပညာရေး အရာရှိများကို တာဝန်မှ ယာယီ ရပ်ဆိုင်းလိုက်သည့်နည်းတူ အခြား တိုင်းနှင့် ပြည်နယ် အသီးသီးမှ ပညာရေး အရာရှိများကိုလည်း တာဝန်မှ ယာယီ ရပ်ဆိုင်းမှုများကို စစ်ကောင်စီက ပြုလုပ်လျက်ရှိသည်။
တနိုင်လုံးတွင် အရပ်ဘက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်သူ အခြေခံပညာရေး ဦးစီးဌာနမှ ဝန်ထမ်း ၁ သိန်း ၂ သောင်းကျော် ရှိကြောင်း ပညာရေး အသိုင်းအဝိုင်းမှာ သိရသည်။
ယခု အခြေအနေတွင် စစ်ကောင်စီက ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ကြိုးစားနေခြင်းသည် လုပ်ငန်းများ လည်ပတ် ကြောင်း ရုပ်ပြသဘောသာဖြစ်ပြီး ကလေးများကို စာတတ်မြောက်စေလိုသည့် ရည်ရွယ်ချက် မရှိကြောင်း၊ ၎င်းတို့ လက် အောက်တွင် ပညာရေးမှာလည်း တိုးတက်မည်ဟု မယုံကြည်ကြောင်း CDM ပြုလုပ်လျက် ရှိသည့် ပညာရေး ဝန်ထမ်း တချို့က ပြောသည်။
ထို့ပြင် စစ်ကောင်စီက ပညာရေး ဝန်ထမ်းများကို တာဝန်မှ ရပ်နားခြင်းအပြင် လုပ်ငန်းခွင် ပြန်ဝင်ရန် ဖိအားပေးခြင်း၊ ၅၀၅-က ပုဒ်မတပ်ကာ ဝရမ်းထုတ်ခြင်း၊ ဖမ်းဆီးရမိခြင်း မရှိသေးသည့် ဝန်ထမ်းတချို့၏ မိသားစုဝင်များကို ဖမ်းဆီးခြင်းများလည်း ပြုလုပ်လျက် ရှိသည်။