ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် Global Witness အဖွဲ့က အံ့အားသင့်ဖွယ် ကိန်းဂဏန်းနှင့် အချက်အလက်များပါပြီး မြန်မာ စစ်အာဏာရှင်ဟောင်းများ၊ အာဏာရပါတီ ထိပ်သီးများနှင့် ခရိုနီတချို့ကို အထိနာစေသည့် အစီရင်ခံစာတစောင် ထုတ်ပြန်လိုက်သည်။
မြန်မာ့သယံဇာတများကို လူတစုက လက်ဝါးကြီးအုပ် အမြတ်ထုတ်ကြသည်ကို ယေဘုယျအားဖြင့် ပြည်သူများ သိရှိပြီးဖြစ်သော်လည်း အစီရင်ခံစာက စုံစမ်းဖော်ထုတ်ထားသည့် ကျောက်စိမ်းကဏ္ဍ တခုတည်း၏ အချက်အလက်များကပင် မြန်မာနိုင်ငံ ချွတ်ခြုံကျခဲ့ရခြင်း၏ အကြောင်းများထဲမှ တခုကို နမူကောင်းပြသနေသကဲ့သို့ ရှိသည်။ ထို့အပြင် စစ်တပ်အသိုင်းအဝိုင်း၊ မူးယစ်ရာဇာများနှင့် ခရိုနီများ၏ အကျိုးစီးပွားနှင့် ကွန်ရက်များက အကြီးအကျယ် လာဘ်စားမူများနှင့် ရေပေါ်ဆီလူတန်းစားတစု၏ မျက်နှာဖုံးကို ခွာပြလိုက်ပါသည်။
ကျောက်စိမ်းလုပ်ငန်းနှင့် ပတ်သက်၍ အကျိုးအမြတ် ရယူသူများတွင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ မိသားစုဝင်များနှင့် လက်ရှိ အာဏာရပါတီဝင်များ၊ အစိုးရစစ်တပ်၊ ခရိုနီများနှင့် မူးယစ်ရာဇာများဟု အစီရင်ခံစာက ကွန်ရက်ကို ဖော်ထုတ်ထားသည်။
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် ဆက်စပ်သော ကုမ္ပဏီများ၊ ဝန်ကြီး ဦးအုန်းမြင့်၊ ဘိန်းရာဇာ ဝေရှောက်ခန်၊ ဦးအိုက်ထွေးတို့နှင့် ပတ်သက်၍ ၂၀၁၄ ခုနှစ်အတွင်း ပြုလုပ်သည့် ကျောက်စိမ်း ရောင်းချပွဲတခုတည်းကပင် အခွန်မဆောင်မီ ရောင်းချရေငွေ အမေရိကန် ဒေါ်လာ သန်း ၄၃၀ ရှိနေသည်။
သမ္မတ ဦးသိန်းစိန် အစိုးရသည် ယခင် စစ်အာဏာရှင်များနှင့် ခရိုနီများ၏ လုပ်ရပ်များကို ဆက်လက် လျစ်လျူရှုနေခြင်း၊ မသိကျိုးကျွံပြုခြင်းအားဖြင့် စစ်မှန်သော ပြုပြင်ပြောင်းလဲရေးများကို ကဏ္ဍတိုင်းတွင် အမှန်တကယ် ပြုလုပ်လိုခြင်း မရှိခဲ့ကြောင်း ထုတ်ဖော်ပြသရာလည်း ရောက်သည်။
ဦးသိန်းစိန်၏ သမ္မတ သက်တမ်း ၅ နှစ်တာအတွင်း ပြောင်းလဲသင့်သလောက် မပြောင်းလဲခဲ့ခြင်း၊ ရှေ့ဆက် မတိုးနိုင်ခဲ့ခြင်းများတွင် ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ယခင် စစ်အာဏာရှင်များ၏အရိပ် ဆက်၍ ထိုးနေခြင်း၊ လူတစု၏ အကျိုးစီးပွားကို မကျော်လွန်နိုင်ခြင်း၊ တိုင်းပြည်အတွက် လုပ်ဆောင်ရမည့် ကိစ္စများ၌ အကန့်အသတ်အတွင်း ခြေချုပ်မိနေခြင်းများကို ထင်ဟပ်နေသည်။
ကျောက်စိမ်းထွက်ရာ ဒေသခံ ကချင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှု၊ တိုင်းပြည်၏ စီးပွားရေးနှင့် ဖွံ့ဖြိုးရေး တွန်းအားများကို ပြုန်းတီးစေသည့် ကျောက်စိမ်း အကျိုးစီးပွား လက်ဝါးကြီးအုပ်မှုနှင့် ပတ်သက်၍ တာဝန်ခံခြင်း၊ တာဝန်ယူခြင်း မရှိခဲ့သည့် အဆိုပါ ကွန်ရက်ပါ လက်သည် တချို့သည် လာမည့်ရွေးကောက်ပွဲတွင် နေရာပြန်ယူရန် လုံးပမ်းနေကြသည်။
ယင်းငွေများသည် မည်သည့်နေရာသို့ စီးဆင်းသွားသနည်း၊ ရွေးကောက်ပွဲနီးကပ်လာချိန် နိုင်ငံရေးအရ အမြတ်ထုတ်ရန် မီးထိုးပေးမည့် လုပ်ရပ်များအတွက် ရန်ပုံငွေများ ဖြစ်လိမ့်မည်လော စသည့် ကျယ်ပြန့်သည့် မေးခွန်းများလည်း ရှိသည်။ ရွေးကောက်ပွဲ အလွန် ဖြစ်တည်လာမည့် အစိုးရအနေဖြင့် အစီရင်ခံစာပါ ဖော်ထုတ်ချက်များနှင့် စပ်လျဉ်း၍ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖြင့် စစ်ဆေးပြီး ပြည်သူလူထုသို့ တင်ပြရန် တာဝန်ရှိသည်။
အရေးကြီးသည့် အချက်မှာ အနာဂတ် သဘာဝ သယံဇာတ စီမံခန့်ခွဲရေး၌ တာဝန်ခံမှုနှင့် ပြည်သူ့အကျိုးကို ရှေးရှုသည့် ကောင်းမွန်သော အစိုးရတရပ် ရရှိရေးနှင့် ယင်းကဲ့သို့သော စနစ်တခု မဖြစ်မနေ တည်ဆောက်ခြင်းဖြင့် မြန်မာနိုင်ငံကို စစ်မှန်သော အပြောင်းအလဲဖြင့် ရှေ့သို့ တွန်းပို့နိုင်ရေးပင် ဖြစ်သည်။