မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်အနောက်ခြမ်း ဧရာဝတီမြစ်ကမ်းဘေးမှ တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားသည့် ငါန်းမြာကြီးရွာကို စစ်ကောင်စီက လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် အောက်တိုဘာ ၂၁ ရက်တွင် ပြန်လည်အထိုင်ချတပ်စွဲခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ငါန်းမြာကြီးရွာနှင့် တမိုင်ကျော်သာ ကွာဝေးသော မိုးတောင်ကျေးရွာအထိ ရောက်ရှိလာသည့် အင်အား ၁၃၀ ကျော်ပါ စစ်တပ်၊ ပျူစောထီး ပူးပေါင်းစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်းတွင် တိုက်ပွဲပြင်းထန်ခဲ့သည်။
ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းပစ်ကူအပြင် ဆီမီးခုံဆိပ်ကမ်း ဧရာဝတီမြစ်အတွင်း ဆိုက်ကပ်ထားသည့် ရေတပ်စစ်သင်္ဘောမှ လက်နက်ကြီးပစ်ကူများကြောင့် တော်လှန်ရေးအင်အားစုများအနေဖြင့် ပြန်လည်ဆုတ်ခွာပေးခဲ့ရကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ငါန်းမြာကြီးကို စစ်ကောင်စီ ပြန်ထိန်းချုပ်သွားတယ်ဆိုတာ မှန်ပါတယ်။ လေကြောင်းပစ်ကူ၊ ရေကြောင်းကနေ လက်နက်ကြီးနဲ့ ပစ်ကူတွေ အများကြီးသုံးခဲ့တာမို့ ပြန်ဆုတ်ပေးကြတာပါ။ ၂၀ ရက်နေ့ကစပြီး တိုက်ပွဲပြင်းထန်ခဲ့ပြီးတော့ ငါန်းမြာကြီးရွာထဲကိုတော့ မနေ့မနက်ပိုင်းရောက်မှ သူတို့ ဝင်နိုင်ခဲ့ကြတာပါ” ဟု ပြောသည်။
ယနေ့တွင် ငါန်းမြာကြီးရွာထဲ ဝင်ရောက်နေသည့် စစ်တပ်နှင့် ပျူစောထီး စစ်ကြောင်းသည် ရွာအတွင်းရှိ နေအိမ်အချို့အား မီးရှို့နေပြီး ပြည်သူတချို့ကိုလည်း ဖမ်းဆီးထားကြောင်း သိရသည်။
မန္တလေးမြို့ အနောက်တောင်ဘက် မိုင် ၄၀ ကျော်အကွာရှိ ငါန်းမြာကြီးရွာသည် တိုက်နယ်အဆင့် ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာကြီးတရွာဖြစ်ကာ တောင်ဘက်တွင် စစ်ကောင်စီ ရေတပ်စခန်းချထားသည့် ဆီမီးခုံရွာနှင့်လည်း ၆ မိုင်ခန့်သာ ကွာဝေးသလို မြစ်တဘက်ကမ်း၌ တော်လှန်ရေးတပ်ဖွဲ့များအားကောင်းရာ မြောင်မြို့တည်ရှိသဖြင့် စစ်ရေးအရ အချက်အချာကျသည့် နေရာဖြစ်သောကြောင့် စစ်ကောင်စီက ပြန်လည်အထိုင်ချနိုင်ရေးအတွက် ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ငါန်းမြာကြီးရွာအား ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် တပ်အချိန်းအပြောင်းများ လုပ်ဆောင်ခဲ့သလို လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးပစ်ကူများနှင့်အတူ မြေပြင်၊ ဝေဟင် နှစ်ဖက်ညှပ် စစ်ကြောင်းထိုး တိုက်ခိုက်ခြင်းတို့ကြောင့် ပြန်လည်ဝင်ရောက် ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်ဟုလည်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

ဩဂုတ် ၁၉ ရက်တွင် တော်လှန်ရေးတပ်များက ငါန်းမြာကြီးရဲစခန်းကို စီးနင်းဝင်ရောက်ကာ သိမ်းပိုက်ခဲ့ပြီးနောက် ၁ လကျော်အကြာ အောက်တိုဘာ ၁၁ ရက်မှစ၍ စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းအင်အား ၁၃၀ ခန့်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါစစ်ကြောင်းကို တော်လှန်ရေးအင်အားစုများက ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်ခဲ့သလို မိုးတောင်ကျေးရွာ၌ တပ်စွဲထားစဉ်တွင်လည်း ကျေးရွာအတွင်းထိ ဝင်ရောက်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သော်လည်း လူသူ၊ လက်နက်အင်အားမမျှ၍ ပြန်လည်ဆုတ်ခွာပေးခဲ့ရကြောင်း သိရသည်။
အောက်တိုဘာ ၁၄ ရက်တွင် မိုးတောင်ရွာအနီး တော်လှန်ရေးအင်အားစုများ တပ်စွဲထားသည့်နေရာများကို လေကြောင်းတိုက် ခိုက်မှုပြုလုပ်ခဲ့ရာ အသက် ၂၀ အရွယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သည်။
လက်ရှိတွင် ငါန်းမြာကြီးရွာ အပါအဝင် ပေါက်တောချောင်၊ မိုးတောင်၊ သာယာအေး၊ လက်ပံသာ၊ လယ်ချင်းဦး၊ ဒုံဒင်၊ သဖန်းသာ၊ ကုန်းလည်၊ မြေနီ၊ ရွာသာအေး၊ ရွာသစ်ကျေးရွာများမှ ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသလို လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ် မီးလောင်ပျက်စီးမှုများလည်း ရှိကြောင်း၊ ဖမ်းဆီးခံရသည့် ဒေသခံများလည်းရှိပြီး အရေအတွက်အသေးစိတ်ကိုမူ မသိရသေးပေ။
ငါန်းမြာကြီးရွာသို့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး၊ ဒေသခံ ၁၂ ဦး သေဆုံးပြီး ၁၈ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။
You may also like these stories:
ငါန်းမြာကြီးကို လက်မလွှတ်ရေး ကာကွယ်ရေးတို့ အင်အားဖြည့်
မတ္တရာ လေကြောင်းရန်တပ်နှင့် ဆည်တော်ကြီး ပြန်ရရေး စစ်တပ်ကြိုးပမ်းနေ














