မန္တလေး တော်ဝင်နှင်းဆီအမှု တရားစီရင်ရေး ပွင့်လင်းမြင်သာခြင်း မရှိပါ

မောင်ဉာဏ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မန္တလေးမြို့မှာ ဇွန်လ ၇ ရက်နေ့လည်ပိုင်းက သတင်းတခုကြောင့် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပါတယ်။ နောက်တရက် ဇွန်လ ၈ ရက် သတင်းစာ ဂျာနယ်တွေမှာလည်း အဲ့ဒီသတင်းဟာ အပြိုင်အဆိုင် ပါလာပါတယ်။ အဲ့ဒီသတင်းကတော့ မန္တလေးမြို့လည်ကောင်မှာဖွင့်ထားတဲ့ နာမည်ကျော် သူဌေးဦးတင်မောင် ပိုင်ဆိုင်တဲ့ တော်ဝင်နှင်းဆီဆေးရုံနဲ့ပတ်သတ်ပြီး ဦးတင်မောင်ရဲ့ဇနီးကို တရားစွဲဆိုခံထားရတဲ့အမှုဟာ  မှားယွင်းစွပ်စွဲဖွင့်ဆိုတဲ့အမှုလို့ သတ်မှတ်ကာ ကွင်းလုံးကျွတ် လွတ်မြောက်စေလို့  တရားရုံးကနေ အမိန့်ချမှတ်လိုက်တဲ့ သတင်းပဲဖြစ်ပါတယ်။

အဲ့ဒီသတင်းကို ကြားသိရတဲ့ အများပြည်သူတွေဟာ အံ့သြဘနန်းဖြစ်ခဲ့ရပြီးလက်ရှိအစိုးရသစ်ရဲ့ တရားစီရင်ရေး မဏ္ဍိုင်ကိုလည်း မေးခွန်းထုတ်ခဲ့ကြပါတယ်။ ဝေဖန်ခဲ့ကြပါတယ်။ သံသယရှိခဲ့ကြပါတယ်။

တော်ဝင်နှင်းဆီဆေးရုံဇာတ်လမ်း အမှုအကျဉ်းက ဒီလိုပါ။

အရင်အစိုးရလက်ထက် ၂၀၁၄ ခုအတွင်းမှာ တော်ဝင်နှင်းဆီဆေးရုံသုံးလွှာမှာဖွင့်ထားတဲ့ Health News တရုတ်အထူးကုဆေးခန်းကို စစ်ဆေးတဲ့အခါ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဆေးကုသခွင့်လိုင်စင်မရှိပဲ တရားမဝင်ဆေးကုသနေတာ၊ ကုသပေးနေသူတွေဟာ တရုတ်နိုင်ငံသားတွေဖြစ်နေတာ၊ ကုသပေးတဲ့ရောဂါတွေနဲ့ပတ်သတ်ပြီး ဖြန့်ချိကြော်ငြာရာမှာလည်း ညစ်ညမ်းစာတွေပါဝင်နေတာကြောင့် ကျန်းမာရေးဝန်ကြီးဌာနနဲ့ လဝက တို့ကနေ  ၂၀၁၅ ခု ဇန်နဝါရီလမှာ ချမ်းအေးသာစံမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် တရားစွဲဆိုခံရသူဘက်ကနေ ဆေးခန်းဖွင့်တဲ့နေရာဟာ တော်ဝင်နှင်းဆီဆေးရုံပိုင်နေရာဖြစ်ပေမယ့် ဆေးရုံရဲ့ဆေးခန်းမဟုတ်ကြောင်းနဲ့ နေရာငှားရမ်းထားခြင်းသာဖြစ်ကြောင်း ငြင်းဆိုခဲ့ပါတယ်။

တရားစတင်စွဲဆိုရစဉ်က သူဌေးကြီး ဦးတင်မောင်၊ ဇနီးဒေါ်နန်းလှစိန်နဲ့ တရားမဝင်ဆေးကုသခဲ့တဲ့ ဆရာဝန်ဟုဆိုသူ တရုတ်နိုင်ငံသား ခြောက်ဦးရှိခဲ့ပေမယ့် မည်သို့မည်ပုံလုပ်လိုက်သည်မသိ ဦးတင်မောင်တယောက် အမှုမှာ မပါဝင်လာတော့ပဲ ဆေးဆရာ တရုတ်နိုင်ငံသားတွေဟာလည်း ဥုံဖွတန်ခိုးနဲ့ ပြည်မကြီးတရုတ်ပြည်ကို ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။

ထွက်ပြေးသွားတာကလည်း ထူးဆန်းဖွယ်ရာပါ။ နယ်စပ်လိုအပေါက်ကနေ လူမသိ သူမသိ လစ်ပြေးတာမဟုတ်ပါဘူး။ မန္တလေးအပြည်ပြည်ဆိုင်ရာ တံတားဦးလေးဆိပ်ကနေ လေယာဉ်ပျံကြီးနဲ့ သက်သောင့်သက်သာ ထွက်ပြေးလွတ်မြောက်သွားခဲ့တာပါ။ ဘယ်သူမှာ တာဝန်ရှိတယ်ဆိုတာ စစ်ဆေးဖို့ကောင်းပါတယ်။

နောက်ဆုံးတော့ မန်းသူ မန်းသားတွေအပါအဝင် အများပြည်သူစိတ်ဝင်စားတဲ့ တော်ဝင်နှင်းဆီအမှုမှာ ဒေါ်နန်းလှစိန် တဦးထဲပဲ တရားစွဲဆိုခံခဲ့ရပါတယ်။ ပထမတော့ လာရောက်ရင်မဆိုင်ပါဘူး။ ဖမ်းဝရမ်းမိန့်ထုတ်ရတဲ့အထိဖြစ်ပြီးမှ တရားရုံးသို့လာရောက်ခဲ့ပြီး အာမခံချက်ချင်းယူခဲ့ပါတယ်။

တရားစွဲဆိုကာလ တနှစ်ကျော်ကြာပြီးနောက် ဇွန်လ ၇ ရက်ကတော့ အဲ့ဒီအမှုကို မှားယွင်းစွပ်စွဲတယ်ဆိုပြီး အပြစ်မရှိဟု သတ်မှတ်ကာ အမှုကို ကွင်းလုံးကျွတ် လွှတ်လိုက်ပါပြီ။

၂၀၁၅ ခုနှစ်စပိုင်း သတင်းစာကြီးတစ်စောင်ရဲ့ သတင်းတပုဒ်မှာ အဲ့ဒီဆေးရုံကို ဝင်ရောက်ရှာဖွေ စစ်ဆေးရာမှာ တာဝန်ရှိခဲ့တဲ့ မန္တလေးခရိုင်ရဲတပ်ဖွဲ့ အရာရှိတစ်ဦးက ယခုလိုပြောကြားတာကို ထည့်သွင်းဖော်ပြခဲ့ဖူးပါတယ်။

“ ဆေးရုံမှာ ဖွင့်ထားတဲ့ Health News အထူးကုဌာနကို ဝင်ရောက်စစ်ဆေးတဲ့အခါ အမျိုးသမီးအင်္ဂါ ပြုပြင်ပြောင်းလဲဖို့နဲ့ ပတ်သတ်တဲ့ ကြော်ငြာတွေမှာ ညစ်ညမ်းတဲ့စာတွေ၊ ညစ်ညမ်းပုံတွေအသုံးပြုနေတယ်။ ပြီးတော့သူတို့မှာလည်း ကျွမ်းကျင်လက်မှတ်မရှိဘူး။ နောက်သူတို့တွေရဲ့(တရုတ်ဆရာဝန်ဟုဆိုသူတွေရဲ့)  ဗီဇာသက်တမ်းဟာလည်း ၂၀၁၄ ခုနှစ် နိုဝင်ဘာလကတည်းက သက်တမ်းကုန်နေတာတွေကို စစ်ဆေးတွေ့ရှိရလို့ အမှုဖွင့်ထားတာပါ” လို့  ပြောကြားခဲ့တာပါ။

ဒါပေမယ့် ၂၀၁၆ခု ဇွန်လ ၇ ရက်နေ့က ချမှတ်ခဲ့တဲ့ အမိန့်က ခရိုင်ရဲတပ်ဖွဲ့မှူး ပြောကြားခဲ့တဲ့ မှတ်ချက်ကို ပျက်ရယ်ပြုနေပါပြီ။ လှောင်ပြောင်သလို ဖြစ်နေပါပြီ။ ဘာဖြစ်လို့လည်းဆိုတော့ ချမှတ်လိုက်တဲ့အမိန့်ဟာ ခရိုင်ရဲတပ်ဖွဲ့မှူး ပြောကြားခဲ့တဲ့အထဲမှာ ပါဝင်တဲ့ စစ်ဆေးတွေ့ရှိတာတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေလို့ပါပဲ။ ဆရာဝန်လို့ဆိုတဲ့ တရုတ်နိုင်ငံသားတွေလည်း အရေးမယူနိုင်ခဲ့သလို ဆေးခန်းဖွင့်လှစ်ဖို့ ငှားရမ်းပေးခဲ့တဲ့ ပိုင်ရှင်ကိုလည်း မဟန့်တားနိုင်ခဲ့ပါဘူး။ မှားယွင်းဖွင့်ခဲ့တဲ့ အမှုဖြစ်သွားခဲ့ပါပြီ။

ဒီတော်ဝင်နှင်းဆီအမှုမှာ ရှာဖွေစစ်ဆေးတာက မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တရားလိုက ဌာနဆိုင်ရာအရာရှိတွေပါ။ ဌာနဆိုင်ရာဝန်ထမ်းဆိုတော့ အစိုးရလို့ ပြောရမှာဖြစ်ပါတယ်။ အဲဒီတော့ အမှုကို မှားယွင်းစွဲဆိုတယ်လို့ အမိန့်ချလိုက်တဲ့အခါ အစိုးရကပဲ တရားလိုလုပ်ပြီး ဒီအမှုကို လိမ်လည်တိုင်တန်းတဲ့ သဘောသက်ရောက်သွားပါတယ်။

စာရေးသူအနေနဲ့ ဘယ်သူဘယ်ဝါကို ထိခိုက်နစ်နာလိုစိတ်မရှိပေမယ့် အများပြည်သူရဲ့ အသံတွေကို စိတ်ဝင်တစား နားထောင်မိပါတယ်။ အများပြည်သူအသံကတော့ ရှင်းပါတယ်။ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ မှန်ကန်မှု၊ ဥပဒေစိုးမိုးမှုတွေ လိုချင်နေကြပါတယ်။ အထူးသဖြင့် ပြည်သူကရွေးချယ်တင်မြောက်လိုက်တဲ့ ပြည်သူ့အစိုးရကို ပိုမိုမျှော်လင့်နေကြပါတယ်။

နှစ်ပေါင်းများစွာ ပွင့်လင်းမမြင်သာမှု၊ တရားမမျှတမှု၊ ဥပဒေမစိုးမိုးမှု၊ ဖိနှိပ်မှုတွေနဲ့ ကြုံဆုံလာခဲ့တဲ့ ပြည်သူတွေအနေနဲ့ ပြည်သူ့အစိုးရထံကနေ  တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ မှန်ကန်မှု၊ ဥပဒေစိုးမိုးမှုတွေ အားကိုယုံကြည်ဖို့ မျှော်လင့်နေကြတာဟာ အဆန်းတော့မဟုတ်ပါဘူး။

တော်ဝင်နှင်းဆီဆေးရုံအမှု ကွင်းလုံးကျွတ်လွတ်မြောက်စေလို့ အမိန့်ချပြီး ချက်ချင်းဆိုသလို မြို့ခံမီဒီယာတွေဟာ တရားသူကြီးနဲ့တွေ့ဆုံမေးမြန်းကြပါတယ်။ တရားသူကြီးကတော “ကျနော်တို့ အခု တရားစီရင်ရေးဟာ လွတ်လပ်စွာ တရားစီခွင့်ရတဲ့အခြေအနေ ဖြစ်ပါတယ်။ အမှုတခုချင်းဆီပေါ်မှာ လွတ်လပ်စွာ စီရင်ခဲ့တာပါ။ ဘာဖိအားမှ လုံးဝမရှိပါဘူး” ဟု ပြန်လည်ဖြေကြား တုန့်ပြန်ခဲ့ပါတယ်။

တရားသူကြီးက လွတ်လပ်စွာ တရားစီရင်တယ်။ ဖိအားမရှိဘူးလို့ဆိုပေမယ် အများပြည်သူက ယခုအမှု တရားစီရင်မှုကို သံသယရှိနေကြပါပြီ။ မေးခွန်းထုတ်ဝေဖန်နေကြပါပြီ။ ပြည်သူကို ဗဟိုပြုတဲ့ အုပ်ချုပ်ရေး၊ ပြည်သူဆန္ဒကို အလေးထားတဲ့လွှတ်တော်၊ ပြည်သူကို မျှတစွာတရားစီရင်တဲ့ တရားစီရင်ရေး စစ်စစ်ဖြစ်တယ်ဆိုရင်တော့ ပြည်သူတွေရဲ့ သံသယတွေ မေးခွန်းတွေ ပွင့်လင်းမြင်သာစွာ ရှင်းလင်းချပြဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေမှာ တာဝန်ရှိနေပါပြီ။

နောက်ဆုံးအနေနဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နဲ့ တရားစီရင်ရေးမဏ္ဍိုင်တွေဟာ ပြည်သူကို အမှန်တကယ်အလေးထားတယ်ဆိုရင် ပြည်သူ့မှာရှိနေတဲ့ သံသယတွေ မယုံကြည်မှုတွေကို ဖယ်ရှားရှင်းလင်းပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် တရားသူကြီး ပြောခဲ့သလို ဘာဖိအားမှ မရှိပဲ  လွတ်လပ်စွာ တရားစီရင်ခဲ့ခြင်းရှိမရှိ၊ အမှန်တကယ်ရော အမှုကနေ ကွင်းလုံးကျွတ် လွတ်ထိုက် မလွတ်ထိုက် သက်ဆိုင်ရာတွေက ပြည်သူကို အထင်အရှား ပွင့်လင်းစွာ ချပြရမှာပဲ ဖြစ်ပါတယ်။

မလွှတ်ထိုက်ပဲ လွှတ်ပေးခဲ့တယ်ဆိုရင်တော့ ပတ်သတ်တာဝန်ရှိသူအားလုံးကို အရေးယူရမှာဖြစ်ပြီး လွှတ်ပေးထိုက်လို့ လွှတ်ပေးခဲ့တယ်ဆိုရင်လည်း ပြည်သူက ကြည်ဖြူစွာ လက်ခံရမှာပဲဖြစ်ပါတယ်။

(မောင်ဉာဏသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦး ဖြစ်သည်)

Did you find apk for android? You can find new Free Android Games and apps.
Loading