• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

မျက်မှောက် မြန်မာ့စာနယ်ဇင်း လွတ်လပ်ခွင့်အပေါ် သူတို့ အမြင်များ

by ဧရာဝတီ
3 May 2017
in အင်တာဗျူး
A A
မျက်မှောက် မြန်မာ့စာနယ်ဇင်း လွတ်လပ်ခွင့်အပေါ် သူတို့ အမြင်များ
5k
VIEWS
Share on FacebookShare on Twitter

မေလ ၃ ရက်နေ့သည် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ဖြစ်သည်။ ၁၉၉၈ ခုနှစ်မှ စတင်ကာ နှစ်စဉ် မေလ ၃ ရက်နေ့တွင် ကမ္ဘာ့သတင်း လွတ်လပ်ခွင့် အထိမ်းအမှတ် ညီလာခံများကို ကျင်းပခဲ့ပြီး နှစ်စဉ် ခေါင်းစဉ်များ သတ်မှတ်၍ ဆွေးနွေးခဲ့ကြသည်။ ယခုနှစ်တွင်လည်း အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင် ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အထိမ်းအမှတ် ညီလာခံ အဖြစ် Critical Minds for Critical Time: Media’s role in advancing peaceful, just and inclusive societies ခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။ မြန်မာနိုင်ငံတွင်လည်း NLD ဦးဆောင်သည့် အစိုးရ တက်လာပြီးနောက်ပိုင်း သတင်းလွတ်လပ်ခွင့် အခြေအနေ၊ အပြောင်းအလဲများအပေါ် သတင်းမီဒီယာ အဖွဲ့အစည်း၊ သတင်းသမားများကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

ဦးသီဟစော (Myanmar Journalist Association) ဥက္ကဋ္ဌ

ဒီနှစ် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ကထုတ်တဲ့ မီဒီယာလွတ်လပ်ခွင့်အညွှန်းကိန်းအရ မြန်မာနိုင်ငံက ၁၃၁ ကို ရောက်သွားပြီ။ မနှစ်က ၁၄၃၊ တနှစ်က ၁၄၅၊ ဟိုးတနှစ်က ၁၅၀ ပေါ့။ ဟိုးအောက်ဆုံးကနေ တက်ရင်းတက်ရင်းနဲ့ ၁၃၁ အဆင့်ကိုရောက်ပြီပေါ့။ မနှစ်ကထက်စာရင် အဆင့် ၁၂ ဆင့်လောက် တက်လာတယ်။ လွန်ခဲ့တဲ့ ၅ နှစ်လောက်ကဆိုရင် တော်တော်ဆိုးတယ်။ ကမ္ဘာမှာ တတိယသတင်းလွတ်လပ်ခွင့် အဆိုးဆုံးနိုင်ငံ။ တက်ရင်းတက်ရင်းနဲ့ အခု အပေါ်ကို အဆင့် လေးငါးဆယ်လောက်တက်လာတယ်ပေါ့။

Press Index အရ ကြည့်မယ်ဆိုရင် အရင်အစိုးရလက်ထက်မှာ ၁၄၃၊ ဒီအစိုးရလက်ထက်မှာ ၁၃၁ ဆိုတော့ မြင့်လာတယ် ပြောလို့ရပေမယ့် ၆၆(ဃ)တွေ တခြားပုဒ်မတွေနဲ့ တရားစွဲတာတွေက ရှိတုန်းပဲ။ သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ ပတ် သက်လို့ တိုင်းပြည်တခုလုံးရော၊ လက်ရှိအခြေအနေအရရော အရင်ထက်စာရင်တော့ ပြောင်းလဲမှုရှိတယ်လို့ ပြောလို့ရ တယ်။ ဒါပေမယ့် အားရကျေနပ်မှုတော့ မရှိသေးဘူး။ ကမ္ဘာမှာ သတင်းလွတ်လပ်ခွင့်အမြင့်ဆုံးက ဆွီဒင် နံပါတ်တစ်ပဲ။ သူ့ဆီမှာ မီဒီယာလွတ်လပ်ခွင့်ဥပဒေ ထူထောင်ပြီးတာ အနှစ် ၂၅၀ ရှိပြီ။ ငါတို့ဆီမှာ မီဒီယာဥပဒေက ၃ နှစ်ပဲရှိသေးတယ်။ သူတို့ကိုမီအောင် တော်တော်ကြိုးစားရအုံးမယ်။

Freedom of Expression နဲ့ ကြည့်ရင်တော့ သတင်းစာတွေက အရင်ထက်စာရင် ပိုပြောခွင့်ရသလို Social Media မှာ လည်း လူတွေ အများကြီးပြောနေကြတယ်။ လူထုအနေနဲ့ကြည့်ရင်တော့ Freedom of Expression ပိုရတယ် ထင်ရပေ မယ့် အစိုးရနဲ့လွှတ်တော်ကို ကြည့်ရင်တော့ Freedom of Expression လျော့သွားတယ်လို့ တွေ့ရတယ်။ သူတို့ဘက်က သတင်းအချက်အလက်ဖော်ပြမှုတွေ နည်းသွားသလိုပဲ။ အဲဒီနှစ်ခုကို နှိုင်းယှဉ်ကြည့်မိတယ်။

အဓိကကတော့ အစိုးရဌာနတွေမှာ ပြောရေးဆိုခွင့်တွေရှိပေမယ့် အဲဒီပြောရေးဆိုခွင့်ရှိသူတွေက ဖြေနိုင်တဲ့အခါ ဖြေတယ်။ မဖြေနိုင်တဲ့အခါ မဖြေဘူး။ နောက်ပြီး တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့တွေမှာလည်း မီဒီယာနဲ့ ဆက်ဆံတာ အနေအထားတွေ မတူ ကြဘူး။ တချို့ပြည်နယ်မှာ လွတ်လပ်မှုရှိပေမယ့် တချို့ပြည်နယ်မှာ မရှိဘူး။ သူတို့ အစိုးရဘက်က ဗဟိုအဆင့်ရော တိုင်းနဲ့ ပြည်နယ် အဆင့်ရော လွှတ်တော်ရော ပြောင်းစရာ၊ ပြင်စရာတွေရှိမယ်လို့ ထင်တယ်။ ပြောရေးဆိုခွင့်ရှိသူ တယောက်ထားရုံ နဲ့တော့ မလုံလောက်ဘူး။ ပြောရေးဆိုခွင့် Team ထားပြီး အဲဒီက လူသုံးလေးဆယ်က သတင်းသမားတွေကို ဖြေဖို့အတွက် ထားမယ်ဆိုရင် သတင်းသမားတွေအတွက် ပိုအဆင်ပြေမယ်ထင်တယ်။ အဲဒါမျိုးလည်း အစိုးရကို အကြံပြုထားတယ်။

သတင်းမီဒီယာ ကျင့်ဝတ်ထဲမှာ သတင်းရယူခွင့်တွေရှိတယ်။ သတင်းသမားလိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေရှိ တယ်။ အဲဒီဟာအတိုင်း လုပ်လို့ရတာတခုရှိတယ်။ နောက်တခု ကိုယ်က ပိုပြီး professional ပီသတာ။ သတင်းသမားတွေ ဟာ ကျင့်ဝတ်နဲ့အညီ professional ပီသမယ်ဆိုရင်တော့ သတင်းလွတ်လပ်ခွင့်က ပိုကောင်းလာဖွယ်ရှိတယ်။ ဒါပေမယ့် ဒီတခုတည်းနဲ့တော့ မပြီးဘူး။ တခြားအချက်တွေလည်း ရှိတယ်။ မီဒီယာ owner၊ မီဒီယာကို ဘယ်သူပိုင်လဲ။ အစိုးရလား။ တပ်ကလား။ ခရိုနီလား။ ရိုးရိုးလူလား။ အဲဒါကလည်း လွတ်လပ်ခွင့်နဲ့ပတ်သက်လို့ ရိုက်ခတ်မှုရှိတယ်။ ပြီးတော့ သတင်း သမားတွေရဲ့ အရည်အသွေးနဲ့ professional ပီသမှု။ အဲဒီ ၃ ခုစလုံး ညီညွတ်မှပဲ လွတ်လပ်ခွင့်က ပိုကောင်းသွားမယ် ထင်ပါတယ်။ ညွှန်းကိန်းအရ အတိုင်းအတာတခုအထိတော့ ကောင်းတယ်လို့ ပြောလို့ရပေမယ့် ရောက်တဲ့အဆင့်မှာ ကျေနပ်မနေဘဲနဲ့ အစိုးရဘက်ရော၊ မီဒီယာဘက်ရော ဆက်ပြီးကြိုးစားဖို့လိုပါသေးတယ်။

မရန်ဆိုင်းမိုင် ( မြစ်ကြီးနားဂျာနယ် – အယ်ဒီတာချုပ် )

NLD အစိုးရ ၁နှစ်ကျော်ပြီ။ အခုချိန်ထိ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဆီက အင်တာဗျူး တခါမှ မရပါဘူး။ သတင်းစာရှင်းလင်းပွဲမျိုးလည်း တခါမှ လုပ်မပေးပါဘူး။ အင်တာဗျူးရဖို့ စာတင်တာလည်း ကြာပါပြီ။ မရပါဘူး။ ပြည်နယ်အစိုးရအဖွဲ့ဆီက သတင်းရပိုင်ခွင့်က ဒီမှာ အရမ်းခက်ခဲနေတယ်။

ဝန်ကြီးချုပ်က အခုထိ သတင်းထောက်တွေနဲ့ ထိတွေ့မှု မလုပ်ဘူး။ ပြည်နယ်အစိုးရဆီမှာ သတင်း ရယူခွင့်ကိုလည်း မပေးပါဘူး။ သတင်းထောက် တွေအနေနဲ့ Field ထဲဆင်းတဲ့ အခါမှာ အဆင်ပြေပေမယ့် တဖက်အသံပဲ အမြဲ ရပါတယ်။ တဖက် သတင်းရင်းမြစ်တွေဆီက သတင်းရပေမယ့် အစိုးရဘက်က မရပါဘူး။
သတင်းရယူဖို့ ပဋိပက္ခဖြစ်တဲ့ နေရာတွေကို သွားတဲ့အခါမှာ စစ်ဖြစ်နေတဲ့ ဧရိယာတွေက လွဲလို့ သွားဖို့ ခက်ခဲတာ တားမြစ်တာတွေ မရှိပေမယ့် တခုခုဖြစ်လာ
ရင်တော့ အစိုးရဘက်က အစိုးရအနေနဲ့ သတင်းထောက်တွေအပေါ် ဘာမှ တာဝန်ယူတာ မရှိပါဘူး။

ကျနော်တို့ သတင်းထောက်တွေကို သတင်းရယူမှုနဲ့ ပတ်သတ်ပြီး ခြိမ်းခြောက်တာ နှောင့်ယှက်တာတွေ တော့ မကြုံဖူးပေမယ့် ကျနော်တို့ မြစ်ကြီးနားဂျာနယ် သတင်းဌာနကို အွန်လိုင်းမှာ Page အတုဖွင့်ခံရလို့ ရဲကို တိုင်ပါတယ်။ ၆၆ ဃ နဲ့ အမှုဖွင့်ပါတယ်။ ရဲက စုံစမ်းအရေးယူတာမျိုး မလုပ်ပေးပါဘူး။ ကိုယ့် ဘာသာ ဖြုတ်ချနိုင်အောင်လုပ်ပြီး တနှစ်ကြာမှ ရဲက အဲဒီ Page အတုလင့်ခ်ပေးဖို့ လာပြောပါတယ်။ ဒီတော့ ၆၆ (ဃ) ဆိုတဲ့ ပုဒ်မကလည်း ကျနော်တို့ သတင်းဌာနတွေအတွက် မဟုတ်သလို ဖြစ်နေတယ်။ သူများဘက်က တရားစွဲရင်တော့ ခံရပေမယ့် ကိုယ့်က်ကျ စွဲလို့ မရပါဘူး။

ကျနော်တို့ ပြည်နယ်အခြေစိုက်သတင်းဌာနတွေက သတင်းရယူတဲ့ နေရာမှာ ခွဲခြားဆက်ဆံမှုလည်း ခံရပါတယ်။ ပြီးခဲ့တဲ့ တခေါက် မြစ်ကြီးနားကို ဒေါ်အောင်ဆန်းစုကြည်လာတုန်းက မြန်မာ့အလင်းတို့က အထဲကို ဝင်ပြီး သတင်းယူ ခွင့်ရပါတယ်။ ကျနော်တို့ ပြည်နယ်က သတင်းသမားတွေကတော့ မရပါဘူး။ ဒီလိုပဲ တချို့ဝန်ကြီးတွေကလည်း သတင်းဌာနကြီးတွေကိုဆိုရင် ဖြေချင်ပါတယ်။ နာမည်နဲ့ ဖွင့်ကို ပြောပါတယ်။ ကျနော်တို့ ပြည်နယ် အခြေစိုက် မြစ်ကြီးနားဂျာနယ်ကိုဆိုရင်တော့ မဖြေချင်ပါဘူး။

ကျနော်ပြောချင်တာက ကချင်ပြည်နယ်ကိုယ်စားပြုဂျာနယ် တစောင်ဖြစ်တဲ့ မြစ်ကြီးနားဂျာနယ်အနေနဲ့ အစိုးရဆီက Right To Information၊ Access To Information မရှိတာက ပြည်သူတွေကို သတင်း အချက်အလက် မပေးတာနဲ့ အတူတူပါပဲ။ ကျနော်တို့ မြစ်ကြီးနားဂျာနယ်က ကချင်ပြည်သူလူထုတွေ သတင်းအချက်အလက် သိရဖို့ဖြစ်တယ်။ ကျနော်တို့ကို သတင်း ရယူခွင့် မပေးတာက ကချင်ပြည်သူလူထု တရပ်လုံးကို သတင်းအချက်အလက် မပေးတာနဲ့ အတူတူပါပဲ ။ မြစ်ကြီးနားဂျာနယ်ကို သတင်းမပေးတာက ကချင် ပြည်သူလူထုတရပ်လုံးကို အမှန်တရားတွေကို သိခွင့်မပေးတာနဲ့ အတူတူပါပဲ။ NLD အစိုးရအနေနဲ့ လူ့အခွင့်အရေးတွေ ဘာတွေ ပြောနေပေမယ့် သတင်း ရယူခွင့်မှာ အခွင့်အရေးမပေးပါဘူး။ အစိုးရအဖွဲ့နဲ့ ပတ်သက်တဲ့ သတင်းရယူခွင့်က ခက်ခဲနေပါတယ်။ အဓိက ကတော့ NLD အစိုးရကို ပြောချင်ပါတယ်။

ကိုဟန်ဇော် (Pen Myanmar အတွင်းရေးမှူး)

လွတ်လပ်ခွင့်နဲ့ပတ်သက်ပြီးတော့ တိုင်းတာမယ်ဆိုရင် တိုင်းတာလို့ရတဲ့ အကြောင်းအရာတွေ၊ ပြောလို့ရတဲ့ အကြောင်းအရာတွေ အများကြီးရှိနေတယ်ပေါ့။ နောက်တခုက အပြောင်းအလဲကာလမှာလည်း ဘယ်လောက် အနေအထားထိ ပြောင်းလဲသလဲ၊ ပြောင်းလဲသလား၊ မပြောင်းလဲဘူးလား တနည်းအားဖြင့် ပြောလို့ ရှိရင်တော့ သတင်းမီဒီယာ လွတ်လပ်ခွင့်ရဲ့ ပြောင်းလဲမှု ရှိသလား၊ မရှိသလားဆိုတာ ဟာမှာ ဆုံးဖြတ်တဲ့အပိုင်း အကဲဖြတ်တဲ့ အချက်တွေသည် ဘယ်လိုအနေအထားတွေကြောင့် ပြောင်းလဲမှုမရှိသေးသလဲဆိုတော့ အခြေအေနေတွေတော့ အများကြီးရှိသေးတယ်။

ယေဘုယျအမြင်အားဖြင့် ပြောတယ်ဆိုရင်တော့ ထူးခြားတဲ့ ပြောင်းလဲမှုတွေ တကယ်ကိုပဲ မီဒီယာ လွတ်လပ်ခွင့်ကို အပြည့်အဝရသွားတဲ့ ထူးခြားတဲ့ပြောင်းလဲမှုတွေကို မမြင်ရသေးဘူးလို့ သုံးသပ်နိုင်မှာ ဖြစ်ပါတယ်။ နောက်တခုကတော့ ရှိရင်းစွဲ အနေအထားအတိုင်းပဲ တန့်နေတဲ့ အနေအထားပေါ့ ဘာမှထူးထူးခြားခြား ပြောင်းလဲမှု မရှိသေးဘူး။ ဘာဖြစ်လို့ ကျနော်တို့ အဲဒီလိုမျိုးပြောနိုင်သလဲဆိုတော့ နံပါတ် ၁ ပြောနိုင်တာကတော့ သတင်းမီဒီယာနဲ့ ပတ်သက်နေတဲ့ ဥပဒေတွေဟာ ပြင်ဆင်ဖြည့်စွက်ရမယ့်ဟာတွေ အားလုံးက တခုခု တစုံတရာ ပြင်ဆင်ဖို့အပိုင်း ဒါမှမဟုတ်ရင် ဖြည့်စွက်ဖို့ ဒါမှမဟုတ်ရင် ဒီဥပဒေနဲ့ ပတ်သက်ပြီးတော့ တစုံတရာ လှုပ်ရှားမှု မတွေ့ရသေးဘူးပေါ့နော်။ ဒီအတိုင်းပဲ ရှိနေတယ်။

သတင်းမီဒီယာ ဥပဒေအပါအဝင် သတင်းမီဒီယာနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေ အားလုံးကလည်း တစုံတရာ ပြုပြင် ပြောင်းလဲမှုက မတွေ့ရဘူး။ နောက်တခုကတော့ သတင်းသမားတွေ အသက်အန္တရာယ် ကြုံတွေ့ရတဲ့ ကိစ္စမှာလည်း တရားဥပဒေစိုးမိုးရေးအရပေါ့။ ကိုစိုးမိုးထွန်းကိစ္စဆိုရင် ကျနော်တို့ ဘာမှမသိရတော့ဘူးပေါ့။ ဒီလိုဟာမျိုးတွေ ရှိနေတယ်။ သတင်းသမားတွေရဲ့ အသက်အန္တရာယ် ကြုံတွေ့ရမှုမှာလည်း ဥပဒေကြောင်းအရ အကာအကွယ်အပြည့်အ၀ မပေးနိုင်တာမျိုးတွေ။ ဒီလိုအမှု ကိစ္စတွေအားလုံးက ဘာကြောင့်မို့လို့ ဖြစ်ရတယ်ဆိုတဲ့ အကြောင်းအရင်းတွေ အမှုမှန်မပေါ်ပေါက်တဲ့ အနေအထားတွေ ဒါတွေက တရားဥပဒေစိုးမိုးရေးအားနည်း တဲ့အပေါ်ကိုမူတည်တယ်။

နောက်တချက်ကတော့ သတင်းနဲ့ ဆက်စပ်နေတဲ့မူတွေပေါ့။ ဥပမာ ၆၆ ဃ နဲ့ပတ်သက်တဲ့ အနေအထားကလည်း သတင်းမီဒီယာတွေကို ခြိမ်းခြောက်တဲ့ အနေအထားတွေမျိုးပေါ့။ သတင်းမီဒီယာသမားတွေ၊ သတင်းလုပ်ငန်းတွေ လုပ်ကိုင်တဲ့အချိန်မှာ အဟန့်အတား ဖြစ်စေတဲ့ဟာမျိုးတွေ သူတို့ရဲ့ လွတ်လပ်စွာ ပြောဆိုထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့် ၊စုံစမ်းမေးမြန်းခွင့် အဲဒီလိုတွေမှာလည်း အကာအကွယ်မပေးနိုင်တာကို တွေ့ရတယ်။ မပေးနိုင်သေးဘူးပေါ့။

နောက်တခုက ပြန်ကြားရေး ဝန်ကြီးဌာန ရှိနေတာ။ ဒီမိုကရေစီနိုင်ငံ တခုမှာ ရှိဖို့မလိုအပ်ဘူးပေါ့။ ဝန်ကြီးဌာန တခုအနေနဲ့ ရှိသင့်တာက တချက်ပေါ့။ ရှိသည့်တိုင်အောင် အရှိအနေနဲ့ထားမယ်ဆိုရင် ဝန်ကြီးဌာနအနေနဲ့ လုပ်ကိုင်လို့ သင့်တဲ့ ကိစ္စတွေရှိတယ်။ ဥပမာ ပြည်သူ့ဝန်ဆောင်မှု မီဒီယာနဲ့ ပတ်သက်တဲ့ ဥပဒေ ပေါ်ထွက်ဖို့တို့၊ Public Service မီဒီယာအနေနဲ့ တကယ်ကို အထောက်အပံ့ဖြစ်နိုင်တဲ့ မီဒီယာတခု ဖြစ်လာဖို့၊ လိုအပ်တဲ့ ပုံစံနဲ့ အကောင်အထည်ဖော်ဖို့ တာဝန်ရှိနေတယ်။ နောက်တခုက မီဒီယာ ဥပဒေပြင်ဆင်ရေး ကိစ္စကိုလည်း သူတို့ပြင်ဆင်နေတယ်ဆိုတာကိုလည်း ကျနော်တို့ သိပါတယ်။ ဒါပေမယ့် အကောင်အထည်အနေနဲ့ ထင်သာမြင်သာ ကျနော်တို့ မတွေ့ရသေးဘူး။

နောက်တစ်ခုက တိုင်းရင်းသားမီဒီယာတွေနဲ့ ပတ်သက်တာကလည်း နိုင်ငံအနေနဲ့ အထောက်အပံ့ကောင်းတွေ ပေးဖို့ လိုအပ်နေတာတွေရှိတယ်ပေါ့။ အဲဒီအပိုင်းတွေမှာလည်း လုပ်နေသယောင်ယောင် တွေ့ရပေမယ့် ကျေနပ်လောက်တဲ့ အနေအထားမျိုးမတွေ့ရသေးဘူး။ လက်ရှိအခင်းအကျင်း အနေအထားအရရော၊ ဥပဒေကြောင်း အရရော ယနေ့အနေအထားအရရော သိပ်ကျေနပ်စရာအနေအထားမျိုး မရှိသေးဘူး။ သတင်းသမားတွေကို အကာအကွယ် မပေးနိုင်သေးဘူး။ သတင်းမီဒီယာ ဥပဒေတွေကိုလည်း အသစ်ရေးဆွဲဖို့ ကိစ္စတွေ၊ ပြင်ဆင်ဖို့ကိစ္စတွေမှာလည်း လုံလောက်တဲ့ လှုပ်ရှားမှုမျိုး မတွေ့ရသေးဘူး။ ဒီအခြေအနေအားလုံးသုံးသပ်လို့ရှိရင်တော့ သတင်းမီဒီယာက ဒီအတိုင်းပဲပေါ့ ဘာမှ ထူးခြားတဲ့ ပြောင်းလဲမှုတွေ မရှိဘူးလို့ တွေ့နေတယ်။ သတင်းမီဒီယာနဲ့ ပတ်သက်တဲ့လွတ်လပ်ခွင့်ဟာ မေးခွန်းထုတ်စရာဖြစ်နေတယ်။

ဖြိုးေ၀၀င်း (အကြီးတန်းအယ်ဒီတာ)

ကျနော် တဦးတည်းအမြင်အရ ပြောရရင် NLD အစိုးရလက်ထက်မှာ စာနယ်ဇင်းလွတ်လပ်ခွင့်ကို နယ်စည်းမခြား သတင်းသမားများအဖွဲ့က ၁၂ ဆင့်ခုန်တက်ခဲ့တယ်ဆိုပေမယ့် ဦးသန်းရွှေအစိုးရလက်ထက်၊ ဦးသိန်းစိန် အစိုးရလက်ထက်နဲ့ အခု လူထုကရွေးချယ် တင်မြောက်တဲ့ ဒီမိုကရေစီ အစိုးရလက်ထက်မှာ ကျနော်တို့ တန်ဖိုးထားမှုစံနှုန်းတွေနဲ့ သတင်းလွတ်လပ်ခွင့် ကို ပြန်ယှဉ်မယ်ဆိုရင် NLD အစိုးရလက်ထက်က စာနယ်ဇင်းလွတ်လပ်ခွင့် ပိုကျဆင်းလာတယ်လို့ မြင်တယ်။

တပ်မတော်အစိုးရလက်ထက် ကျနော်တို့ လူ့အခွင့်အရေးဆိုတဲ့စကားတောင် ပြောခွင့်မရခဲ့ဘူး။ ပညာရှင်တွေ လည်း နှုတ်ပိတ်နေတယ်။ ကိုယ့်ဘာသာလည်သလိုလှည့်ပတ်ရေးပြီး inform& reform ကို တင်ဆက်ခဲ့ရတယ် ။ ဦးသိန်းစိန် အစိုးရတက်လာတယ်။ ပြည်သူတွေက အပြောင်းအလဲကို မယုံသလို စာပေစိစစ်ရေးကလည်း လက်စောင်း ထက်နေဆဲ ဆိုတော့ ကျနော်တို့ နည်းနည်းပဲပြောခွင့်ရတယ်။ ဒါပေမယ့် ၂၀၁၃ နောက်ပိုင်းမှာ အရမ်း လွတ်လပ်သွားပြီး အများအပြား ရေးခွင့်ရခဲ့တယ်။

ဥပမာပြောရရင် ပြည်သူချစ်တဲ့ NLD ဆို မရေးတာမျိုး၊ ပြည်သူမကြိုက်တဲ့ USDP ဆို ကောင်းတာ ဘာမှမရေးတာမျိုးအထိ မီဒီယာတွေလုပ်ခဲ့ကြတယ်။ အဲဒီနောက်မှာ ကျနော်တို့ ရွေးတဲ့ NLD တက်လာတယ်။ USDP က သူတို့ရှုံးတာ မီဒီယာတွေ သူတို့ဘက်မှာမရှိလို့ ဆိုပြီး ပြောလာတယ်။ မီဒီယာအားနဲ့ NLD နိုင်လာခဲ့တယ်လို့ သတ်မှတ်ကြတဲ့အချိန်မှာ ကျနော်တို့က NLD အစိုးရဆီက တခုပဲ မျှော်လင့်ခဲ့တယ်။ အဲဒါက သတင်းမီဒီယာတွေ လွတ်လပ်စွာ ရေးသားခွင့် ပိုမိုရရှိဖို့ပါ။ ကျနော်တို့ ထင်သလိုမဖြစ်ခဲ့ဘူး။

ဦးသိန်းစိန်အစိုးရလက်ထက် ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) နဲ့ တရားအစွဲခံ ရမှုမရှိသလောက် ဖြစ်ခဲ့တဲ့ မီဒီယာတွေကို အစိုးရက ဦးဆောင်ပြီး တရားစွဲတယ်။ နောက်ဆက်တွဲမှာ လူထုက လိုက်ပြီး တရားစွဲတယ်။ ပိုဆိုးတာက သတင်းစာမှာ ဖော်ပြပြီးမှာ Facebook လို Website လိုနေရာမျိုးမှာတင်တာကို တရားလိုက်စွဲတာ ဖြစ်နေတာ။ နောက်တခုပေါ့။ ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) ဟာ အွန်လိုင်းကနေ စော်ကားမှုတွေကို တားဆီးဖို့ ရှိသင့်တယ်ပြောတယ်။ မှန်တာပေါ့။ လူတဦး ချင်းရဲ့ လွတ်လပ်ခွင့်ကို ကာကွယ်ဖို့ ဥပဒေတစ်ရပ်ရှိသင့်တာပေါ့။ ဒါပေမယ့် ကျနော်တို့ နိုင်ငံမှာ ၆၆ (ဃ) လို ဆက်သွယ်ရေးဥပဒေထက် အရင် အီလက်ထရွန်နစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေဆိုတာ ရှိနေပြီးသား။ အဲဒီ အီလက်ထရွန်နစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေရဲ့ ပုဒ်မ ၃၄ (ဃ) ဟာ ပုဒ်မ ၆၆(ဃ) လို အွန်လိုင်းကနေပြီးတော့ အသရေ ဖျက်တာ၊ စော်ကားတာ၊ ခြိမ်းခြောက်တာတွေကို ကာကွယ်ဖို့ ပြဋ္ဌာန်းထားတာ။ ဒါပေမယ့် ၃၄ (ဃ) က အာမခံ ပေးလို့ရပြီး ၆၆(ဃ) က အာမခံပေးချင်ပေးမယ် မပေးချင်မပေးဘူး။

အစိုးရကို ထိရင် အာမခံမပေးဘူးဆိုတာမျိုး နဲ့ လက်စားချေ ဥပဒေဖြစ်လာတယ်။ အဲဒီလို အကြောင်းအရာတူပြီး ပြစ်ဒဏ်မတူတဲ့ ဥပဒေ ၂ ခု ရှိနေချိန်မှာ တခုကိုတော့ ဖျက်သိမ်းရမယ်။ ဆက်သွယ်ရေးဥပဒေဟာ လက်စားချေဖို့ ဖြစ်လာလို့ ပြည်သူတွေက ၆၆(ဃ) ကို ဖျက်သိမ်းဖို့ တင်ပြတောင်းဆိုတယ်။ ဒါပေမယ့် ဖြစ်မလာဘူး။ ဘယ်မှာလဲ လူထုအသံနားထောင်မှု။

အစိုးရသက်ဆိုင်ရာတွေဆိုရင် သတင်းမီဒီယာတွေကို မဖြေရဲဘူး။ သူတို့ကိုယ်တိုင် မသိနားမလည်တာ ဖြစ်နိုင်သလို အကြောက်လွန်ပြီး မပြောရဲတဲ့အခြေအနေမျိုးဆိုတာလည်း မြင်နေရတယ်။ အစိုးရတစ်ရပ်ရဲ့ လုပ်ရည် ကိုင်ရည်ကို ပြည်သူတွေဝေဖန်ဖို့ အသိပေးနိုင်တဲ့နည်းလမ်းက မီဒီယာပဲရှိတယ်။ မီဒီယာကို မပြောရဲခြင်းဟာ ပြည်သူတွေကို ငါတို့ဘာတွေလုပ်နေတယ်လို့ မပြောချင်တဲ့ အဓိပ္ပါယ်ပဲ ဖြစ်တယ်လို့ မြင်တယ်။ သတင်းထောက်တွေရဲ့ စုံစမ်းဖော်ထုတ်မှုမှာလည်း လုံခြုံမှုမရှိဘဲ ပိုဆိုးလာတာကို Eleven ရဲ့ နယ်သတင်းထောက် လုပ်ကြံသတ်ဖြတ်ခံရပြီး အသရေဖျက်ခံရတာနဲ့ ငါးလပြည့်လုနီးအထိ တရားခံမဖော်ထုတ်နိုင်တာ၊ ကိုဆွေဝင်း ရန်အပြုခံရပြီး တရားစွဲဆိုခံရတာတွေက သက်သေခံနေသလို နေအိမ်ဗုံးခွဲတိုက်ခိုက်ခံရတဲ့ ဗန်းမော်သတင်းထောက် ဦးဦးငြိမ်းကို ဗုံးခွဲတရားခံ ဖော်ထုတ်မပေးတဲ့အပြင် မတရားအသင်းဆက်သွယ်မှုနဲ့ တရားစွဲတာမျိုး မြင်ရတယ်။ သတင်းမီဒီယာကောင်စီတွေက ကာကွယ်ပေးနိုင်မှုကလည်း အလွန်အမင်း အားနည်းနေတယ် လို့ မြင်တယ်။ သူတို့တတ်နိုင်တာက စာပို့တာနဲ့ ရှုတ်ချ၊ ကန့်ကွက်တာပဲရှိတယ်။ တာဝန်ရှိသူတွေက ဆောင်ရွက်မပေးရင် ဘာမှ မတတ်နိုင်ဘူး။ အစိုးရကလည်း Right to Information Law လိုမျိုး ဥပဒေ ထုတ်ပြန်ပြီး ပြည်သူတွေရဲ့ သတင်းလွတ်လပ်ခွင့်ကို ဆောင်ရွက်ပေးဖို့နဲ့ ပြည်သူတွေရဲ့ သတင်းသိရှိခွင့်ကို ဆောင်ရွက်နေသူတွေကို ကာကွယ်ပေးရမယ့် အစီအစဉ်ဖြစ်တဲ့ Open Government Partnership အဖွဲ့အစည်း ဝင်ရောက်ရေးကို ဦးသိန်းစိန် အစိုးရက ဝင်ဖို့လုပ်ခဲ့တာတောင် လက်ရှိအစိုးရလက်ထက်မှာ ဝင်မယ်ဆိုတဲ့ အသံ တောင် ထွက်မလာတော့ဘူး ဖြစ်သွားတယ်။ သတင်းလွတ်လပ်ခွင့်မရှိတဲ့ တိုင်းပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီ ဆိုတာလည်း ဘယ်တော့မှ ရှိလာနိုင်မှာမဟုတ်ဘူးလို့ ယုံကြည်ပါတယ်။

အံ့ခေါင်မင်း (မြန်မာသံတော်ဆင့် သတင်းဌာန တာဝန်ခံအယ်ဒီတာချုပ်)

မီဒီယာလွတ်လပ်ခွင့်ကတော့ အပေါ်ယံအနေနဲ့ကြည့်မယ်ဆိုရင် မီဒီယာတွေက လွတ်လပ်စွာရေးသားပိုင်ခွင့်၊ လွတ်လပ်စွာတင်ပြပိုင်ခွင့်ရှိနေတယ်လို့ သုံးသပ်လို့ရနိုင်တဲ့ အနေအထား ရှိနေတာပေါ့။ ဒါပေမယ့် တဖက်က ပြန်ကြည့်မယ်ဆိုရင် မီဒီယာတွေကနေ ဒီလိုမျိုးလွတ်လပ်စွာရေးသားဖို့၊ လွတ်လပ်စွာထုတ်ဖော်ခွင့် ရှိဖို့အတွက် ဆိုတာ လွတ်လပ်စွာ သတင်းရယူပိုင်ခွင်ရှိဖို့လည်း လိုအပ်တာပေါ့ နံပါတ် ၁ အချက်ပေါ့။ နောက်တခုက ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာရော လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရလက်ထက်မှာရော အစိုးရပိုင်းက ဆိုင်တဲ့သတင်းတွေ၊ Puplic နဲ့ဆိုင်တဲ့ သတင်းတွေမှာ ဆိုရင် လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်က အင်မတန်ကိုမှ နည်းပါးနေသေးတယ်။ အစိုးရမှာက သတင်းထုတ်ပြန်ရေး ဆိုပြီးတော့ လုပ်ထားပေမယ့် မီဒီယာတွေကို သတင်းပေးမှုကနည်းတယ်ပေါ့။ သူတို့ ပြောချင်တာလောက်ပဲ သူတို့ပြောပြီးတော့ မီဒီယာတွေကနေ မေးမြန်းတဲ့သတင်းတွေကို ပြန်လည်ဖြေကြားမှုက အင်မတန်ကိုအားနည်းတယ်။ ဒါက နံပါတ် ၁ တချက်ပေါ့။

နောက်တချက်က မီဒီယာကနေ ရေးသားတဲ့ဟာ မှန်သမျှကို အစိုးရယန္တရားကပဲဖြစ်ဖြစ် ဒါမှမဟုတ် အခြားအဖွဲ့အစည်းတွေကပဲဖြစ်ဖြစ် ပြန်လည်ပြီး တုန့်ပြန်တဲ့ဟာတွေက အင်မတန်ကို ဆိုးဆိုးရွားရွား အခြေအနေတွေ ရှိနေသေးတယ်။ လက်မခံနိုင်သေးတဲ့ အနေအထားတွေ ရှိနေသေးတယ်။

နောက်တချက်ကတော့ ပုဒ်မ ၆၆ ဃ လို ဟာမျိုးက သတင်းမီဒီယာ စာမျက်နှာတွေပေါ်မှာ ရေးသားတဲ့ ဟာကိုပဲ ထပ်ပြီးတော့ အင်တာနက်တွေပေါ်မှာတင်တဲ့ အခါမျိုးမှာ တရားစွဲတာမျိုးတွေ ရှိနေတာပေါ့။ ဒါတွေဟာ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်၊ လွတ်လပ်စွာ သတင်းထုတ်ဖော်ပိုင်ခွင့် ၊ ရေးသားပိုင်ခွင့်တွေကို ခြိမ်းခြောက်နေတဲ့ အချက်တွေပဲလို့မြင်တယ်။

ဒီမိုကရေစီ နိုင်ငံတွေမှာ ပြန်ကြားရေး ဝန်ကြီးဌာနဆိုတာ မရှိသင့်ဘူး။ ထိုနည်းလည်းကောင်းပဲ မီဒီယာတွေရဲ့ အခန်းကဏ္ဍကို ပိုမြှင့်တင်မယ်ဆိုရင် ပုဂ္ဂလိက မီဒီယာတွေရဲ့ အခန်းကဏ္ဍကို ပိုပြီးမြှင့်တင်ပေးဖို့ လိုအပ်တယ်ပေါ့။ လိုအပ်တဲ့အခါကျတော့ အခုအစိုးရပိုင် သတင်းစာတွေရှိနေသေးတယ်၊ ဝါဒဖြန့်ချိ ယန္တရားကြီး တခုလုံးရှိနေသေးတယ်။ ဒါတွေကို အရင်ဆုံးရှင်းပစ်ဖို့လိုပြီးတော့ ပုဂ္ဂလိက မီဒီယာ အခန်းကဏ္ဍကို ပိုပြီးတော့ မြှင့်တင်ပေးဖို့လိုအပ်မယ်လို့ထင်တယ်။

ကိုကံသာ (ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးအခြေစိုက် သတင်းထောက်)

ကျနော်တို့ဘက်တွေလို နယ်မှာကတော့ ဘာမှပြောင်းလဲမှုတော့မရှိဘူး။ ရဲတပ်ဖွဲ့နဲ့ ဌာနဆိုင်ရာတွေကို ဆက်သွယ်ရတဲ့အပိုင်းကတော့ တောင်ကြီး၊ လားရှိူးတို့လို မြို့ကြီးတွေဘက်မှာတော့ အနည်းငယ် အဆင်ပြေလာပေမယ့် နယ်မြို့လေးတွေမှာ မရှိသေးဘူး၊ ဒီအထဲမှာ လောင်းကစားကိစ္စတွေ၊ တရားဥပဒေနဲ့မညီတဲ့ ကိစ္စတွေ၊ မှောင်ခိုကိစ္စတွေ ရေးတဲ့အခါမျိုးကျရင် ဖိအားပေးခံရတာမျိုးလေး တွေရှိတယ်၊ တချို့ကိစ္စတွေကျတော့ ကိုယ်က မြင်တွေ့နေပေမယ့် ရဲတပ်ဖွဲ့က ပြောပြီးမှ မရေးနဲ့ဆိုတာမျိုးတွေ ရှိတယ်။ အဲဒီတော့ လုပ်ရကိုင်ရခက်တာပေါ့၊ လက်ရှိကျနော်တို့ဆီမှာ သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ပတ်သက်ရင်   အရင်အစိုးရလက်ထက်နဲ့ ဘာမှမထူးသေးပါဘူး။

 

မချမ်းမြမြငြိမ်း (ရှမ်းပြည်မြောက်ပိုင်းအခြေစိုက် သတင်းထောက်)

စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး သိပ်တော့ အများကြီး မပြောချင်ပါဘူး၊ ညီမတို့ဒေသက နယ်စပ်လို ဖြစ်နေတယ်၊ နောက်ပြီး လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း အဖွဲ့စုံရှိနေတယ်လေ။ အဲဒီတော့ တခါတခါကျရင် လောင်းကစား သတင်းလိုမျိုး တခုခုရေးလိုက်တယ်ဆို လက်နက်ကိုင်တွေ ပတ်သက်တာရှိတယ်။ အဲဒီအခါမျိုးကျရင် နောက်ကနေ လိုက်စုံစမ်းတာမျိုးတွေ ခံရတယ်။ တချို့လက်နက်ကိုင်အဖွဲ့တွေကျတော့လည်း သူတို့နဲ့ ပတ်သက်တာ ရေးမိရင်  ခြိမ်းခြောက်တဲ့ ပြောဆိုမှုလေးတွေ ကြားရတယ်။ ရဲတပ်ဖွဲ့ဘက်ကလည်း ဖြေတော့ဖြေပေမယ့် ခွဲခြားပြောဆိုတာမျိုး တွေရှိတယ်။ ဒီဘက်ဒေသက သတင်းထောက်တွေအနေနဲ့တော့ လုံခြုံမှုက မရှိဘူး။ တန့်ယန်း၊ လာရှိုးနယ်ဘက်မှာတော့ အရင်ကထက်စာရင် နည်းနည်း လွတ်လပ်လာ တယ်ပြောလို့ရတယ်။ ဌာနဆိုင်ရာတွေဘက်ကလည်း သတင်းမီဒီယာအပေါ် ထုတ်ဖော်ပြောဆိုဖို့  မရဲတာ မျိုးတွေရှိတယ်။ သူတို့ပြောလိုက်ရင် သူတို့အပေါ်ကနေ့ ဘယ်လိုဖိအားတွေ ပြန်လာမလဲဆိုတာမျိုး စိုးရိမ်ကြတာတွေရှိတယ်။

ကိုမိုးဇော် (VOA – မြန်မာပိုင်း သတင်းထောက်)

RSF ရဲ့ထုတ်ပြန်ချက် အရ မြန်မာပြည်ရဲ့ သတင်းစာလွတ်လပ်ခွင့်က အရင်နှစ် ထက်စာရင် အဆင့် ၁၂ ထိ တက်လာတယ်ဆိုတဲ့အပေါ်မှာ ကြိုဆိုရမှာပါ။ ဒါပေမဲ့ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၃၁ မှာ ရောက်နေပြီး သတင်းလွတ်လပ်ခွင့်အပိုင်း ခက်ခဲနေသေးတဲ့ အနီရောင်အဆင့်မှာပဲ သတ်မှတ်ထားသေးပါတယ်။ အဲဒီအပေါ်မှာတော့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲဖို့တွေ အများကြီး ရှိနေသေးတယ်လို့ မှတ်ယူပါတယ်။

ဒီလို ပြုပြင်ဖို့တွေ အထဲမှာ ၆၆ (ဃ)လို ပုဒ်မတွေကို အတော်များများက ထောက်ပြကြတယ်။ ဒါက လူ အများသိတဲ့ အချက်လို့ မြင်ပါတယ်။ လူအများ မသိတဲ့ အချက်တွေထဲကဆိုရင် စာအုပ်ကြော်ငြာ တချို့ကို အစိုးရပိုင် သတင်းစာတွေက လက်မခံတဲ့ ကိစ္စတွေ ပါဝင်ပါတယ်။

ကျနော်သိတဲ့ ဥပမာ တခုဆိုရင် တိုးမြစ်စာပေက ထုတ်တဲ့ ရန်ကုန်ဟာပြန်လာမယ်ဆိုတဲ့ ကိုခါး ကွမ်းခြံကုန်းရဲ့ စာအုပ်ကြော်ငြာကို ကြော်ငြာဖိုးငွေ လက်ခံပြီးမှ မဖော်ပြခဲ့တာပါ။ (ငွေကို ပြန်အမ်း ခဲ့ပါတယ်) ဒါကြောင့် မြန်မာပြည်ရဲ့ သတင်းစာလွတ်လပ်ခွင့်ကို မြှင့်တင်မယ်ဆိုရင် အစိုးရရဲ့ ဝန်ကြီး ဌာနတွေ ကိုယ်နှိုက်က စတင်ပြောင်းလဲဖို့ လိုမယ်လို့ပဲ မြင်ပါတယ်။

RelatedPosts

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
116
တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

12 January 2026
64
ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

8 January 2026
170

မင်းအောင်ခိုင် (ရခိုင်အခြေစိုက် သတင်းထောက်)

သတင်းစာ လွတ်လပ်ခွင့်ကို ပြောမယ်ဆိုရင် အရင်အတိုင်းပဲလို့ ပြောရမှာပါ။ အထူးသဖြင့် ကျနော်တို့ ရခိုင်ပြည်နယ်မှာ ဘာမှ ထူးခြားပြောင်းလဲမှု မရှိသေးပါဘူး။ အရင်အစိုးရ လက်ထက်နဲ့အတူတူပါ။

ကျနော်တို့ ပြည်နယ် အစိုးရ အဖွဲ့ရဲ့ သတင်းတွေကို ယူတဲ့အခါမှာ လွတ်လပ်မှု တချို့ရှိပါတယ်။ လက်ရှိ အစိုးရက မီဒီယာအခန်းကဏ္ဍကိုတော့ နားလည်ပါတယ်။ ဒါပေမယ့် အစိုးရ အာဏာပိုင်တွေ အနေ နဲ့ သတင်းမီဒီယာတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှု အားနည်းပါတယ်။ သတင်းတွေကို အချိန်နဲ့တပြေးညီ ထုတ်ပြန်တာမျိုး မရှိတဲ့ အပြင် ဖုန်းဆက်မေးရင်လည်း ကိုင်ချင်မှ ကိုင်တယ်။

ပြည်သူတွေ သိသင့်သိထိုက်တဲ့ သတင်းအလက်တွေကို မီဒီယာတွေက တဆင့် ပြောမယ်ဆိုတာ သိပ်ပြီးတော့ အလေးထားတဲ့ပုံမျိုး မရှိပါဘူး။ မေးရင်လည်း နည်းနည်းစီ ဖြေပေမယ့် သိပ်ပြီးတော့ အလေးအနက် မရှိဘူး။ အထက်ကို တင်ပြရဦးမယ် ဆိုတာမျိုးနဲ့ ခေါင်းရှောင် တတ်ကြတာများတယ်။

ကျနော်တို့ ရခိုင်ပြည်နယ်မှာ သိသာထင်ရှားတဲ့ ကဏ္ဍတခုကို ပြောရမယ်ဆိုရင် တရားရုံးတွေက အရင် ထက်ပိုပြီး ဆိုးသွားပါတယ်။ အရင် အစိုးရ လက်ထက်က တရားရုံးတွေမှာ သတင်းယူလို့ ရတယ်၊ ဖုန်းဆက်မေးလို့ ရပါတယ်။ ဒါပေမယ့်၊ အခုကတော့ သတင်းယူလို့ လုံးဝကို မရတော့ပါဘူး။ ဖုန်းနဲ့ လည်း မဖြေတော့ပါဘူး။ ထုတ်ပြန်ချက်တွေလည်း လုံး၀ မရှိတော့ပါဘူး။

ဦးတည်ကြည်အေး (မုံရွာဂေဇက်သတင်းဂျာနယ်၊ အယ်ဒီတာချုပ်) 

နယ်စည်းမခြားသတင်းထောက်များ(RSF)ရဲ့ ကမ္ဘာ့မီဒီယာလွတ်လပ်ခွင့် အညွန်းကိန်းတွေအရတော့ ဒီနှစ်မှာ တက်လာတယ်ပြောရမှာပေါ့၊ နိုင်ငံပေါင်း ၁၈၀ မှာ မြန်မာက အဆင့် ၁၃၁။ ဒါပေမယ့် ဒေသတွင်းမှာကို အင်ဒိုနီးရှားနိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ထက် နိမ့်နေသေးတယ်။ တဖက်ကကြည့်မယ်ဆိုရင်လည်း ပြီးခဲ့တဲ့အစိုးရလက်ထက်ကတည်းက စာပေစိစစ်ရေးဖြေလျော့ပြီး ထုတ်ဝေပြီးမှ တင်ပြရတဲ့စနစ်ကို လုပ်ပေးတယ်။ လွတ်လပ်ခွင့်ပေးတယ်လို့ပြောရမယ်။ ဒါက မူဝါဒအရ မြင်အောင်ပြတာပဲပေါ့။ ခက်တာက လက်တွေ့မှာ အားအရမ်း နည်းနေသေးတယ်။ ပုံနှိပ်မီဒီယာတွေရဲ့ သတင်းဖော်ပြမှုတွေမှာ သတိပေးခံရတာတွေရှိနေဆဲပဲ။ စာနယ်ဇင်းကောင်စီကနေ မညှိနှိုင်းဘဲ သတိပေးတာမျိုး၊ နောက်ပြီး ခင်ဗျားတို့သိတဲ့အတိုင်းပဲ ဆက်သွယ်ရေးဥပဒေ ၆၆ (ဃ)ကလည်း အွန်လိုင်းသတင်း တင်ပြတာ၊ သုံးသပ်တွေမှာ ခြိမ်းခြောက်ခံရဆဲပဲလို့ မြင်တယ်။ ပြောရရင် စာပေလွတ်လပ်ခွင့်ကို ဒီထက်ပိုဖွင့်ပေးရမယ်။ နောက်ပြီး မီဒီယာတွေဘက်ကလည်း တာဝန်ယူတဲ့အပိုင်းမှာ ပိုပြီးအားကောင်းအောင်လုပ်ပေးပြီး အစိုးရအနေနဲ့ အွန်လိုင်းပေါ်က တရားဝင်မဟုတ်တဲ့ မီဒီယာအတုတွေကို ဖော်ထုတ်ရှင်းလင်းနိုင်အောင် ကြိုးစားသင့်တယ်လို့ မြင်ပါတယ်။

မရန်ထွယ်အောင် (Kachinwaves – အယ်ဒီတာ /ထုတ်ဝေသူ)

အစိုးရအဖွဲ့က လူထုနဲ့ ပတ်သက်ပြီး သိသင့်တာတွေကို ကျနော်တို့ မေးမြန်းတဲ့အခါမှာ ဘယ်တော့မှ မရပါဘူး။ မအားသေးတာနဲ့ အစည်းအဝေးရှိတာနဲ့ အကြောင်းပြချက်ပဲ ပြန်ရပါတယ်။ အခု NLD ပြည်နယ် အစိုးရ တနှစ်ပြည့်ပြီမို့ ဘာတွေလုပ်နေလဲ ။ ဘာတွေပြုပြင်ပြောင်းလဲမှု ဖြစ်သလဲ မေးဖို့အတွက်လည်း မဖြေ ပါဘူး။ ကျနော်တို့က ဘာမှမလုပ်ဘူး ရေးတော့မှ ငါတို့ ဘာတွေလုပ်နေတယ်ဆိုတာမျိုး လာချပြမယ့် ပုံမျိုး ဖြစ်နေတယ်။

ပြည်နယ်အစိုးရအဖွဲ့ဝင်တွေကတော့ သူတို့နဲ့ သိပ်မပတ်သက်တဲ့ ကိစ္စတွေဆိုရင်တော့ ဖြေတယ်။ အရေးကြီးတဲ့ ကိစ္စတွေ ရှိပြီဆိုရင်တော့ မဖြေတော့ဘူး။

မြစ်ကြီးနားမြို့မဟုတ်ပဲ ကချင်ပြည်နယ်ထဲက အခြားမြို့တွေကို သွားလာရတာ အခက်အခဲ မရှိပေမယ့် ဖုန်းလိုင်း မမိတဲ့ နေရာတို့၊ အစိုးရ ထိန်းချုပ်ထားတဲ့ နယ်မြေမဟုတ်တဲ့ ဒါမှမဟုတ် တရားဥပဒေစိုးမိုးမှု သိပ်မရှိတဲ့ ဒေသတွေဆိုရင် ကျနော်တို့က သတင်းထောက်ပါ ဆိုတာမျိုး ပေါ်ပေါ်ထင်ထင် သတင်းရယူဖို့ ခက်ပါတယ်။ အဲဒီလိုလည်း မသွားရဲပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ပြည်နယ်မှာ အခြေစိုက်တဲ့ သတင်းထောက် တွေက ရန်ကုန်မြို့မှာလို အခြေစိုက်တဲ့ သတင်းထောက်တွေနဲ့ မတူပါဘူး။ ကိုယ်ဖြစ်ရင် ကိုယ်ခံရပါမယ်။ ကာကွယ်ပေးမယ့်သူ မရှိပါဘူး။

နောက်ပြီး သတင်းရယူခွင့်နဲ့ ပတ်သက်ပြီး ပြည်နယ်က ပြောရေးဆိုခွင့် ရှိသူတွေ သတင်းရင်းမြစ်တွေက သတင်းဌာနအကြီး၊ အသေး ပေါ်မှာ ခွဲခြားပြီးတော့ ဖြေကြတာလည်း ရှိပါတယ်။ သတင်းဌာန သေးတယ် ပြည်နယ်အခြေစိုက်ဆိုရင် သတင်းရဖို့ ခက်ခဲတာတွေ ကြုံရပါတယ်။ တချို့က ရန်ကုန်က လာတဲ့ သတင်းထောက် ၊ နာမည်ကြီးတဲ့ သတင်းဌာနတွေဆိုရင်တော့ အရမ်းဖြေချင်ကြပါတယ်။

အဲဒီအပြင် ကျနော်တို့ ပြည်နယ်အခြေစိုက်သတင်းဌာနတွေ၊ သတင်းထောက်တွေတင် မဟုတ်ပဲ သတင်း ဌာနကြီး တွေက ခန့်ထားတဲ့ နယ်အခြေစိုက်သတင်းထောက်တွေဆိုရင်လည်း ကျနော်တို့လို ကြုံရတာတွေ ရှိပါတယ်။ တိုက်တတိုက်တည်း အတူတူတောင် ခွဲခြားဆက်ဆံခံရမှုတွေ ရှိပါတယ်။ ဒါကြောင့် နယ်မှာ သတင်းထောက်ကို ဝါသနာပါကြပေမယ့် ကြာကြာရပ်တည်ဖို့ ဆိုတာကလည်း ခက်ခဲပါတယ်။ ပြီးတော့ ရန်ကုန်က ဒါမှမဟုတ် အခြားက လာတဲ့ သတင်းထောက်တွေက မေးပြီးရင် ပြန်သွားကြတယ်ဆိုတော့ သတင်းရယူတဲ့ နေရာမှာ အခက်အခဲတွေ မကြုံရပေမယ့် နယ်မှာ အခြေစိုက်တဲ့ သတင်းထောက်တွေက တော့ တခုခုဆို ဒီမှာပဲ ရှိနေတဲ့ အတွက် တခုခု ကိုယ်ဖြစ်ရင်တော့ ကိုယ်ခံရမှာပေါ့။ မတူပါဘူး။ ဒါတွေက နယ်အခြေစိုက် သတင်းထောက်တွေအတွက် စိန်ခေါ်မှုပါ။

အစိုးရကို ကျနော်ပြောချင်တာကတော့ မီဒီယာကို ဖြေပေးပါ။ ကျနော်တို့ ပြည်နယ်အခြေစိုက် သတင်းဌာန တွေ သတင်းထောက်တွေက ပြည်နယ်က ပြည်သူတွေ သတင်းသိရဖို့ ဆောင်ရွက်ပေးနေတဲ့ သူတွေပါ။ ကျနော်တို့ကို အစိုးရ ဘာတွေ လုပ်နေလဲ ။ ပြည်သူလူထုနဲ့ ပတ်သက်တာတွေ ဘာတွေ ဆောင်ရွက် နေလဲ ဆိုတာအပြင် ပဋိပက္ခ ကိစ္စရပ်တွေ၊ စစ်ပွဲအကြောင်းတွေ၊ ဒုက္ခသည်အကြောင်းတွေ မေးတဲ့ အခါမှာလည်း ဖြေပေးစေလိုပါတယ်။ အခုထိ ကျနော်တို့ ဝန်ကြီးချုပ်နဲ့ အင်တာဗျူး မရပါဘူး။
နောက်ပြီး ပြောရေးဆိုခွင့် ရှိသူတွေဆိုရင်လည်း ဘယ်တော့မှ မေးမြန်းလို့ မရပါဘူး။ တချို့ဆိုရင် လူကိုတောင် မမြင်ဖူးပါဘူး။ သူတို့တွေကို ပွဲတွေ၊ အခမ်းအနားတွေ၊ မင်္ဂလာပွဲတွေမှာ သွားရှာမှ တွေ့နိုင်ပါတယ်။ သတင်းမီဒီယာကို တွေ့ပြီး သီးသီးသန့်သန့် ပြောတာမျိုး မရှိပါဘူး။ ကျနော်ကတော့ အစိုးရအနေနဲ့ ပြည်သူတွေ သတင်းအချက်အလက် သိရဖို့ မီဒီယာကို ဖြေပေးပါလို့ ပြောချင်ပါတယ်။

မြဝန်းရံ (ရှမ်းပြည်နယ်တောင်ပိုင်း သတင်းမီဒီယာကွန်ရက် – အတွင်းရေးမှူး)

စာနယ်ဇင်းလွတ်လပ်ခွင့်ကို စာနယ်ဇင်းကျင့်ဝတ်နဲ့အညီ အသုံးပြုနိုင်ဖို့ လိုပါတယ်။ မြန်မာ့စာနယ်ဇင်းလွတ်လပ်ခွင့်က အခု အခြေအနေမှာ ဘာနဲ့တူနေလဲဆိုတော့ ရွှေရည်စိမ် လွတ်လပ်ခွင့်ဖြစ်နေတယ်။ အပြင်ပန်းကကြည့်ရင် တကယ်လွတ်လပ် ခွင့် ရလာသလိုပဲ။ တကယ်တမ်းက စာနယ်ဇင်းသမားတွေအနေနဲ့ တကယ်ပြည်သူကို ပေးသင့်ပေးရမယ့် သတင်းအချက် အလက်တွေ ရဖို့ဆိုရင်တော့ အဲဒီအချိန်မှာ အတွင်းက ကြေးရည်က ပေါ်လာတာပါပဲ။ မဏ္ဍိုင် ၄ ရပ် တွေ့ဆုံတယ်။ ညှိနှိုင်း တယ်။ သဘောတူညီချက်တွေထွက်လာတယ်။ ဒါပေမယ့် အသက်မဝင်ပါဘူး။

နောက်ပြီး သတင်းတခုဖြစ်လာရင် ဆက်သွယ်ရတာခက်သလို တာဝန်ယူဖြေပေးမယ့်သူလည်း မရှိဘူး။ ဒီတော့ မြန်မာ့ စာနယ်ဇင်းလောကက သတင်းတွေကိုကြည့်ရင် အပေါ်ယံအချက်အလက်လောက်ပဲ ဖော်ပြနိုင်တာတွေ့ရတယ်။ ဒါဟာ စာနယ်ဇင်းလွတ်လပ်ခွင့် အနေအထားကို ဖော်ပြနေတာပါပဲ။

စာနယ်ဇင်းလွတ်လပ်ခွင့်ရဖို့ စာနယ်ဇင်းသမားတွေအားလုံး ညီညွတ်ဖို့လိုတယ်။ မီဒီယာဥပဒေပြင်ဆင်ဖို့လည်း ဝိုင်းပြီး တွန်းအားပေးကြဖို့ လိုပါတယ်။

မြစ်မခ သတင်းအေဂျင်စီ အယ်ဒီတာချုပ် ဦးထွန်းနေအောင်

စာနယ်ဇင်းလွတ်လပ်ခွင့် တခုတည်းတော့ မဟုတ်ဘူးပေါ့။ လူတိုင်းကတော့ လွတ်လပ်တာကို လိုချင်ကြတာချည်းပဲ။ အစ်ကိုတို့က မီဒီယာသမားဖြစ်တဲ့အတွက် စာနယ်ဇင်းလွတ်လပ်ခွင့်ကို ပိုပြီးမျှော်မှန်းပြီး လွတ်လပ်စွာ ရေးသားခွင့်ပိုဖြစ်ချင်တယ်ပေါ့။

မီဒီယာသမားတွေကလည်း လွတ်လပ်စွာရေးသားခွင့်ကို တလွဲ ဆံပင်ကောင်း မလုပ်ဘဲ မှန်မှန်ကန်ကန်မျှမျှတတ လုပ်သင့်တယ်လို့ထင်ပါတယ်။

အခုထိတော့ အစိုးရအနေနဲ့က လွတ်လပ်စွာထုတ်ဖော်ရေးသားခွင့်ကို လုပ်နေတာမတွေ့ရသေးဘူး
ဖေ့စ်ဘွတ်မှာတောင် စာရေးရင် ကြည့်ရေးရတဲ့အခြေနေဆိုတော့လေ။ အားလုံးက ကျင့်ဝတ်ကိုယ်စီ လိုက်နာကျဖို့ကလည်းအရေးကြီးပါတယ်

Your Thoughts …
Tags: မီဒီယာ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရုရှားရုပ်သံက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ “မိုးလုံးပြည့် မုသာဝါဒ”

ရုရှားရုပ်သံက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ “မိုးလုံးပြည့် မုသာဝါဒ”

by မောင်ကဝိ
30 March 2024
8.1k

အဲဒီ တွေ့ဆုံမေးမြန်းမှုဟာ ရုရှားသရော်စာလားလို့သာ မေးရပါမယ်။ အဖြေကတော့ စစ်ကောင်စီထိန်းချုပ် မီဒီယာက ထုတ်ဝေတဲ့ တွေ့ဆုံမေးမြန်းမှု စာသားတွေထဲမှာပဲ ရှိနေပါတယ်။

စစ်ကောင်စီကို စိတ်ဒုက္ခပေးသည့် အစီရင်ခံစာများ

စစ်ကောင်စီကို စိတ်ဒုက္ခပေးသည့် အစီရင်ခံစာများ

by David Scott Mathieson
10 August 2023
6.6k

မြန်မာစစ်တပ်သည် နိုင်ငံတကာ တရားစီရင်မှုထက် မြန်မာပြည်သူများကို ပိုမိုကြောက်လန့်သည်။

စီအိုင်အေ ဘာလုပ်နေလဲ စစ်ထောက်လှမ်းရေးဟောင်းများအား တရုတ် စူးစမ်း

စီအိုင်အေ ဘာလုပ်နေလဲ စစ်ထောက်လှမ်းရေးဟောင်းများအား တရုတ် စူးစမ်း

by မောင်ကဝိ
15 November 2024
6.1k

"အမေရိကန်က လုပ်နေနိုင်တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး တရုတ်က စိုးရိမ်တယ်။ CIA နဲ့ ထိုင်ဝမ် သူလျှိုတွေနဲ့ပတ်သက်ပြီး တရုတ်က သိချင်တယ်"

လုံးဝ လွဲခဲ့သော တရုတ် ဂလိုဘယ်တိုင်းမ် အယ်ဒီတာ့အာဘော်

လုံးဝ လွဲခဲ့သော တရုတ် ဂလိုဘယ်တိုင်းမ် အယ်ဒီတာ့အာဘော်

by ဝတ်ရည်ခိုင်မာ
19 September 2023
5.7k

ဂလိုဘယ်တိုင်းမ် အယ်ဒီတာက မြန်မာလူထု လိုလားသည့် ဖက်ဒရယ်နှင့် ပါတီစုံဒီမိုကရေစီ ဆိုသည်မှာ မြန်မာနှင့် မကိုက်ညီသည့် အနောက်တိုင်းပုံစံဟု ကောက်ချက်ချထားသည်။

စစ်ကောင်စီက ဂမ်ဘီယာကို လိင်ခရီးသွားလုပ်ငန်း အချက်အချာအဖြစ် အသရေဖျက်

စစ်ကောင်စီက ဂမ်ဘီယာကို လိင်ခရီးသွားလုပ်ငန်း အချက်အချာအဖြစ် အသရေဖျက်

by ဧရာဝတီ
14 November 2023
5.4k

ဦးသိန်းစိန် အစိုးရတွင် ပညာရေးအကြံပေး လုပ်ခဲ့သည့် ရှမ်း-မွန် တိုင်းရင်းသူ ဒေါ်ရင်ရင်နွယ်က ဂမ်ဘီယာနိုင်ငံကို ထိုထက်ပင် ပိုမိုစော်ကားသည်။

စစ်ကောင်စီ၏ လူမှုကွန်ရက် MySpace MM

စစ်ကောင်စီ၏ လူမှုကွန်ရက် MySpace MM

by Joaquin Camarena
7 June 2024
3.3k

MySpace.mm ကို ဖန်တီးခြင်းသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ရန်နှင့် နိုင်ငံသားများအကြား သတင်းမျှဝေခြင်းကို ရပ်တန့်စေရန် စစ်ကောင်စီ၏ လှုပ်ရှားမှု တစိတ်တပိုင်းဖြစ်သည်။

Next Post
အရင်လိုအခေါက်မျိုး ဖြစ်ချင်တယ်

အရင်လိုအခေါက်မျိုး ဖြစ်ချင်တယ်

၂၀၁၄ ခုနှစ် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရာ အင်းစိန်အကျဉ်းထောင်ရှေ့တွင် လာရောက်စောင့်ကြိုနေသူတဦး  / Reuters

နိုင်ငံရေးအကျဉ်းသား ပြဿနာ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved