မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းရေးအတွက် အရေးတကြီး အဆိုတရပ်ကို ရှမ်းပြည်နယ် ကွန်ဟိန်းမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနုက တင်သွင်းခဲ့ရာ လွှတ်တော်က အပြန်အလှန်ဆွေးနွေးပြီး အတည်ပြုလိုက်ပါတယ်။
“ခေတ်မီဖွံ့ဖြိုးတိုးတက်၍ စည်းကမ်းရှိသော ဒီမိုကရေစီစနစ်ဖော်ဆောင်ရာတွင် အဟန့်အတားဖြစ်နေသော မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုအား အမြန်ဆုံးရုပ်သိမ်းပေးရန် လွှတ်တော်နှင့် ဆောင်ရွက်နိုင်သူ မည်သူ့ကိုမဆို မည်သည့်နည်းလမ်းကို အသုံးပြု၍ ဖြစ်စေ ညှိနှိုင်းဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း” လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ ဒေါ်နန်းဝါနုက ဆိုပါတယ်။
မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှု အမြန်ဆုံး ရုပ်သိမ်းပေးဖို့ သင့်တော်တဲ့ လူပုဂ္ဂိုလ်တဦးကို ရွေးချယ်ပေးရန် အရေးတကြီးအဆိုကို ဒေါ်နန်းဝါနုက လွှတ်တော်မှာ ကြားဖြတ်တင်သွင်းတာလည်း ဖြစ်ပါတယ်။
ဒါကလည်း မကြာမီ ရက်သတ္တပတ်အတွင်းမှာ အမေရိကန် ပြန်ထောင်စုက မြန်မာအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုဆိုင်ရာ သက်တမ်းတိုးရေးကို လက်မှတ်ထိုးမှာဖြစ်တဲ့အတွက် အခုလို အရေးတကြီး အဆိုတင်တာလို့ ဒေါ်နန်းဝါနုက သတင်းထောက်တွေကို ပြောပါတယ်။
သူ့ရဲ့ အဆိုတင်သွင်းမှုနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် တနင်္သာရီတိုင်းမှ ဦးဌေးမြင့်၊ ဦးဝင်းသန်း၊ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဒေါ်ခင်စောဝေတို့ကလည်း မြန်မာနိုင်ငံဟာ အဖက်ဖက်က ဆင်းရဲနိမ့်ကျနေရတာဟာ အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေက မြန်မာအပေါ် စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုကြောင့်ဖြစ်ကြောင်း၊ စီးပွားရေး ပိတ်ဆို့မှုဟာ မြန်မာနိုင်ငံ ဒီမိုကရေစီစနစ် အသွင်ပြောင်းနေချိန်၊ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်နေချိန်မှာ အဓိက အဟန့်အတားဖြစ်နေတာမို့ ရုပ်သိမ်းရေး ကြိုးပမ်းမှု အဆိုပြုချက်ကို ထောက်ခံ ဆွေးနွေးသွားကြပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ နေပြည်တော်ကိုယ်စားလှယ် ဦးနိုင်ငံလင်းကလည်း စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရေး အဆိုကို ထောက်ခံပေမယ့် ဒီအဆိုဟာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားကြရမယ့် အဆိုဖြစ်ကြောင်း၊ ပြည်ထောင်စု အစိုးရအနေနဲ့လည်း စီးပွားရေး ပိတ်ဆို့မှုတွေ ရပ်တန့်လိုက်မယ်ဆိုရင် နိုင်ငံသားတို့ရဲ့ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေး အာမခံချက် ပေးနိုင်ရေး ဆွေးနွေးရန် လိုအပ်ကြောင်း စသည်ဖြင့် ဒီကိစ္စဟာ ကျယ်ကျယ်ပြန့်ပြန့် ဆက်ဆွေးနွေးသင့်တယ်လို့ ထောက်ပြဆွေးနွေးသွားပါတယ်။
တခြား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြတဲ့ ဦးစိန်ဝင်း၊ ဦးကြည်မြင့်တို့ကလည်း အသီးသီး ထောက်ပြဆွေးနွေးမှုတွေ လုပ်ခဲ့ကြပါတယ်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း သူ့အနေနဲ့ စဉ်းစားဆုံးဖြတ်ပြီး အရေးအကြီး အဆိုတင်သွင်းသင့်တယ်လို့ ယုံကြည်တဲ့အတွက် တင်သွင်းခွင့်ပြုတာဖြစ်ပြီး မြန်မာနိုင်ငံဟာ အဖက်ဖက်က ဆင်းရဲ ဆုတ်ယုတ်နေတာတွေဟာ စီးပွားရေး ပိတ်ဆို့မှုကြောင့်ဖြစ်ကြောင်း၊ အခုလို ရုပ်သိမ်းရေးအဆိုကို အရေးတကြီး မတင်ပါက အမေရိကန်က ဒဏ်ခတ် ပိတ်ဆို့မှု သက်တမ်း ထပ်တိုးရင် နောက်ထပ် ၃ နှစ် စောင့်ရမှာဖြစ်ပြီး ဒီကာလအတွင်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးမှာ ငွေကြေးလွှဲပြောင်း စီးဆင်းရေးတွေပါ အဟန့်အတားတွေ ဖြစ်နေမှာကြောင့် ဒါကို အမြန်ရုပ်သိမ်းရေး နိုင်ငံသားကောင်းတိုင်းက လုပ်သင့်တယ်လို့ ဝင်ရောက်ဆွေးနွေးခဲ့ပါတယ်။
အဲဒီနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော်အနေနဲ့ ဒေါ်နန်းဝါနု တင်သွင်းတဲ့ အဆိုကို သဘောတူ၊ မတူ မေးမြန်းပြီး ကန့်ကွက်သူ မရှိတာကြောင့် အဆိုကို သဘောတူညီလိုက်ကြောင်း သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်ကြတဲ့ ဦးဝင်းထိန်နဲ့ ဦးအုန်းကြိုင်တို့ကတော့ ဆွေးနွေးခွင့် မရခဲ့ကြပါဘူး။
လွှတ်တော်အစည်းအဝေး တက်ရောက်နေကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များကတော့ ဒီကိစ္စအတွက် တာဝန်ကို ဒေါ်အောင်ဆန်းစုကြည်ကို တာဝန်ပေးလိုတဲ့အတွက် အခုလို တင်သွင်းတာဖြစ်နိုင်တယ်လို့ ပြောဆိုနေကြပါတယ်။
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ “လွှတ်တော်က ဆုံးဖြတ်တဲ့ ကိစ္စဖြစ်တဲ့အတွက် လွှတ်တော်က ဘယ်လို ဆက်လက် ဆောင်ရွက်မယ်ဆိုတာ စောင့်ကြည့်သွားမယ်” လို့ ဒေါ်နန်းဝါနုရဲ့ အဆိုနဲ့ပတ်သက်ပြီး သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
လွှတ်တော် အစည်းအဝေးပြီးနောက် ညနေပိုင်းမှာတော့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း၊ အဆို တင်သွင်းတဲ့ ဒေါ်နန်းဝါနုတို့ဟာ လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော်ရုံးခန်းတခုမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အဲဒီလို ဦးရွှေမန်း၊ ဒေါ်နန်းဝါနုနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဆွေးနွေးချက် အသေးစိတ်ကို ဧရာဝတီက စုံစမ်းနေဆဲဖြစ်ပါတယ်။
ဇူလိုင်လ ၁၃ ရက်နေ့မှာ ပြည်သူ့လွှတ်တော်အစည်းအဝေး ၈ ရက်မြောက်နေ့ ကျင်းပကြတာမှာ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၄၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။