ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တို့ကြား ယနေ့ နံနက်အစောပိုင်းမှစတင်ပြီး တိုက်ပွဲများဖြစ်ပွားနေကာ စစ်ကောင်စီဘက်မှ ၄ ဦး သေဆုံးကြောင်း ကနဦးသတင်းများအရ သိရသည်။
အဆိုပါတိုက်ပွဲအတွင်း KNLA ပူးပေါင်းတပ်များဘက်က ကော့ကရိတ်မြို့အတွင်းရှိ စစ်ဖက်ဆိုင်ရာလုံခြုံရေးရုံး (စရဖ)နှင့် ရဲသတင်းတပ်ဖွဲ့ရုံးများကို မီးရှို့ဖျက်ဆီးခဲ့သလို စစ်ကောင်စီဘက်မှ ၄ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကော့ကရိတ်မြို့ တိုက်ပွဲနှင့်ပတ်သက်၍ နေ့လယ်တနာရီခန့်၌ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ-၆ မှ တာဝန်ရှိသူတဦးအား ဆက်သွယ်မေးမြန်းသည့်အခါ “အခုထိတော့ ကျနော်တို့တပ်ဖွဲ့ဝင်တွေ ပြန်မဆုတ်သေးဘူး။ မြောက်ပိုင်းအဖွဲ့တွေနဲ့ တပြိုင်တည်း စစ်ရေးလှုပ်ရှားတဲ့သဘောပါ” ဟု ပြောသည်။
ယနေ့ နေ့လယ်ပိုင်းအချိန်ထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ပိုမိုပြင်းထန်လာနိုင်ကြောင်းလည်း စစ်ရေးလေ့လာသူ များက သုံးသပ်ပြောဆိုသည်။
ထို့ပြင် ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အဇင်းရွာဘက်၌လည်း စစ်ကောင်စီ စစ်ကြောင်းတကြောင်းအား ကရင်ပူးပေါင်းတပ်များက ပိတ်ဆို့ပြီးတိုက်ခိုက်နေရာ လက်ရှိအချိန်ထိ တိုက်ပွဲမပြီးသေးကြောင်း သိရသည်။
အောက်တိုဘာ ၂၄ ရက်ကလည်း KNU တပ်မဟာ-၆ နယ်မြေ ကော့ကရိတ်မြို့အနီး တတန်ကူးကျေးရွာမှ စစ်ကြောင်းထိုး လာသော တပ်မ-၄၄ လက်အောက်ခံ စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ခြေမြန်တပ်ရင်း ခမရ-၂၀၇ မှ တပ်ရင်းမှူး ဗိုလ်မှူး ငြိမ်းချမ်းကိုကို သေဆုံးခဲ့သည်။