ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင်နှင့် လူသားမျိုးနွယ်ကို ဆန့်ကျင်သည့် ရာဇဝတ်မှု

နီကိုလတ်စ် ခရစ်စတော့ဖ်

This article has been converted from Zawgyi One to Unicode

လူအများ၏ ချစ်ခင်လေးစားမှုကို ခံရသော နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်တဦးက ၂၁ ရာစု၏ အကျဉ်းစခန်းများကို ဦးဆောင်သည့် မြင်ကွင်းတခုကို မကြာခင် ကမ္ဘာက မြင်တွေ့ရတော့မည်။

ကမ္ဘာ့သူရဲကောင်းများထဲ တဦးအပါအဝင်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်က သူ၏ တိုင်းပြည်အတွက် ဒီမိုကရေစီကို ရယူပေးနိုင်ခဲ့သည်။ နိုဝင်ဘာလအတွင်းက ကျင်းပခဲ့သည့် သမိုင်းဝင်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီက မဲအပြတ်အသတ် အနိုင်ရရှိခဲ့ပါသည်။ ရွေးကောက်ပွဲတွင် အနိုင်ရရှိသူတဦး အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ ကြားခဲ့ရသမျှဖူးသော လူမျိုးတုန်းစေမှုများထဲတွင် အဆိုးရွားဆုံး တခုဖြစ်သည့် မြန်မာနိုင်ငံမှ ရိုဟင်ဂျာဟု ခေါ်သော မွတ်ဆလင်များအပေါ် ဖျက်ဆီးနှောက်ယှက်မှုများကိုလည်း အမွေဆက်ခံရတော့မည် ဖြစ်သည်။

Yale တက္ကသိုလ်မှ မကြာသေးခင်က ပြုလုပ်ခဲ့သည့် လေ့လာမှုတခုတွင် လူဦးရေ ၁ သန်းကျော် ရှိသော ရိုဟင်ဂျာများအပေါ် ကျူးလွန်မှုသည် လူမျိုးတုန်းစေမှုဟု ဆိုနိုင်ကြောင်း ဖော်ပြထားပြီး လုံခြုံရေးကောင်စီသို့ တင်သွင်းသည့် ကုလသမဂ္ဂ လျှို့ဝှက် အစီရင်ခံစာတစောင်ကမူ “နိုင်ငံတကာ ရာဇဝတ်ဥပဒေများအရဆိုလျှင် လူသားမျိုးနွယ်ကို ဆန့်ကျင် ဖျက်ဆီးသည့် ရာဇဝတ်မှုများ” ဖြစ်ရန် ပုံပေါ်သည်ဟု ဆိုသည်။

ယခုအချိန်အထိမူ ဒေါ်အောင်ဆန်းစုကြည်က မြန်မာတို့၏ လက်ရှိခွဲခြားမှု အမြင်အတိုင်း ဆက်သွားမည့် အသွင်ရှိသည်။ သူက ယခုအခါ နိုင်ငံရေး သမားတယောက် ဖြစ်သည်။ ရိုဟင်ဂျာကဲ့သော လူနည်းစုများကို ဖိနှိပ်ကန့်သတ်ခြင်းက ဗုဒ္ဓ ဘာသာဝင် မဲဆန္ဒရှင် အများစုကြားတွင် လူကြိုက်များပါသည်။

နောက်ထပ် နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင်တဦးဖြစ်သော အမေရိကန် သမ္မတ အိုဘားမားကလည်း ထိုကိစ္စအပေါ် စိတ်ဝင်စားမှု အနည်းငယ်သာ ပြသခဲ့သည်။ သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံတွင် သြဇာလွှမ်းမိုးနိုင်သူ တဦးဖြစ်ပြီး မြန်မာနိုင်ငံသို့လည်း ၂၀၁၂ ခုနှစ်နောက်ပိုင်းတွင် ၂ ကြိမ် ရောက်ခဲ့သည်။ သမ္မတအိုဘားမားနှင့် ဟီလာရီကလင်တန် တို့က မြန်မာနိုင်ငံကို ဒီမိုကရေစီ ရရန်နှင့် အနောက်တိုင်းနှင့် နီးစပ်စေရန် ဆွဲဆောင် သိမ်းသွင်းခဲ့ပြီး သိသိသာသာ အောင်မြင်မှုလည်း ရရှိခဲ့သည်။ ရိုဟင်ဂျာ အများအပြား ထိန်းသိမ်းခံထားရသည့် အကျဉ်းစခန်းနှင့်တူသည့် ဒုက္ခသည် စခန်း ၆၇ ခု အကြောင်းကို အရေးစိုက်ခဲ့လျှင် ပွဲပျက်နိုင်သောကြောင့် ဖြစ်နိုင်ပါသည်။
ထိုအကြောင်းများကြောင့် အသက် ၁၄ နှစ် အရွယ် မိုဟာမတ်ကာရင် သေဆုံးခဲ့ရသည်မှာ လက်တွေ့ ဖြစ်သည်။

သောင်းနှင့် ချီသော ရိုဟင်ဂျာများနှင့် အတူ ကြီးမားသည့် ဒုက္ခသည် စခန်းတခုတွင် မိုဟာမတ်ကာရင် နေထိုင်ခဲ့သည်။ အစိုးရက ရိုဟင်ဂျာများ၏ နိုင်ငံသားဖြစ်ခွင့်ကို တားမြစ်ထားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်ကိုလည်း ကန့်သတ်ထားသည်။ သူက လူကုန်ကူးသူများကို ပိုက်ဆံပေး၍ လှေဖြင့် ထွက်ပြေးချင်ခဲ့သည်။ ထိုနည်းဖြင့် မလေးရှားနိုင်ငံသို့ သွားရောက်သည့် ရိုဟင်ဂျာ အများအပြားရှိသည်။

“ကျမတို့က သူ့ကို ခွင့်မပြုခဲ့ဘူး။ အဲဒါက အန္တရာယ် များတယ်လေ” ဟု မိခင်ဖြစ်သူ ဆာရာဟတူက ပြောသည်။

ထို့နောက် မိုဟာမတ်ကာရင်၏ ခြေဖနောင့်တွင် ဒဏ်ရာတခု ရရှိခဲ့သည်။ ဒဏ်ရာနှင့် ပတ်သက်၍ မည်သူကမျှ အလေးအနက် မထားခဲ့သော်လည်း မကြာမီမှာပင် သူ၏ မေးရိုးများ လှုပ်ရှားရန် ခက်ခဲလာခဲ့သည်။

မိုဟာမတ်ကာရင် မေးခိုင်ရောဂါ ရရှိခဲ့သည်မှာ ထင်ရှားပါသည်။ သူ့အနေဖြင့် ဒုက္ခသည် စခန်းအတွင်းမှ အခြားသော ကလေးငယ် များကဲ့သို့ ပင် မေးခိုင်ရောဂါ ကာကွယ်ဆေးအပါအဝင် ကာကွယ်ဆေးများ မရခဲ့ပါ။

သူ နေမကောင်းဖြစ်လာသည့် အချိန် ဒေသခံကျန်းမာရေး ဝန်ထမ်းများနှင့် ဖွင့်လိုက် ပိတ်လိုက် ဖြစ်နေတတ်သည့် ဆေးခန်းက သူ့ကို အကူအညီမပေးနိုင်ခဲ့ပါ။ နောက်ဆုံးတွင် စခန်းမှ ထွက်ပြီး ဆေးရုံတင်ရန် အထူးခွင့်ပြုချက် ရရှိခဲ့သည်။ သို့သော်လည်း အလွန်နောက်ကျခဲ့ပြီ ဖြစ်သည်။ “နောက် ၂ရက်လောက်ကြာတော့ သူ့ရဲ့ အလောင်းပဲ ပြန်ရောက်လာတယ်” ဟု ဆာရာဟတူက ပြောသည်။

သူတို့တဲနှင့် ပေ ၁၀၀ ခန့်ကွာသည့် နေရာတွင် အခြားသော မိသားစုတခုလည်း ကြေကွဲနေသည်။ အသက် ၂၀ အရွယ် မိန်းကလေး တယောက်ဖြစ်သည့် ဘေလ်ဒါဘီးဂန်းသည် အသည်းရောင် အသားဝါပိုး (အေ) ဖြင့် သေဆုံးခဲ့ရသည်ဟု အိမ်နီးချင်းများက ပြောသည်။ အသည်းရောင် အေ ရောဂါသည် အသက်ကို အန္တရာယ်ပေးနိုင်သည့် ရောဂါ မဟုတ်သော်လည်း သူ သည်လည်း လိုအပ်သည့် ဆေးဝါးကုသမှု မရရှိခဲ့သဖြင့် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် အသက် ၂ နှစ် အရွယ် သားဖြစ်သူ ဟိုင်ရိုးလ်ကို ထားရစ်ကာ ကွယ်လွန်သွားခဲ့သည်။

“တကယ်လို့ သူဟာ ရိုဟင်ဂျာ တယောက်မဟုတ်ခဲ့ဘူးဆိုရင် သူ အသက်ရှင်ဖို့ ၁၀၀ ရာခိုင်နှုန်းသေချာတယ်။” ဟု လူမျိုးစု ခေါင်းဆောင် တယောက်ဖြစ်သည့် အီနွတ်မိုနိုင်က ပြောသည်။

ယခုအခါ ဟိုင်ရိုးလ် အလွန် ဆာလောင်နေသည်။ အသက် ၂ နှစ် နှင့် ၄ လ အရွယ်ရှိပြီဖြစ်သော ဟိုင်ရိုးလ်၏ ကိုယ်အလေးချိန်က ၁၉ ပေါင်သာ ရှိသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ကိုယ်ခန္ဓာ အလေးချိန်နှင့် အသက်အရွယ် အချိုးကိုပြသသည့် ဇယားတွင် ဟိုင်ရိုးလ် မပါ ဝင်ပါ။ သူက အနိမ့်ဆုံး အဖြစ်သတ်မှတ်ထားသည်ထက်ပင် များစွာ နိမ့်ကျနေပါသည်။

စခန်းတွင်ရှိသော မိသားစုအချို့မှာ မိုင်အနည်းငယ်မျှသာ ဝေးသည့် စစ်တွေမြို့ရှိ ဘဏ်များတွင် ငွေစုစာရင်းများ ရှိကြ သည်။ သို့သော်လည်း ၂၀၁၂ ခုနှစ်မှစ၍ သူတို့၏ ငွေစာရင်းများကို ပိတ်ထားခဲ့သည့် အတွက် မိသားစုများ စားဝတ်နေရေး သုံးစွဲရန် ငွေထုတ်ယူနိုင်ခြင်း မရှိကြပါ။

ကမ္ဘာ၏ တုန့်ပြန်မှုကလည်း ထိရောက်စွာ မကူညီနိုင်ခဲ့ပါ။ အကူအညီပေးရေး အဖွဲ့အစည်းများနှင့် စာနယ်ဇင်းသမားများက ရိုဟင်ဂျာများနှင့် တွေ့ဆုံနိုင်ရေးကိုလည်း မြန်မာနိုင်ငံက ခက်ခဲအောင်ပြုလုပ်ထားခြင်းကြောင့်လည်း တစိတ်တပိုင်း ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ၎င်းတို့ကို မြင်တွေ့ခွင့် နည်းပါးခဲ့ရသည်။

ကုလသမဂ္ဂ အနေဖြင့်လည်း မြန်မာနိုင်ငံတွင် အလုပ်မဖြစ်ပါ။ ကျနော်ရရှိခဲ့သည့် ကုလသမဂ္ဂ၏ ဌာနတွင်း စာတစောင်တွင် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ ဝန်ထမ်းများသည် တယောက်နှင့် တယောက် အချင်းများနေကြပြီး လူသားမျိုးနွယ်ကို ဆန့်ကျင်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ အနေအထားကို မေးခွန်းထုတ်စရာ ဖြစ်လာစေသည်ဟု သတိ ပေးထားသည်ကို တွေ့ရပါသည်။

ဆက်လက်ဖြစ်ပေါ်နေသည့် ရိုဟင်ဂျာများအပေါ် ခွဲခြားနှိပ်စက်မှုများကို မီးမောင်းထိုးပြခဲ့သော Human Rights Watch၊ Fortify Rights နှင့် United to End Genocide တို့ကဲ့သို့သော လူ့အခွင့်အရေး အဖွဲ့အစည်းများကို ဂုဏ်ပြုရမည် ဖြစ်သည်။ အစိုးရ ခွင့်ပြုထားသည့် နေရာများတွင် နစ်နာမှုများ သက်သာရာရအောင် ဆောင်ရွက်ပေးနေသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများကိုလည်း ချီးကျူးရမည် ဖြစ်သည်။ ကျနော်ရောက်ခဲ့သည့် ကျွန်းကြီး တကျွန်းတွင် နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MFS) နှင့် Save the Children အဖွဲ့တို့က ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးဆိုင်ရာ အကူအညီများ ပေးနေကြပါသည်။

အကူအညီပေးရေး အဖွဲ့အစည်းများကို နေရာအများစုတွင် ပိတ်ပင်ထားခြင်းနှင့် ရိုဟင်ဂျာများကို စနစ်တကျ ဖျက်ဆီးနေ ခြင်းများကြောင့် ၂၁ ရာစုနှစ်၏ လူ့အခွင့်အရေး ကပ်ဘေးတွင် လျစ်လျူရှု အခံရဆုံးစာရင်း၌ တခု အပါအဝင် ဖြစ်စေခဲ့သည်။

မြန်မာ အစိုးရက လူပုဂ္ဂိုလ်အရ ဖိနှိပ်ကန့်သတ်သည်သာမက ရိုဟင်ဂျာများကိုလည်း မျိုးနွယ်စုတခု အဖြစ်မှ ဖယ်ရှားပစ်ရန် ကြိုးစားနေပါသည်။ ရိုဟင်ဂျာ လူမျိုးဆိုသည်မှာ မရှိဟု ငြင်းပယ်ထားသည်။ အာဏာပိုင်များက ရိုဟင်ဂျာဆိုသည့် စကားလုံးကို သုံးစွဲခြင်းမပြုပါ။ ၎င်းတို့သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ တရားမဝင်ရောက်လာသူများ ဖြစ်သည်ဟု ဆိုသည်။ ရိုဟင်ဂျာများသည် တိုင်းရင်းသား လူမျိုးစု ဖြစ်သည်ဟု ဖော်ပြထားသည့် ၂၀၁၆ ခုနှစ် ပြက္ခဒိန် ရိုက်နှိပ်ခဲ့သည့်အတွက် လူ ၅ ဦး ကို နိုဝင်ဘာလအတွင်း အစိုးရက ဖမ်းဆီးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ပင်လျှင် ရိုဟင်ဂျာဟုပြောရန် ရှောင်ရှားခဲ့သည်။ မြန်မာနိုင်ငံရှိ အမေရိကန် သံရုံးကလည်း အလျှော့ပေးသည့်အနေဖြင့် ၎င်းတို့၏ တရားဝင်ကြေညာချက်များတွင် အဆိုပါ စကားလုံးကို သုံးစွဲရန် ရှောင်လွှဲနေခဲ့သည့် အသွင်ရှိသည်။

“အိုဘားမားရဲ့ အစိုးရက အများကြီးပိုပြီး လုပ်ပေးနိုင်ခဲ့မယ်ဆိုတာ သေချာပါတယ်” ဟု မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးကို အလေးပေးဆောင်ရွက်နေသည့် အဖွဲ့တခု ဖြစ်သည့် Fortify Rights မှ Matthew Smith က ပြောသည်။ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတခုကို ကျောထောက်နောက်ခံပေးရေး၊ မြန်မာအစိုးရ၏ မူဝါဒကို တွန်းအားပေးရေး၊ နိုင်ငံသား ဖြစ်ခွင့် ပြန်လည်ရရှိရေး၊ ရိုဟင်ဂျာများ လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်ရေးနှင့် အကူအညီပေးရေး အဖွဲ့ အစည်းများကို ခွင့်ပြုရေးတို့ အပါအဝင်ဖြစ်သည်။ အခြား အမေရိကန် နိုင်ငံရေးသမား အများစုမှာလည်း နှုတ်ဆိတ်နေခဲ့ကြသည်။ အမေရိကန် သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်လှုပ်ရှားမှုများတွင်လည်း အဆိုပါ ကိစ္စမှာ တခါတရံမျှသာ ရှားရှားပါးပါး ပေါ်ထွက်လာတတ်သည်။

ပြီးခဲ့သည့် နှစ်များအတွင်း မြန်မာနိုင်ငံတွင် ပြောင်းလဲမှုများစွာ ဖြစ်ခဲ့သည်။ အထူးသဖြင့် ဒီမိုကရေစီ ပေါ်ထွန်းလာခြင်း ဖြစ်သည်။ သို့သော် ဒီမိုကရေစီထွန်းကားလာခြင်းက လူမျိုးရေးခွဲခြားမှုနှင့် နိုင်ငံခြားသား ဆန့်ကျင်ရေး လှုံ့ဆော်သည့် လူပြိန်းကြိုက် နိုင်ငံရေးကိုလည်း အင်အားကောင်းလာခဲ့ပြီး ရိုဟင်ဂျာ ပြဿနာကို ဖြေရှင်းရ ပိုခက်ခဲစေခဲ့သည်။ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက မွတ်ဆလင် ကိုယ်စားလှယ်လောင်း တဦးမျှ ရွေးချယ်ခြင်း မပြု ခဲ့ပါ။

ဒေါ်အောင်ဆန်းစုကြည်က ရိုဟင်ဂျာများနှင့် ပတ်သက်၍ သဘောထားပျော့ပျောင်းလွန်းသည်ဟု မြန်မာနိုင်ငံသား အများစုက ယူဆကြသည်။ သူက ရိုဟင်ဂျာများကို ဆန့်ကျင်ရှုတ်ချခြင် းမပြုဘဲ နှုတ်ဆိတ်နေခဲ့သောကြောင့် ဖြစ်သည်။ သို့သော်လည်း သူ့ကို နှစ်ပေါင်းများစွာ လေးစားခဲ့သော ကျနော်တို့အတွက်မူ နိုင်ငံရေးအရ အဆင်ပြေစေရန် အခြေခံ သဘောတရားများကို စွန့်လွှတ်စတေးခဲ့ခြင်းအပေါ် စောင့်ကြည့်နေရသည်က စိတ်မသက်သာစရာ ဖြစ်ပါသည်။

မြန်မာနိုင်ငံနှင့် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ခုခံကာကွယ်သူများက မြန်မာနိုင်ငံတွင် ပြဿနာပေါင်းများစွာရှိနေသည်ဟု ထောက်ပြကြသည်။ သူတို့အတွက် ရိုဟင်ဂျာ အရေးသည် နိုင်ငံအတွင်းရှိ ကံဆိုးမှုများစွာအတွင်းမှ ကံဆိုးမှုတခုသာ ဖြစ်သည်။ ဦးစားပေးရမည်မှာ စီးပွားရေးတိုးတက်ရေး၊ ဒီမိုကရေစီနှင့် ပြည်တွင်း ပဋိပက္ခများ ပြီးဆုံးရေး ဖြစ်သည်ဟု သူတို့က ယူဆကြသည်။ စိန်ခေါ်မှုပေါင်းများစွာ ရှိနေသော တိုင်းပြည်တခုတွင် လူမျိုးစုတခု၏ ပြဿနာများကိုသာ အာရုံစိုက် အလေးပေးခြင်းက အရှည်ကို မမျှော်တွေးခြင်း ဖြစ်သည်ဟု သူတို့က ဆိုသည်။

ကျနော့် အတွက်မူ အစိုးရတခုက လူမျိုးနွယ်စုတခုကို တမင်သက်သက် ဦးတည်၍ နှောက်ယှက်ဖျက်ဆီးနေခြင်း၊ အကျဉ်းထောင်နှင့် တူသည့် ဒုက္ခသည် စခန်းများတွင် ပိတ်လှောင်ထားခြင်း၊ သူတို့၏ အသက်မွေးမှု၊ ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုတို့ကို ငြင်းပယ်နေခြင်းများက တကယ်ပင် ထိတ်လန့် တုန်လှုပ်ဖွယ်ရာ ဖြစ်ပါသည်။ သူတို့၏ လူမျိုးစုကို အစွဲပြု၍ ဒုက္ခသည် စခန်းများတွင် ထိန်းသိမ်းခံရရင်း ကလေးငယ်များ သေဆုံးနေခြင်းသည် ကမ္ဘာပေါ်တွင် ကြုံ တွေ့နေရသည့် ဆင်းရဲနွမ်းပါးမှု ပြဿနာတခု သက်သက်မဟုတ်ပါ။ လူသားမျိုးနွယ်ကို ထိခိုက်စေသည့် ရာဇဝတ်မှုဖြစ် ပါသည်။ ၎င်းကို ဖြေရှင်းနိုင်ရေးက လူသားမျိုးနွယ် အားလုံး၏တာဝန် ဖြစ်ပါသည်။

( The New York Times သတင်းစာ ဆောင်းပါးရှင် Nicholas Kristof ၏ Myanmar’s Peace Prize Winner and Crimes Against Humanity ကို ဆီလျော်အောင် နိုင်မင်းသွင် ဘာသာပြန်ဆိုသည်။ နီကိုလတ်စ် ခရစ်စတော့ဖ်သည် လူ့အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး၊ ကျန်းမာရေးနှင့် ကမ္ဘာ့ရေးရာများတွင် သူ၏ ဝေဖန်သုံးသပ် ရေးသားချက်များကြောင့် လူအများက လေးစားပြီး ပူလစ်ဇာဆု ၂ ဆု ရရှိထားသူ ဖြစ်သည်။)

Loading