လာမည့် ရွေးကောက်ပွဲကို ပစ်မှတ်ထားကာ နိုင်ငံရေးပါတီများက ခြေလှမ်းပြင်ကြသည်၊ ရွေးကောက်ပွဲ အလွန်တွင် ပြည်သူများက အပြောင်းအလဲကို မျှော်ကြသည်။ ထိုသို့ ရွေးကောက်ပွဲမတိုင်ခင်နှင့် အလွန်ကာလ မရောက်မီ ပြည်သူလုထု သတင်းအချက်များ လက်လှမ်းမမီခြင်းကို အခွင့်ကောင်းယူ၍ လုပ်ပိုင်ခွင့်များကို တလွဲသုံးကာ သပိတ်ဝင် အိတ်ဝင် ကိုယ်ကျိုးရှာသူများ အစိုးရအသိုင်းအဝိုင်းထဲတွင် ရှိနေကြောင်း တွေ့လာရသည်။
လတ်တလော သိသာထင်ရှာလာပြီး လူပြောများခဲ့ကြသည့် ဖြစ်ရပ်တချို့ကို ဥပမာ ပေးရလျှင် ရန်ကုန်မြို့သစ် စီမံကိန်းကြီးကို လူမသိသူမသိ ချပေးလိုက်ခြင်း၊ ရွှေတိဂုံစေတီတော်အနီး တည်ဆောက်ခွင့်ရထားသည့် ဒဂုံစီးတီး စီမံကိန်း၊ ရေကူး အသံလွှင့်စက်ရုံ တင်ဒါ ခေါ်ယူမည့် ကိစ္စ၊ မြကျွန်းသာ ငှားရမ်းခွင့် စာချုပ်ကို ပြင်ချုပ်လိုက်ကြပြီး စီးပွားရေး လုပ်ငန်းများတိုးချဲ့ခြင်းတို့ ဖြစ်သည်။
ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ပြည်သူလူထုက သတင်းအချက်အလက် မရရှိနိုင်ခြင်း၊ လုပ်ပိုင်ခွင့်များ ရှုပ်ထွေးခြင်း၊ အကျိုးစီးပွား ဝေစားမျှစား ပြုလုပ်ခြင်း၊ အကျင့်ပျက်ခြစားခြင်းတို့ အမြစ်တွယ်နေဆဲ အစိုးရ အသိုင်းအဝိုင်းထဲတွင် အခြေအနေအရပ်ရပ် ကူးပြောင်းစကာလ ရှုပ်ထွေးနေသော အခြေအနေက ခွင်ကောင်းကောင်းရှာပြီး ဆီးသီးဗန်း မှောက်ချရန် အခွင့်ကောင်းကြီး တရပ် ဖြစ်နေသည်။
နိုင်ငံတော်အတွက် နစ်နာလှပြီး ပြည်သူလူထုအတွက်လည်း အကျိုးလုံးဝ မများသော စီးပွားရေး စီမံကိန်းကြီးများ၊ လုပ်ငန်းများတွင် အစိုးရ တာဝန်ရှိသူများကို နောက်ကြောင်းပြန် အရေးယူရန် ခက်ခဲခြင်း၊ ကော်မတီ၊ ကော်မရှင်၊ ဘုတ်အဖွဲ့ စသည့် လုပ်ပိုင်ခွင့် တခုလျှင် သပိတ်ဝင် အိတ်ဝင်ရှိသော အဖွဲ့များမှာ မကြာခဏ ဖျက်သိမ်းခြင်း၊ ပြောင်းလဲခြင်း၊ အသစ်ဖွဲ့ခြင်းတို့ကြောင့် တာဝန်ခံမှု၊ တာဝန်ယူမှုများ လုံးဝ မလိုသကဲ့သို့ ဖြစ်နေသည်။
လာမည့် ရွေးကောက်ပွဲအလွန် အစိုးရအပြောင်းအလဲ၊ ဝန်ကြီးဌာန ရာထူးဌာန္တရ အပြောင်းအလဲများ မပြုလုပ်မီ လတ်တလော လက်ဝယ်ရှိနေသော လုပ်ပိုင်ခွင့်များကို အသုံးပြု၍ ကိုယ့်ပရိသတ် ကိုယ့်ပွဲခင်းထဲ ဆီးသီးဗန်းများ မှောက်ချနေသည်၊ ဆင်သတ် အရပ်ဝေနေသည်ဟု ဆိုချင်သည်။
ပန်းခြံများကို ပုဂ္ဂလိက လွှဲကာ ရောင်းပစ်ခြင်း၊ အကွက်အကွင်းနေရာများကို ခြံခတ်ကာ ဆောက်လုပ်ရေး လုပ်ခြင်း၊ အနာဂတ်တွင် စီးပွားရေး အလာအလာရှိသည့် မြေနေရာ၊ အဆောက်အဦများကို တဖက်လှည့်နှင့် အကျိုးစီးပွားအတွက် အသုံးချ ရယူနေကြခြင်း၊ ဆိုးကျိုးသက်ရောက်မှုများ ရှိနိုင်သည့် မဟာစီမံကိန်းကြီးများကို သတင်းမှောင်ချကာ လက်လွှတ်စပယ် ခွင့်ပြုချက်ပေးနေကြခြင်းများ ရှိနေသည်။ ထို့အပြင် နိုင်ငံပိုင်လော၊ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီပိုင်လော မကွဲပြားသည့် အဆောက်အဦ မြေနေရာ၊ လုပ်ငန်းများ ရှိနေခြင်း စသည်တို့သည် နိုင်ငံတော်နှင့် ပြည်သူတို့အဖို့ ဆယ်စုနှစ်များစွာနှင့် ချီကာ နစ်နာစေမည့် ကိစ္စများဖြစ်သည်။ ဘယ်သူသေသေ ငတေမာလျှင် ပြီးရော တဖို့တည်းကြည့်သည့် လုပ်ဆောင်ချက်များ ဖြစ်သည်။
တဦးချင်း၏ အကျိုးစီးပွားအတွက် နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုးစီးပွားများကို ချနင်းနေသည့် အကျင့်ပျက် အစိုးရအဖွဲ့ဝင်များ၊ ဝန်ထမ်းများကို အစိုးရ ထိပ်ပိုင်း တာဝန်ရှိသူများက နိုင်နင်းစွာ ကိုင်တွယ်သင့်သည်။ မီဒီယာက ထုတ်ဖော်ရေးသားမှ၊ ပြည်သူလူထုက သိရှိပြီး ကန့်ကွက်မှ စီမံကိန်း ရပ်တန့်ထားခြင်း၊ ဖျက်သိမ်းခြင်း၊ ပြင်ဆင်ခြင်းများသည် လက်ရှိအစိုးရ၏ စေတနာကို မေးခွန်းထုတ်ရမည့် အရှက်ရဖွယ်ရာများဖြစ်ပြီး သမိုင်းတရားခံဖြစ်မည့် အကြောင်းအရာများဖြစ်ကြောင်း သတိချပ်သင့်ပေသည်။