နိုင်ငံရေး အကျဉ်းသားများ၊ ထိန်းသိမ်းခံ ကျောင်းသား/ သူများနှင့် ဝန်းရံ ပြည်သူများကို ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပေးရန် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က နိုင်ငံတော် သမ္မတထံသို့ မေတ္တာရပ်ခံ တင်ပြလိုက်ကြောင်း အမှတ် ၁၅/၂၀၁၅ဖြင့် သတင်းထုတ်ပြန်လိုက်သည်။
အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ၂ဝ၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပတော့မည်ဖြစ်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ဥပဒေနှင့်အညီ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ လွတ်လပ်စွာနှင့် စိတ်အေးချမ်းသာစွာ မဲပေးနိုင်ရေး၊ တည်ငြိမ်အေးချမ်းသော ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာကျင်းပနိုင်ရေးတို့အတွက် သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းများနှင့် ပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် မေတ္တာရပ်ခံထားရှိကြောင်းနှင့် အထွေထွေရွေးကောက်ပွဲကို ကြိုဆိုသောအားဖြင့် နိုင်ငံရေးအကျဉ်းသားများ၊ ထိန်းသိမ်းခံ ကျောင်းသူ ကျောင်းသားများနှင့် ဝန်းရံပြည်သူများကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးရေးအတွက် စဉ်းစားပေးပါရန် မေတ္တာရပ်ခံတင်ပြထားကြောင်း ဖော်ပြပါရှိသည်။
ပြီးခဲ့သည့် စက်တင်ဘာာလက အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ထိန်းသိမ်းခံ ရတနာ ပုံကျောင်းသား သမဂ္ဂခေါင်းဆောင် များဖြစ်သည့် ကိုနိုင်ရဲဝေ၊ ကိုအောင် ဆန်းဦး၊ ကိုဉာဏ်လင်းထက်၊ ကိုဂျစ်တူးတို့အား စာမေးပွဲဖြေ ဆိုခွင့်ပေး ရန် ကြေညာ ချက်ထုတ် တိုက်တွန်းခဲ့သော်လည်း ဒုတိယအကြိမ်လျှောက်ထားမူ အမရပူရတရားရုံးက ပယ်ချခဲ့သေးသည်။
ထို့အတွက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ယခုထုတ်ပြန်ချက်ကို
အစိုးရအနေဖြင့် မည်မျှ အလေးထားမှုရှိမရှိကို စောင့်ကြည့်ရမည်ဖြစ်သည်။
လတ်တလော သာယာဝတီအကျဉ်းထောင်တွင် ဗကသ အဖွဲ့ဝင် ကိုအောင်မှိုင်းဆန်း အစာငတ်ခံ ဆန္ဒပြလျှက်ရှိသည်။