“သယံဇာတနဲ့ ပတ်သက်ရင် ဌာနေတိုင်းရင်းသားတွေ အတွက် စဉ်းစားပေးပါ”

နန်းလွင်နှင်းပွင့်
တနိုင်းမြို့ စစ်ဘေးရှောင် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးနော်တောင် / နန်းလွင်နှင်းပွင့် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

တနိုင်းမြို့နယ်တွင်း ပယင်းနှင့် ရွှေမှော် လုပ်ကွက်များကို ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ထံမှ တပ်မတော် က သိမ်းယူပြီး ဖြစ်သော်လည်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ပြေးခဲ့ရသည့် ဌာနေတိုင်းရင်းသား ၄၀၀၀ ကျော် ယနေ့ အထိ နေရပ်မပြန်နိုင်သေးဘဲ တနိုင်းနှင့် မြစ်ကြီးနား မြို့ရှိ ခရစ်ယာန် ဘုရားကျောင်းများတွင် စစ်ဘေးရှောင် ဒုက္ခသည် များ အဖြစ် ခိုလှုံနေရဆဲ ဖြစ်သည်။

မှော်လုပ်ကွက်များရှိရာ အနီးရှိ နမ်ဗျူနမ်ခမ်၊ အင်ဂါဂါး၊ အောင်လော့ဒ်၊ တုံမဏီ၊ ထန်ပလား အစရှိသည့် ရွာများသည် မှော်လုပ်ကွက်များ မရှိခင် ဘိုးစဉ်ဘောင်ဆက် နေထိုင်လာသည့် ရွာများဖြစ်ပြီး အစိုးရအသိအမှတ်ပြုလည်း ဖြစ်သည်။

၂၀၁၁ ခုနှစ်နောက်ပိုင်း နမ်ဗျူရွာနားတွင် အခြေစိုက်ထားသည့် KIA တပ်ရင်း ၁၄ က အခကြေးငွေကောက်ခံ၍ ပယင်း နှင့် ရွှေမှော်များ ဖွင့်သဖြင့် အနယ်နယ်အရပ်ရပ်မှ လူ သောင်းချီ အလုပ်လာလုပ်ကြခြင်း ဖြစ်သည်။

နိုင်ငံတော်ဘဏ္ဍာငွေ ဆုံးရှုံးပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးသည်ဟုဆိုကာ ၂၀၁၇ ခုနှစ်တွင် KIA ကို ဝင်ရောက် တိုက်ခိုက်ပြီး တပ်မတော်က ထိန်းချုပ်လိုက်သည်။

လက်ရှိတွင် ကချင်ပြည်နယ် သတ္တုတွင်း ဦးစီးဌာနက ပြည်နယ်အစိုးရ၏ လုပ်ပိုင်ခွင့်အရ တနိုင်းမြို့နယ်တွင်း ပယင်း လက်လုပ်လက်စား လုပ်ကွက်များ တရားဝင်ချပေးရန် ဆောင်ရွက်နေသည်။ သို့သော် ဒေသခံများ ယနေ့အထိ အိမ် ပြန်နိုင်ခြင်း မရှိသေးပါ။

ထိုအခြေအနေများနှင့် ပတ်သက်၍ တနိုင်းမြို့ စစ်ရှောင် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီ၏ ပြောရေး ဆိုခွင့် ရှိသူ ဦးနော်တောင်ကို ဧရာဝတီ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က တွေ့ဆုံမေးမြန်း ထားပါသည်။

မေး။ ။ ပယင်းမှော်ကြောင့် ပြေးခဲ့ရတဲ့ ရွာက စုစုပေါင်း ဘယ်လောက် ရှိပါသလဲ။

ဖြေ။ ။ အင်ဂါဂါး၊ နမ်ဗျူ၊ နမ်ခမ်၊ နမ့်ဂွမ်း၊ ဝေလော်၊ ထန်ပလား၊ တုံမဏီ၊ အောင်လွတ်၊ ဆွတ်ရိန်၊ ဆွတ်ရာ၊ ဆရာ ကထောင့် ရှိမယ်။ ဆရာကထောင့်ဆိုတာကတော့ အစိုးရမှာ အမည်ပေါက်တဲ့ ရွာနာမည်၊ သူကတော့ အောင်လွတ်နဲ့ အတူတူပဲ။ အဲဒီမှာ အထက်ပိုင်းမှာ ကျတယ်။ အောင်လွတ်ကတော့ ရွာက ကြီးတယ်။ ဆရာကထောင့်ကတော့ ရပ်ကွက်လိုမျိုးပေါ့။ မြေပုံမှာဆိုရင် ရှိပါတယ်။

အားလုံးပြေးရတဲ့ လူဦးရေက ၄ ထောင်ကျော်၊ ၅ ထောင် ရှိပါတယ်။ ဒါတောင် အောင်လွတ်က လူတွေက မြစ်ကြီးနား ဘက်မှာ ခိုလှုံနေတာရှိတယ်။ ဒီမှာတနိုင်းမှာလည်း အများကြီး ရှိနေတယ်။ အောင်လွတ်ဘက် တခုတည်းကတောင် ၂၀၀၀ ကျော် ရှိပါတယ်။ နမ်ဗျူ၊နမ်ခမ်၊ အင်ဂါဂါး အားလုံး ပေါင်းလိုက်ရင် ရှိပါတယ်။ ဆွေမျိုးအိမ်မှာ ရှိတာတွေလည်း ရှိတယ်။ ဆွေမျိုးအိမ်မှာ နေတဲ့ သူတွေကျတော့ စာရင်းက မရဘူး။ အများကြီးရှိနေတယ်။ အားလုံးပေါင်းရင်တောင် တနိုင်းမှာပဲ ၃၀၀၀ လောက် ရှိနေတယ်။

မေး။ ။ တနိုင်းက ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး တပ်မတော် ပြောရေးဆိုခွင့်ရှိသူတွေကို မေးမြန်းတဲ့အခါမှာ ဒီဒုက္ခသည် တွေက ပြန်လို့ရပြီ။ မပြန်ကြတာ ဆိုတာမျိုး ပြောတယ်။ တချို့လူတွေက တမင်သက်သက်ကို ရှောင်ခိုင်းထားတယ် ဆိုတာမျိုး ပြောတာတွေရှိနေတယ်။ ဒီတော့လက်တွေ့ မြေပြင်အခြေအနေက ဘယ်လို ရှိနေပါသလဲ ဆိုတာ ပြောပြပါဦး။

ဖြေ။ ။ တပ်က IDPs (စစ်ဘေးရှောင်) တွေနဲ့ ညှိနှိုင်းပြီးမှ ဆွေးနွေးပြီးမှ ပြောတာ မဟုတ်ပါဘူး။ ပြန်လို့ရပြီ ဆိုပြီး တနိုင်း မြို့မှာ၊ စစ်ဘေးရှောင်စခန်းမှာ တရားဝင် လာပြောတာ မရှိပါဘူး။ မြို့ပေါ်မှာ ကားနဲ့လိုက်ပြီး ကြေညာ တာ တော့ တရားဝင် ပြောတာတော့ ရှိတယ်။ စခန်းမှာ လူထုနဲ့တွေ့ပြီး ကျနော်တို့ တာဝန်ယူပါ့မယ်။ ဘယ်လမ်းနဲ့ ပြန် ရအောင်၊ ဘယ်လို စီစဉ်ထားတယ်ဆိုတာ၊ လုံခြုံရေးက ဒီလိုဆိုတာ၊ လမ်းပန်းဆက်သွယ်ရေးက ဒီလိုဆိုပြီး စစ်ဘေးရှောင် ကာယကံရှင်တွေကို ဘယ်ရက်မှာ ပြန်ရအောင် ဘာတွေစီစဉ်ထားတယ်ဆိုတာ၊ မိုင်းကအစ မိုင်းတွေကို ဘယ်လို ရှင်းပေး မယ်။ တရားဝင် ပြောတာ မရှိပါဘူး။

ဒါပေမယ့် ကျနော်တို့ စခန်းမှာ တာဝန်ယူတဲ့ ကော်မတီအဖွဲ့ဝင်တွေက သွားပြီး ဆွေးနွေးတာတော့ ရှိတယ်။ ပထမ ဆွေးနွေးတာကတော့ ၂၀၁၇ ဇွန်လ တိုက်ပွဲဖြစ်တော့ ပိတ်မိနေတဲ့လူတွေ တနိုင်းမြို့ကို ပြောင်းရွှေ့ချင်တဲ့ လူတွေကို ကျနော်တို့က ခေါ်ယူချင်တယ်ဆိုပြီး သွားရောက် ညှိနှိုင်းတာ ရှိပါတယ်။ သူတို့ကို ဘယ်မှာထားမယ်ဆိုတာ ညှိနှိုင်းတာ တွေရှိတယ်။ သူတို့ကတော့ ခဏတဖြုတ်ပဲ တိုက်ပွဲဖြစ်ပြီး ပြန်နိုင်မယ်လို့ မျှော်လင့်ခဲ့တယ်။ နောက်တော့ ပြန်ဖို့ မပြောနဲ့ ကိုယ့်အိမ်သွား ကြည့်ဖို့တောင် လမ်းကခွင့်ပြုချက် မရဘူး။ လောလောဆယ် အဆင်မပြေဘူး။ ဒါတွေက ရှိပါတယ်။

အောင်လွတ်ကိုလည်း ပြန်ဖို့ ကြေညာတာက အောင်လွတ် တိုက်ပွဲဖြစ်တုန်းကပဲ ကြေညာတာပါ။ နမ်ဗျူ၊ နမ်ခံ၊ အင်ဂါ ဂါး ဖြစ်တုန်းကတော့ ပြန်နိုင်ပြီလို့ တခေါက်မှ မပြောပါဘူး။ ဒီဘက်မှာ ပြောတာက တမျိုးပါ။ ၂၀၁၇ ခုနှစ် ဖြစ်တုန်းက ဒီလူတွေဟာ ကိုယ့်အိမ်ကိုယ့်မြို့ရှိတယ်။ အားလုံး ရွှေ့ပြောင်းလုပ်သားတွေ ကိုယ့်နေရာကိုယ် ပြန်ပါဆိုပြီး ပြောတယ်။ တနိုင်းမြို့မှာပဲ နေမယ်ဆိုလည်း ဆွေမျိုးအိမ်တွေမှာ အစုအဖွဲ့နဲ့ မနေဘဲ ခွဲပြီးနေကြဖို့သာ အစိုးရက ပြောပါတယ်။

ဒီကလူတွေက ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်တယ်။ ဒေသခံတွေ မဟုတ်ဘူး။ ကိုယ့်မြို့ ကိုယ့်ရွာကို ပြန်ခိုင်းလိုက် ပါဆိုပြီး ပြောတာရှိပါတယ်။ ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်မှာ အစိုးရဘက်က ပြောတဲ့အသံပါ။ ဒီကလူတွေက ဒေသခံ ဖြစ် တယ်။ တခြားနေရာ သွားမယ့်နေရာမရှိဘူး။ ကျနော်တို့ ကျမတို့ နေတဲ့နေရာကိုပဲ ပြန်ချင်တယ်။ ကျနော်တို့ ပြန်ခွင့် ရ တဲ့အထိ တနိုင်းမြို့မှာပဲနေပြီး ဘုရားကျောင်းမှာပဲ ခိုလှုံပြီး စောင့်မယ်ဆိုတာက စစ်ဘေးရှောင်တွေရဲ့ ဆုံးဖြတ်ချက်ပါ။

အစိုးရနဲ့ စစ်ရှောင်တွေကြားမှာ ငြင်းခုန်မှုတွေ ဖြစ်လာတာက ဒီလူတွေက ရွှေ့ပြောင်း အလုပ်သမားတွေ ဖြစ်တယ်။ ဒီမှာ မနေကြနဲ့။ စခန်းပုံစံ မလုပ်ကြနဲ့ဆိုပြီး ပြောတယ်။ ဒီလူတွေက ပြန်မယ့်နေရာ မရှိဘူး။ ဒီဒေသခံဖြစ်တယ်။ ဒီမှာပဲ နေမယ်။ နေခွင့်ပြုပါဆိုပြီး တပတ်လောက် ညှိနှိုင်းရတာတွေ ရှိပါတယ်။ ကာယကံရှင်တွေကလည်း သွားမယ့် နေရာ မရှိတဲ့ အတွက် ဒီမှာပဲ နေမယ်လို့ ပြောတော့ ကျနော်တို့က အစိုးရကို ညှိနှိုင်းပေးတယ်။

ပြန်ချင်တယ်။ သူတို့ရွာကို ပြန်ချင်တယ်။ တနေ့နေ့မှာ ကိုယ့်ရွာကိုယ် ကိုယ့်အိမ်ကိုယ် ပြန်ဖို့ မျှော်လင့်နေတယ်။ မပြန် နိုင် သေးတဲ့အချိန်မှာ ဘုရားကျောင်းတွေမှာပဲ မှီခိုနေဖို့ မေတ္တာရပ်ခံတယ် ဆိုတော့၊ အစိုးရက နည်းနည်းတော့ စဉ်းစား ပေးပါဦးလို့ မေတ္တာ ရပ်ခံရတာ ရှိပါတယ်။ အစိုးရဘက်က လုံခြုံရေးနဲ့ ပြင်စရာရှိတာ ပြင်ပေးပါလို့ ကျနော်တို့ကလည်း ရွာသားတွေ နေရပ် မပြန်နိုင်သေးခင်အထိ ပြုစုစောင့်ရှောက်ထားပါ့မယ် ဆိုပြီး ညှိနှိုင်းထားရတာတွေ ရှိပါတယ်။

မေး။ ။ မြေပြင်အခြေအနေက ဒီလိုဖြစ်နေပေမယ့် တပ်မတော်ဘက်က ပြောရေးဆိုခွင့်ရှိသူတွေက ပြန်လို့ရတယ်၊ တမင် မပြန်ကြတာလို့ပဲ ဖြေနေတယ်။ နောက် အောင်လော့ဒ်တိုက်ပွဲ ဖြစ်တုန်းကလည်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် က ပြောတာ ရွာသားတွေက ပြန်ချင်တယ်။ ဘာသာရေး ဆရာတွေနဲ့တွေ့ရင် မပြန်တော့ဘူးဆိုပြီး ပြောတာမျိုးပေါ့။ ဒီအပေါ်ရော ဆရာက ဘာများ ပြောချင်ပါသလဲ။

ဖြေ။ ။ ဒါကအစိုးရအနေနဲ့ စစ်ရှောင်တွေအပေါ်မှာ တာဝန်မယူချင်တဲ့ အပိုင်းပဲ ဖြစ်လိမ့်မယ်လို့ ကျနော်မြင်တယ်။ ဘယ်သူမဆို ကိုယ့်အိမ်ကိုယ် မပြန်ချင်တဲ့ သူကတော့ မရှိနိုင်ဘူး။ အမြဲတမ်းလည်း လူကြီးတွေ ဒီမှာရောက်ရင် ကိုယ်တိုင်ကိုယ်ကျ မျက်ရည်နဲ့ ထပြီး တင်ပြတာတွေရှိတယ်။ ဝန်ကြီးချုပ် လာရင်လည်း တင်ပြတယ်။ အခြားသော ဝန်ကြီးတွေ လာရင်လည်း တင်ပြတယ်။ ကျနော်တို့ ကိုယ့်ရွာကိုယ် ပြန်ချင်ပါတယ်လို့ ရွာသားတွေကတော့ အမြဲတမ်း တင်ပြနေဆဲပဲ။ ဒါကတော့ စစ်ရှောင်တွေကို စွပ်စွဲတဲ့ ပုံစံ၊ တဖက်သတ် စွပ်စွဲတဲ့ ပုံစံဖြစ်တာပေါ့။

တရားဝင် ဘယ်နေ့ပြန်ရအောင်၊ ဘယ်လို ပြင်ဆင်ထားတယ်၊ ဘယ်အဖွဲ့က တာဝန်ယူတယ်ဆိုတာ၊ ဥပမာ တပ်က တာဝန်ယူမလား။ အစိုးရက တာဝန်မယူလား။ NGOs က တာဝန်ယူမလား။ စသဖြင့် နိုင်ငံတကာအဖွဲ့က တာဝန်ယူ မလား။ ဘယ်သူတွေက တာဝန်ယူပြီး ရွာကို ပို့ရအောင်ဆိုတဲ့ အစီအစဉ် ဒီမှာမရှိပါဘူး။ မရှိဘဲ ပါးစပ်နဲ့ ပြီးစလွယ် အပြစ်တင်တဲ့ ပုံစံမျိုးပဲ မြင်ပါတယ်။ ကျနော်တို့က ဒီမှာ အစအဆုံး ရှိနေပါတယ်။

မေး။ ။ တိုက်ပွဲဖြစ်တုန်းကလည်း တပ်မတော်ကပဲ ပြင်ပကို ထွက်ပေးဖို့ စာကျဲပြီး နှင်တယ်။ ဌာနေ တိုင်းရင်းသားတွေ က ထွက်ရှောင်နေရပြီး အခု စစ်ဘေးရှောင် ဒုက္ခသည်ဖြစ်နေတဲ့ ၂နှစ်ကျော်ကာလမှာ အစိုးရနဲ့ တပ်မတော်ဘက်က တာဝန်ယူမှု တာဝန်ခံမှုကရော ဘာတွေရှိပါသလဲ။

ဖြေ။ ။ အဲဒါကို ပြောနေတာပါ။ သူတို့က စာနဲ့တရားဝင် ဖြန့်ပြီး ၁၅ ရက်အတွင်း အပြီးထွက်ပါ ပြောတယ်။ အစိုးရက တရားဝင်ကြေညာလို့ ကျနော်တို့လူတွေက ကြောက်ပြီး ထွက်လာကြတယ်။ တကယ်လည်း သေနတ်သံက ကြားနေ ပြီ။ ထွက်လာတဲ့လူတွေကို လမ်းပေါ်မှာ ဒုက္ခရောက်နေတာကို သွားကယ်ဖို့ ကျနော်တို့ ကြိုးစားတဲ့အချိန်မှာ ခွင့်ပြုမိန့် တွေ တော်တော်လေး ယူရတာ ရှိပါတယ်။ သူတို့ ထွက်လာတဲ့အချိန်မှာ အပေါက်ဝဆို ဒီကနေ စက်လှေနဲ့ ၂နာရီ မောင်းရင် အလွန်ဆုံး ၂နာရီဆို ရောက်ပါတယ်။ ဒီကနေ မသွားခိုင်းဘဲ ဆင်းပြီး တနိုင်းမြို့ထဲ လာမယ့်သူတွေကို တနိုင်း မြို့နယ်ထဲ မတက်ခိုင်းဘဲ ရှင်ဗွေယန် မြို့နယ်ခွဲဖြစ်တဲ့ ဟိုးဒိုင်ဖာမှာ အဝေးကြီးကို ပြန်ဆင်းခိုင်းတယ်။

ဒိုင်ဖာကနေ ထွက်လာရတယ်။ တဝမ်ချောင်းကနေ တက်ပြီး တံတားထိပ်မှာ ခရီးက တထောက်ပြီး တထောက်၊ သူ့ ဘာသာ ရုန်းပြီး ထွက်လာရတာ။ သူတို့ အစိုးရက ကော်မတီတော့ ဖွဲ့ထားတယ်။ ကော်မတီဖွဲ့ပေမယ့် လုံခြုံရေးအရ အထဲကို ဝင်မရဘူး။ လမ်းမပေါ်မှာပဲ ကူညီမယ်ဆိုပြီး လီဒိုလမ်းမပေါ် ရောက်တဲ့လူကိုတော့ ကားကြီးတွေနဲ့ ခေါ်ပြီး ပို့ပေးစရာ ရှိတာ ပို့ပေးမယ်။ မစောင့်နိုင်တဲ့ လူကျတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားရတယ်။ တာဝန်ယူမှုကတော့ လက်တွေ့မှာ အင်မတန်မှ နည်းနေတာ တွေ့ရတယ်။ ကျနော်တို့ အမြင်မှာတော့ တာဝန်ယူတဲ့နေရာမှာ ရှင်းရှင်း လင်းလင်း မရှိဘူး။ အားနည်းနေတယ်လို့ မြင်ပါတယ်။

မေး။ ။ အခြားဒေသတွေမှာ တိုက်ပွဲဖြစ်တာက နှစ်ဖက်တပ်တွေ နိုင်ငံရေးအရ မပြေလည်လို့ပေါ့နော်။ တနိုင်းမှာ ကျတော့ နိုင်ငံရေးအရအပြင် သယံဇာတနယ်မြေကို တိုက်ခိုက်ယူတဲ့ ကိစ္စတွေ ပါလာတော့ တကယ်လို့ ပြန်လည် နေရာချထားရေး လုပ်ရင်ရော ဒီမှာရော လွယ်ကူနိုင်ပါ့မလား။ အခုလည်း ပြည်နယ်အစိုးရက ပယင်း လက်လုပ် လက် စား လုပ်ကွက်တွေ ချပေးဖို့ လုပ်နေတယ်။ ဘာပြောချင်ပါသလဲ။

ဖြေ။ ။ တိုက်ပွဲဖြစ်တဲ့ ခေါင်းစဉ်ကတော့ တရားမဝင် မှော်ဖွင့်တဲ့အတွက် ပတ်ဝန်းကျင်နဲ့ ဂေဟစနစ် ပျက်စီးတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ရှင်းလင်းတာ။ ရှင်းလင်းတာ ပြီးပြီဆိုတော့ ဒေသခံဖြစ်တဲ့ ဒီလူတွေကို သူတို့ရွာကိုသူတို့ ပြန်ခိုင်းမယ် ဆိုရင် တော့ လုပ်ရင်တော့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးကလည်း အရေးကြီးပါတယ်။ ငြိမ်းချမ်းရေး မရှိရင် တိုက်ပွဲ က ဘယ်အချိန် ဖြစ်လာမလဲဆိုတာ အတိအကျ မပြောနိုင်ဘူးလေ။

KIA လက်နက်ကိုင် အဖွဲ့အစည်းလည်း ရှိနေတယ်ဆိုတော့ အဲဒီ မြို့၊ ရွာနားမှာ မရှိရင်တောင် တနေရာရာမှာတော့ သူတို့ ရှိနေမှာလေ။ နိုင်ငံရေးဆွေးနွေးတဲ့ နေရာမှာ အပစ်အခတ်ရပ်စဲရေး တွေအတွက် အပြီးသတ် ဆွေးနွေးပြီးမှ နှစ်ဖက် သဘောတူညီပြီးမှ KIA ဘက်ကလည်း စစ်ရှောင်တွေနဲ့ ပတ်သက်ပြီး တာဝန်ယူမယ်ဆိုတဲ့ ကတိ၊ တိုက်ပွဲနဲ့ ပတ်သက်တာတွေ မလုပ်ဖို့ လက်မှတ်ထိုးတာရှိမယ်။ တပ်မတော် ဘက်ကရော အစိုးရကရော အားလုံးက သဘော တူညီပြီး လုပ်မယ်ဆိုရင်တော့ စစ်ဘေးရှောင်တွေ ပြန်လည် နေရာချထားရေးက ဖြစ်နိုင်တယ်လို့ ထင်ပါတယ်။ ဒါမှ မဟုတ် အခုလိုမျိုး ပယင်းမှော်နားက ဒေသခံတွေကို မပြန်ခိုင်းဘဲ ဒီအတိုင်းသာ မှော်ကိုပဲ ဆက်တိုက် ဖွင့်လို့ ရအောင် လုပ်ကွက်တွေ ချနေမယ်ဆိုရင်တော့ ပြဿနာတွေ အများကြီး ရှိလာမှာပါ။

မေး။ ။ ကချင်ပြည်နယ်မှာ ဖားကန့်ဆိုလည်း သယံဇာတကြောင့် ဌာနေတိုင်းရင်းသားတွေက ဆိုးကျိုးကို ခံစားရတာ များတယ်။ တနိုင်းမှာလည်း ပယင်းက နာမည်ကြီးလာတော့ တိုက်ပွဲတွေကြောင့် ပြေးကြရတယ်။ ဒီတော့ သယံဇာတ ထွက်တဲ့ ဒေသမှာရှိတဲ့ ဌာနေတိုင်းရင်းသားတွေရဲ့ ခံစားချက်က လက်ရှိအခြေအနေမှာ ဘယ်လိုရှိနေပါသလဲ။

ဖြေ။ ။ ကျနော်တို့မှာ သယံဇာတ ထွက်နေပေမယ့်လည်း တကယ်တမ်း သယံဇာတကို တူးပြီး အကျိုးခံစားတာက ရပ်ဝေးက ပိုများတယ်။ ပယင်းကြောင့် ဒီမှာ ချမ်းသာတဲ့လူတွေက နည်းပါတယ်။ လက်ချိုးရေတွက်လို့ ရသလောက် ပါပဲ။ ဒေသခံတွေကတော့ ရွှေမှော်ဆိုလည်း ကိုယ့်နယ်မြေကို ကိုယ်ထိန်းသိမ်းချင်ပေမယ့် ပတ်ဝန်းကျင်မှာ ရွှေမှော် တွေရှိပြီဆိုရင် မိုးတွင်းဆို ရေလျှံပြီးတော့ မြေစာတွေက လယ်ကွင်းတွေကို ဝင်လာတယ်။ လယ်တွေပါ ပျက်စီးသွား တယ်။ ဒါက အသက်မွေးဝမ်းကျောင်းကို တိုက်ရိုက်ထိခိုက်တာပါ။ လယ်ပြန်လုပ်လို့ မရတော့တာ ရှိပါတယ်။

ဒီဒေသမှာ နေရပ်ရင်းပေမယ့် စာသင်ကျောင်းတို့ လမ်းပန်းဆက်သွယ်ရေးတို့ မီးတို့ ဆိုတာလည်း ကျနော်တို့က အခုချိန်ထိ မီးလည်း ၂၄ နာရီ မရသေးဘူး။ လမ်းလည်း မကောင်းဘူး။ ပညာရေးဆိုလည်း ကျောင်းတွေက လိုအပ်တဲ့ အဆောက်အဦတွေ မရှိဘူး။ မြို့က ကျောင်းနဲ့ရွာက ကျောင်းက ခွဲခြားမှုတွေ ရှိနေတာ တွေ့ရတယ်။ အဆောက်အဦက အစပေါ့။ ဆရာဆရာမတွေက အစပေါ့။ အဲဒါကြောင့် ကျနော်တို့က ဒီမှာ မှော်တွေရှိနေပေမယ့် ဒီသယံဇာတက ရတဲ့ ရန်ပုံငွေတွေ အခွန်အကောက်တွေက ဒီကလူတွေ အကျိုးပြန်ခံစားရတာ မရှိသလောက်ပါပဲ။

မေး။ ။ အခု အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ်ရပ်ညှိနှိုင်းတာတွေ လုပ်ပြီး တဖက်မှာ နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်နေတယ်။ ဖက်ဒရယ်ကို သွားဖို့ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေတာတွေ ရှိနေတယ်။ အဲဒီတော့ ဌာနေ တိုင်းရင်းသားတွေရဲ့ သယံဇာတဆိုင်ရာ အကျိုးခံစားခွင့်၊ ရပိုင်ခွင့်တွေကို အနာဂတ်အတွက် ဘယ်လိုဖြစ်လာဖို့ မျှော်လင့် ထားလဲ။

ဖြေ။ ။ သူတို့ ဆွေးနွေးပွဲ လုပ်နေတဲ့အထဲမှာ တချို့က ဒီမိုကရေစီပြောတယ်။ တချို့က ဖက်ဒရယ်ဒီမိုကရေစီ ပြော တယ်။ ကျနော်တို့ တိုင်းရင်းသားတွေ ပြောနေတာကတော့ ဖက်ဒရယ်ကို ပြောနေတာပါ။ ဖက်ဒရယ်ဆိုတဲ့ အထဲမှာ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်၊ သယံဇာတ ခွဲဝေရေးတွေ ဥပဒေ ပြုရေးတွေကို အဓိကထားပြီး လိုချင်တဲ့ အပိုင်းတွေပါ။ သယံဇာတ ဆိုရင်လည်း ကချင်ပြည်နယ်မှာ ထွက်တဲ့ဟာကို ကချင်ပြည်နယ်အစိုးရကပဲ သယံဇာတနဲ့ ပတ်သက်ပြီး ဥပဒေ ချမှတ် တာတွေ လုပ်ကွက် ချတာတွေ ထိန်းသိမ်း စောင့်ရှောက်တာတွေကို ပြည်နယ်အစိုးရက လုပ်ဆောင်ပြီးမှ ဥပမာဆိုရင် ဒေသခံက ထွက်တဲ့ အခွန်အကောက်တွေ ရန်ပုံငွေတွေကို ရာခိုင်နှုန်းနဲ့ ဒီဒေသမှာ ဘယ်လောက်သုံးမယ် ဆိုတာ ပြန်လည်ထူထောင်ရေးမှာ ဘယ်လောက်သုံးမယ်ဆိုတာ ခွဲဝေမှုတွေ ရဖို့ဆိုတာ ဖက်ဒရယ်ရမှပဲ ဒီပုံစံမျိုးနဲ့ သွားမှပဲ ကျနော်တို့ ဒေသရဲ့ အကျိုးခံစားမှုတွေက ရှိမယ်လို့ မျှော်လင့်ပါတယ်။

ဘာမဆို နေပြည်တော်ကပဲ သွားတောင်းရတာမျိုးဆို အရမ်းဝေးပါတယ်။ အခုနောက်ပိုင်းမှ လက်လုပ်လက်စားတွေက ပြည်နယ်ကို ပေးတယ်လို့ ကျနော်တို့ ကြားရတယ်။ ဒါပေမယ့် နည်းနည်း လုပ်ငန်းကြီးပိုင်းက နေပြည်တော်ကို သွားရ တယ်။ အားလုံး ဗဟိုက ချုပ်ကိုင်တဲ့ စနစ်မဟုတ်ဘဲ ပြည်နယ်မှာ မြို့နယ်မှာ သူ့အဆင့်နဲ့သူ ခွဲဝေအုပ်ချုပ်ခွင့်၊ စီမံခွင့်တွေ ရလို့ရှိရင်တော့ ကျနော်တို့မျှော်လင့်တယ်။ အဲဒီလို ဆိုရင်တော့ ငြိမ်းချမ်းရေးလည်း သူ့ဟာနဲ့သူ အဆင်ပြေသွား မယ်။ စစ်ရှောင်တွေကအစ သူ့ဟာသူ အဆင်ပြေသွားမယ်လို့ ကျနော်က မျှော်လင့်ပါတယ်။

မေး။ ။ ဖက်ဒရယ်နဲ့ပတ်သက်တဲ့ ဥပဒေတွေ သယံဇာတာထွက်တဲ့ နယ်မြေမှာရှိတဲ့ ဌာနေတိုင်းရင်းသားတွေရဲ့ အကျိုး ခံစားခွင့် ရပိုင်ခွင့်တွေနဲ့ ဆိုင်တဲ့ သီးခြားဥပဒေတွေ မရှိသေးခင်မှာ တပ်မတော်နဲ့ အစိုးရတို့က ဌာနေ တိုင်းရင်း သားတွေနဲ့ ပတ်သက်ရင် ဘယ်လို ကြည့်ရှုပေးသင့်တယ်လို့ထင်လဲ။ အစိုးရနဲ့ တပ်မတော်ကို ဘာပြောချင်ပါသလဲ။

ဖြေ။ ။ အစိုးရနဲ့ တပ်မတော်ကို ကျနော်တို့က ဘာပဲဖြစ်ဖြစ် ကျနော်တို့ ဌာနေတိုင်းရင်းသားတွေ အပေါ်မှာ လောလော ဆယ် ကြည့်မယ်ဆိုရင် စစ်ရှောင်တွေပါ။ စစ်ရှောင်တွေအရေးက ပထမဆုံး ဖြေရှင်း ပေးရမယ့်ကိစ္စပါ။ စစ်ရှောင်တွေ ကိုယ့်ရပ်ကိုယ့်ရွာ ပြန်နိုင်ဖို့ ပြင်ဆင်ပေးဖို့ လိုပါတယ်။ ပြန်ဖို့ ညှိနှိုင်းလို့ မရဘူးဆိုရင် နိုင်ငံတော်အဆင့် ငြိမ်းချမ်းရေး တွေ မလုပ်နိုင်သေးခင် လုံးလုံးပြန်မရဘူး၊ လုံခြုံရေးမရဘူးဆိုရင် ဒီလူတွေအတွက် စားဝတ်နေရေး အဆင်ပြေအောင် ဖော်ဆောင် ပေးစေချင်တယ်။

သူများအပေါ် မှီခိုအားကိုးပြီး နေတဲ့ ပုံစံမဟုတ်ဘဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး အသက်မွေးဝမ်းကျောင်း လုပ်ပြီး နေနိုင်တဲ့အဆင့်ထိ ဖန်တီးပေး နိုင်မယ်ဆိုရင်ကောင်းတယ်။ အားလုံး စစ်ဘေးရှောင် မဟုတ်ဘဲ မြို့နေရာကို ကြည့်မယ်ဆိုရင်လည်း အခုတော့ တဖြည်းဖြည်း လုပ်လာတာတွေ တွေ့ရတယ်။

ကုန်ထုတ်လမ်းတွေ လုပ်လာတာမျိုးပေါ့။ အဲဒါတွေကို ပိုပြီးတော့မှ သယံဇာတမှာ မှီခိုတဲ့ဟာမျိုး မဟုတ်ဘဲ သယံဇာတ ဆိုတာ တနေ့မှာ ကုန်သွားမှာလေ။ ရေရှည်အကျိုးရှိမယ့် စိုက်ပျိုးရေးဆိုလည်း စိုက်ပျိုးရေးကို အကျိုးရှိမယ့် စက်မှုတွေ ကုန်ထုတ်လုပ်ငန်းတွေ ဒီအပြင် ဒီဘက်မှာက မိုးရေကိုပဲ အဓိကထားပြီး လယ်လုပ်ရတာတွေ ရှိတယ်။ မိုး အဆင်မပြေ ရင် လယ်က ဒီနှစ်ဆို တော်တော် ဒုက္ခရောက်တယ်။ ဆည်မြောင်းတွေ ဘာတွေနဲ့ ပေးပြီးတော့မှ ရေရှည် အသက် မွေးဝမ်းကျောင်း ပြုရမှာတွေကို ဖန်တီးပေးမယ် ဆိုရင်တော့ အများကြီး ဒေသခံတွေ ဌာနေတိုင်းရင်းသားတွေ အတွက် အကျိုးရှိမယ်။

နောက် သူက မြို့မှာနေရလို့၊ သူက တောမှာနေရလို့ ဆိုပြီး အမြင်ကျဉ်းတယ် ဆိုတာမျိုး အခွင့်အရေး နည်းတာမျိုး မရှိ စေချင်ဘူး။ နယ်မှာနေရတဲ့ လူက ဒုတိယတန်းစား လူတန်းစားသဘော ဖြစ်တာမျိုး မဖြစ်စေချင်ဘူး။ မြို့မှာ နေနေ၊ နယ်မှာနေနေ တန်းတူအခွင့်အရေးရအောင် လမ်းပန်းဆက်သွယ်ရေးကအစ မီးကအစ လုပ်ပေးရင်တော့ ပိုပြီး ကောင်း ပါ တယ်။ တနိုင်းမှာက စိုက်ပျိုးရေးက အရမ်းကောင်းတယ်။ ဒါပေမယ့် ရောင်းမယ့်နေရာ မရှိဘူး။

လမ်းပန်းဆက်သွယ်ရေး မကောင်းတော့ ဒီမှာထွက်တဲ့ ပစ္စည်းတွေကို တကယ့်တကယ် အဝယ်ဒိုင်တွေ ထားပြီး လမ်းဖွင့်ပေးမယ် ဆိုရင်တော့ ဒီမှာလည်း ဒေသခံတွေက ကိုယ့်ခြံထဲမှာ ထွက်တာကို ရောင်းနိုင်မယ်ဆိုရင် အဆင် ပြေမယ်။ မှော်ဖွင့်မှပဲ အဆင်ပြေမယ်ဆိုတဲ့ ပုံစံမျိုးဆိုတာက မှော်ဆိုတာ တနေ့နေ့ကုန်သွားမယ်။ မှော်တူးထားတဲ့ နေရာလည်း အားလုံးမြေစာပုံတွေ ဖြစ်နေပြီဆိုရင် ဒေသခံက ဘယ်မှရွှေ့ပြောင်းမယ့် သူတွေမဟုတ်ဘူး။ ဒီမှာပဲ နေရမှာ။ လုပ်ငန်းရှင်တွေကျတော့ လုပ်ပြီးရင် ပြန်သွားလို့ရတယ်။ ကျနော်တို့က မြေစာပုံနဲ့ အခက်အခဲပေါင်းစုံ၊ မူးယစ်ဆေးဝါး ပြဿနာတွေနဲ့ ဒေသခံတွေက ကျန်နေရမယ့် အနေအထားတွေ ရှိပါတယ်။

ဒါတွေမဖြစ်အောင် မှော်ပဲဖွင့်ဖွင့်၊ စနစ်တကျ ပြုစုထိန်းသိမ်းတာမျိုးကို ဥပဒေ ပြုပြီးမှ လုပ်စေချင်ပါတယ်။ ဥပဒေ ပြုတဲ့ နေရာမှာလည်း ဒေသခံတွေ ဌာနေတိုင်းရင်းသားတွေရဲ့ ခံစားခွင့်ပါတဲ့ ပုံစံမျိုး စနစ်တကျ ရေးဆွဲပြီး လုပ်ဆောင်မယ် ဆိုရင် ထိခိုက်မှုလျော့နည်းပြီး အကျိုးရှိမှာပါ။

အစိုးရအနေနဲ့ သယံဇာတနဲ့ ပတ်သက်ရင် ဌာနေတိုင်းရင်းသားတွေ အတွက် စဉ်းစားပေးပါ။ အများကြီး မျှော်လင့် ပါတယ်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading