မြန်မာ ခေတ်သစ် မေရီ အင်တွိုင်းနက်များ

သစ္စာနီ

This article has been converted from Zawgyi One to Unicode

ကမ္ဘာ့သမိုင်းမှာ အင်မတန် နာမည်ကြီးတဲ့ စကားတခွန်း ရှိပါတယ်။ “ပေါင်မုန့် မရှိရင် ကိတ်မုန့် စားနေကြပါလား” ဆိုသော စကားပါ။ ပြောတဲ့သူက လူဝီ ၁၆ ရဲ့ မိဖုရား မေရီအင် တွိုင်းနက်ပါ။ ဒီ ငယ်ငယ်ရွယ်ရွယ် ဘုရင်နဲ့ မိဖုရားက ဗာဆေး နန်းတော်မှာ ဝိုင်တွေ ချောင်းစီးအောင် ညစာစားပွဲကြီးတွေ ကျင်းပ ပျော်ပါးနေကြတော့ နိုင်ငံက လူတွေ ဆင်းရဲငတ်မွတ် နေကြတာ မသိကြဘူး။

လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် (ဓာတ်ပုံ – moai.gov.mm)

ပါရီက ပေါင်မုန့်တောင် စားစရာမရှိလို့ ငတ်နေတဲ့ လူတွေက နန်းတော်ရှေ့သွားပြီး ပေါင်မုန့် ပေးပါ လို့ အော်တော့ – မေရီက “ဒီလူတွေ ဘာဖြစ်နေတာလဲ၊ ပေါင်မုန့် မရှိရင်လည်း … ကိတ်မုန့် စားနေကြပါလား” လို့ ဆိုသတဲ့။ မစာနာတတ်ပုံများ။ နောက်ဆုံး တော်လှန်ရေး သမားတွေက ဒီလိုစကားတွေ မပြောနိုင်အောင် လျှာဖြတ်ပစ်ရင် ရရဲ့သားနဲ့ (သူ့ခေါင်းထဲက အတွေး အခေါ်တွေပါ မလိုချင်ဘူး ထင်ပါရဲ့) ခေါင်းဖြတ် ပစ်လိုက်ကြတယ်။

၂၁ ရာစု အဝင် မြန်မာ ဒီမိုကရေစီ နိုင်ငံတော်မှာလည်း ဒီလို မေရီအင်တွိုင်းနက် လက်သစ်တွေရဲ့ လေသံမျိုးတွေ ကြားရ တော့ လူတွေ အံ့အားသင့်ကုန်တယ်။ တိုင်းပြည်ကို တိုးတက်အောင် ပြုပြင်ချင်တဲ့ သမ္မတကြီး၊ ပြည်သူတွေကို “မိဘ ပြည်သူများ” လို့ လေးစားရိုသေတဲ့ သမ္မတကြီး၊ သူ့ အစိုးရကို ကောင်းစေချင်လွန်းလို့ “သန့်ရှင်းသော အစိုးရ” လို့ မကြာခဏ အမည်တပ် တတ်တဲ့ သမ္မတကြီး။ အဲဒီလို သမ္မတကြီးရဲ့ ခေတ်မှာ ဒီလို စကားသံတွေ ကြားရတာကတော့ နားလည်ရ ခက်အောင် ဖြစ်ရပါတယ်။

၂၀၁၃ ခုနှစ် ဇန်နဝါရီ ၂၈၊ ဓနုဖြူမြို့နယ် လယ်သမားတွေနဲ့ တွေ့ဆုံပွဲမှာ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင်က “လယ်သမားတွေ သူတို့ တင်နေတဲ့ (အစိုးရကို ပေးစရာရှိတဲ့) အကြွေးတွေကို ကျေအောင် ထမင်း တနပ်လျှော့ စားကြ” ဖို့ တိုက်တွန်းလိုက်ပါတယ်။ သူက အကြံကောင်း ဆက်ပေးတယ်။ “နေ့တိုင်း ဥပုသ်စောင့်ကြပေါ့၊ ဒါဆို ညစာလည်း စားဖို့ မလိုဘူး။ အကြွေးလည်းကျေ၊ ကုသိုလ်လည်းရပေါ့ (အမယ် … ဖြဲခြောက် လိုက်သေးတယ်) အကြွေး မကျေရင် သံသရာမှာ သံသရာကြွေးပါပြီး ကျွန်ဖြစ်နေဦးမယ်” တဲ့။

အဲဒါနဲ့ သူလည်း လူထုကြားထဲမျာ “တနပ်စား မြင့်လှိုင်” ဆိုတဲ့ နာမည် ရသွားပါတယ်။ “ဖယောင်းတိုင် ကိုကိုလှိုင်” ဆိုတာ ရှိသေးတယ်။ သမ္မတရဲ့ အကြံပေးက သမ္မတကို အကြံမပေးဘဲ လူတွေကို အကြံပေးတယ်။ “လျှပ်စစ်မီး သက်သာအောင် မီးပိတ်ပြီး ဖယောင်းတိုင် ထွန်းနေကြ” တဲ့။ မဆလ ခေတ်ကလည်း လူတွေ စားဝတ်နေရေး အကျပ်အတည်း တွေ့တော့ လွှတ်တော် အမတ်တဦးက အကြံပေးတယ်။ သူကတော့ “မနက်စာ မစားကြနဲ့” တဲ့။ သူတို့ဆို လွှတ်တော်တက် နေရင် မနက်စာ ထမင်း မစားဘူးတဲ့။ ဘာစားသလဲ မေးတော့ … ပလာတာနဲ့ ကြက်သားဟင်းပဲ စားတယ် တဲ့။ ငစိန်ဆန်နဲ့ ငပိရည်တောင် မစားနိုင်တဲ့ သူတွေကို မညှာမတာ ပြောပုံသာ ကြည့်တော့။ ဒီတုန်းက မဆလ ခေတ် လွှတ်တော် ကိုယ်စားလှယ်တွေဟာ လွှတ်တော်တက်တဲ့ စရိတ်ကောင်းကောင်း ရကြတယ်။

ဒီနေ့ခေတ် လွှတ်တော် အမတ်တွေလည်း တရက် ငွေ ၁ သောင်းကျပ် ရကြတယ်။ တရက်ငွေ ၁ သောင်းနဲ့ မလောက်ဘူး ပြောလို့ ၁ သောင်းခွဲ တိုးပေးထားရပါတယ်။ ဒါတောင် လွှတ်တော် အမတ် တယောက်က “တိုင်းပြည်ကို ချစ်လွန်းလို့ အလုပ်လုပ်နေတာ၊ လွှတ်တော် ရှိရင် သူ့အတွက် စရိတ်က တနေ့ကို လေးသိန်းခွဲလောက် ကုန်တယ်” တဲ့။ (ကုန်မှာပေါ့ … မိသားစုပါ ခေါ်လာပြီး ဟိုတယ်မှာ တည်းကြ၊ စားသောက် နေကြတာကိုး) လွှတ်တော် အမတ်ကြီးတွေ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ ဖြစ်နေမှတော့ … သတိဉာဏ်ပညာကို “ချွန်း” လုပ်ပြီး ထိန်းထိန်းသိမ်းသိမ်း ဆင်ဆင်ခြင်ခြင် စကားပြောဆိုသင့် ကြတယ်လို့ ထင်တယ် ခင်ဗျ။ အခုတော့ အရပ်ရပ် နေပြည်တော် ကြားလို့ မတော်တဲ့ စကားတွေ သူတို့မို့ ပြောတတ်တယ် လို့ ချီးမွမ်းရမလားပဲ။ သို့သော် “စကား စကား ပြောပါများ၊ စကားထဲက ဇာတိပြ” ဆိုသလို၊ ဖုံးရအခက် ဖိရအခက် ဖြစ်ကြ ရရင်လည်း မကောင်းဘူး ခင်ဗျ။ စေတနာနဲ့ ပြောရတာပါ။ ကျနော်က ဘာပါတီ အဖွဲ့အစည်း ကျောထောက်နောက်ခံမှ မရှိတဲ့ တကောင်ကြွက်ပါ။

စီမံကိန်းများနှင့် ဘဏ္ဍာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌက မကြာခင်က ပြောကြားရာမှာ မြန်မာပြည်မှာ လူ ၁၀၀ မှာ ၂၆ ဦးက ဆင်းရဲတဲ့ လူတွေတဲ့။ အလုပ်လက်မဲ့က လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်း ရှိတယ် တဲ့။ အများစုက ဆင်းရဲသားတွေရဲ့ အရေးကို အလေးအနက် ထားကြစေချင်ပါတယ်။

ဟောဗျ။ မကြာခင်ကပဲ ဒုဝန်ကြီး တဦး (လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန) က ပြောလိုက်ပြန်တယ်။ ထားဝယ် စီမံကိန်း အောင်မြင်အောင် ဆောင်ရွက်ဖို့အတွက် ပြည်သူ့စစ်ဖွဲ့ရမယ် တဲ့။ ရန်သူတွေ ပေါ်နေပြီ တဲ့။ သူပြောတဲ့ ရန်သူဆိုတာက ဒေသခံတွေ ထိခိုက်နစ်နာမှု မရှိအောင် ကြားက ကူညီဆောင်ရွက်ပေးနေတဲ့ အရပ်ဘက် ဆိုင်ရာ လူ့အဖွဲ့အစည်းတွေ တဲ့။ ကောင်းရော။ သမ္မတကြီးက တိုင်းပြည်ထူထောင်ရာမှာ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ အရေးပါပုံကို ကောင်းကောင်း သဘောပေါက်ပြီး အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ချစ်ကြည် ရင်းနှီးမှုရဖို့ ဆောင်ရွက်နေတုန်း … ဒီလို စကား ပြောလိုက်တာဟာ လက်နဲ့ရေးတာကို ခြေနဲ့ ဖျက်မယ်ဆိုတဲ့ သဘော သက်ရောက် နေပါတယ်။ ထစ်ကနဲရှိ ခုတ်မယ်၊ ထစ်မယ်၊ ပါးပါးလှီးမယ် ဆိုတဲ့ စိတ်ဓာတ်တွေ ကို စစ်အုပ်ချုပ်ရေးလွန် ခေတ်ထဲ ရောက်တဲ့အထိ သယ်ဆောင်လာဖို့ မကောင်းပါဘူး။ ဦးနေဝင်းရဲ့ “တပ်ကတော့ မိုးပေါ် ထောင်မပစ်ဘူး။ တည့်တည့် ပစ်မှာ။ နောက် ဆူချင် ပူချင်တဲ့သူတွေ မသက်သာဘူး မှတ် ” ဆိုတဲ့ ၈၈ အကြို လမ်းညွှန်ချက်ကိုပဲ နားထဲ စွဲနေကြသလား မသိဘူး။

ရက်ပိုင်းအတွင်းမှာပဲ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) က ကချင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်ပြီး လွှတ်တော်အတွင်း ဆွေးနွေးရာမှာ စစ်သွေး စစ်မာန် အပြည့်နဲ့ “ရွှေလက်နဲ့ ခေါ်တုန်း လာပါ။ ကျည်ဆံ (Bullet) လွှတ်လိုက်တာ မလိုချင်ပါနဲ့” လို့ ခြိမ်းခြောက် သလိုလို ပြောတဲ့အတွက် ငြိမ်းချမ်းရေး လိုလားသူတွေ အကြားမှာ ပွက်လောရိုက်သွားပါတယ်။ ပြီးခဲ့တဲ့ လွှတ်တော်မှာ ကတည်းက သူက ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့က ဝန်ကြီး ဦးအောင်မင်းကို “ကချင်ကို ဘယ်အတိုင်းအတာအထိ သည်းခံနေမှာလဲ” လို့ မေးခဲ့ပါတယ်။ တဆက်တည်း “ရန်ကုန်ကို တက်သိမ်းမှ ကချင်ကို ပြတ်ပြတ်သားသား လုပ်မှာလား” လို့ မေးခဲ့တယ်။

သူက ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ကို အကြံပေးခဲ့တာကတော့ “ကချင်ပြည်နယ်ကို နေဗီဆေးလ်တွေ လွှတ်သင့်တယ်” တဲ့။ “အိုဘားမားဟာ အိုစမာဘင်လာဒင်နဲ့ မညှိနှိုင်းဘူး၊ နေဗီဆေးလ်တွေ လွှတ်ပြီး သတ်ပစ်လိုက်တာပဲ။ ဒါနဲ့ အိုဘားမား လည်း နိုဗဲလ်ယ်ဆု ရခဲ့တာပဲ” တဲ့။ အာရှမှာ အလေးထားရမယ့် စစ်ပွဲဆိုပြီး၊ သီရိလင်္ကာမှာ အလေးထားရမယ့် စစ်ပွဲဆိုပြီး သီရိလင်္ကာမှာ တမီလ် ကျားသူပုန်တွေကို အမြစ်ပြတ် ချေမှုန်းလိုက်တာကိုလည်း ထုတ်ပြသွားပါတယ်။ ငြိမ်းချမ်းရေး ရဖို့ အမြောက်နဲ့ ပစ်ရတယ်တဲ့။

ကြောက်ခမန်း လိလိ၊ အသည်းယားဖွယ် စကားတွေပါပဲ။ ဒါတွေ စိတ်ထဲမှာ ရှိတယ် ထားဦး၊ ထုတ်ဖော်ပြောတဲ့ အထိ ရောက်ရတာကတော့ ကြီးမားတဲ့ အမှားအယွင်းလို့ ထင်ပါတယ်။ ကြမ်းကျွံရင် နုတ်လို့ ရပေမယ့် စကားကျွံရင် အနုတ်ရ ခက်ပါတယ်။ ဒါဟာ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ရဲ့ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကိုလည်း အခက်အခဲ တွေ့စေ နိုင်ပါတယ်။ တဦးက ပြောသေးတယ်။ “ဂျက်တိုက်လေယာဉ်တွေ ဝယ်ထားတာ ဗုံးကြဲဖို့ပေါ့” တဲ့။ ပြောတဲ့ ပုဂ္ဂိုလ်တွေက တိုင်းပြည်က အာရုံစိုက်ခံနေရတဲ့၊ နေရာရောက်နေတဲ့ ပုဂ္ဂိုလ်တွေ၊ လက်ဘက်ရည်ဆိုင်မှာ ပြောဆိုသလို လွတ်လွတ်လပ်လပ် ပြောတယ် ဆိုပြီး လက်လွတ်စံပယ် သဘောမထား သင့်ပါဘူး။ ဒုတိယ ကမ္ဘာစစ် မဖြစ်မီကတော့ ဘာလင်က ခပ်စုတ်စုတ် ဘီယာ ဆိုင်တွေထဲမှာ “ဟစ်တလာ” ဆိုတဲ့ ငနဲဟာ ဒီလို စကားတွေ ပြောပြီး လက်ခုပ်သံတွေ စုဆောင်းခဲ့ဖူးပါတယ်။ သူ … နောက်ဆုံး ဘာတွေ ဖြစ်ခဲ့သလဲ။ ကျနော်တို့ အားလုံး အသိပဲ။

ဒီမိုကရေစီ နိုင်ငံတော်သစ် ထူထောင်ရေး ခရီးလမ်းမှာ နိုင်ငံတော် သမ္မတကြီး ခမျာ … ဒီမိုး  … ဒီလေ … ဒီလူတွေနဲ့ … ဘယ်လို ခရီးသွားမလဲဆိုတာ အင်မတန် စိတ်ဝင်စားစရာ ဖြစ်နေပါတော့တယ် ခင်ဗျား။     ။

(သစ္စာနီသည် ကဗျာ၊ ဝတ္ထုတို၊ ဆောင်းပါး၊ ဘာသာရေး၊ နိုင်ငံရေး၊ သရော်စာ၊ ဘာသာပြန်၊ သိပ္ပံဝတ္ထု၊ အနုပညာ ဝေဖန်ရေး စသည့် စာပေ လက်ရာစုံကို မဂ္ဂဇင်း၊ ဂျာနယ်များတွင် ရေးသားလျက် ရှိပြီး လုံးချင်း စာအုပ်များစွာကိုလည်း ရေးသားထုတ်ဝေလျက်ရှိသည့် စာရေးဆရာ တဦးဖြစ်သည်။)

Loading