ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကျယ်ပြန့်သောဒေသများကို မြောက်ပိုင်းမဟာမိတ် ညီနောင်များဖြစ်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ရက္ခိုင့်တပ်တော် (AA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့က သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီကို တရုတ်နယ်စပ်နှင့် ဖြတ်တောက် ပိတ်ဆို့ထားလိုက်သောကြောင့် လွန်ခဲ့သော ရက်များအတွင်း မြန်မာနိုင်ငံမှ စစ်ရေးအခြေအနေ အကြီးအကျယ် ပြောင်းလဲသွားသည်။
၁၀၂၇ စစ်ဆင်ရေးအရ စစ်တပ်စခန်းပေါင်း ၁၅၀ ကျော်ကို သိမ်းပိုက်ပြီး ခုခံတော်လှန်ရေး အင်အားစုက သိမ်းပိုက်လိုက်သည့် မြို့အရေအတွက် တနေ့ထက်တနေ့ တိုးလာနေသည်။
၁၀၂၇ စစ်ဆင်ရေးကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာတွင် ဖြစ်ပျက်ခဲ့သည့် ပိုမို ကျယ်ပြန့်သော သမိုင်းအခြေအနေနှင့် ယှဉ်တွဲလေ့လာရန် အရေးကြီးသည်။
၁၀၂၇ စစ်ဆင်ရေး၏ လက်ရှိအောင်မြင်မှုများကို ၃၂ လကြာ လက်နက်ကိုင်နှင့် ငြိမ်းချမ်းသော တော်လှန်ရေးက ပေါ်ပေါက်စေခဲ့ခြင်းဖြစ်သည်။ အပြန်အလှန်အားဖြင့် ၁၀၂၇ စစ်ဆင်ရေးသည် ယခုအခါ မျှော်လင့်နိုင်ပြီဖြစ်သည့် စစ်ကောင်စီပြိုလဲမှုအတွက် ပိုမိုကျယ်ပြန့်သော လှိုင်းကို ဖြစ်စေသည်။ ၁၀၂၇ စစ်ဆင်ရေးသည် ယခင်ဖြစ်ရပ်များကို အခြေခံ တည်ဆောက်ထားသည့် သမိုင်းမှတ်တိုင်ဖြစ်ပြီး နောက်ဖြစ်မည့်အရာရာကို ပိုမိုလျင်မြန်စွာ ဖြစ်စေနိုင်ပေလိမ့်မည်။
အရေးပါသောအချက်ကို ထပ်မံ ထောက်ပြရမည်ဆိုပါက မြန်မာပဋိပက္ခသည် ‘တော်လှန်ရေး’ ဖြစ်သည်။ ထို စကားလုံးကို ရွေးချယ်ခြင်းသည် စိတ်လှုပ်ရှားအောင် ပြောဆိုခြင်း မဟုတ်ပေ။ မြန်မာစစ်ပွဲကို စစ်အာဏာရှင်စနစ်အား စုပေါင်းပုန်ကန်သည့် ပြည်သူများက ဖွင့်ဆိုသည်။
တနိုင်ငံလုံးတွင် ပိုမိုကျယ်ပြန့်သည့် ပြည်တွင်းစစ်သမိုင်းရှိပြီး ကြီးမားသော နိုင်ငံရေး ကွဲလွဲမှုများလည်း ရှိနေဆဲ ဖြစ်သော်လည်း ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် စစ်ပွဲသည် ယခင်ဖြစ်ခဲ့သည့်စစ်ပွဲ ဆက်လက်ဖြစ်ပေါ်ခြင်း သို့မဟုတ် ပြင်းထန်လာခြင်းမျိုး မဟုတ်တော့ပေ။ ထိုစကားလုံး၏ လက်တွေ့ကျသော အဓိပ္ပာယ်အရ တော်လှန်ရေးပင် ဖြစ်သည်။
အမည်အားဖြင့် ပြောရမည်ဆိုပါက စစ်ကောင်စီအား ခုခံတော်လှန်ရေးကို အတိတ်နှင့် အခြေခံကျကျ လမ်းခွဲရန် လူ့အဖွဲ့အစည်း၏ ဆန္ဒက တွန်းအားပေးသည်။ စစ်အာဏာရှင်စနစ်မှ ကင်းလွတ်သော နိဒါန်းသစ်ဖြစ်ပြီး အားလုံး အကျုံးဝင်ခြင်းဖြင့် ဖွင့်ဆိုသည်။ ပြည်ပ အဆိုးမြင်သမားများအနေဖြင့် ထိုအချက်ကို လှောင်ပြောင်သရော်နိုင်သော်လည်း မြန်မာပြည်သူများက လှောင်ပြောင်သရော်ခြင်း မရှိကြပေ။
ထို ထူးခြားသော အခြေအနေဖြစ်သည့် ‘တော်လှန်ရေး’ သည် မည်သို့မည်ပုံ ဆက်ဖြစ်မည်ကို နားလည်ရန် အခြေခံ ဖြစ်သည်။ အလွန်တရာ စက်ဆုပ်မုန်းတီးကြပြီး နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် စစ်အာဏာရှင်စနစ်အား လူထုပုန်ကန်မှုက တွန်းအားပေးသည့် စစ်ပွဲများကို အပြောင်းအလဲကင်းမဲ့ခြင်းနှင့် ခိုင်းစေရာအတိုင်း လုပ်ဆောင်ခြင်းများက ဖွင့်ဆိုသည်။ အာဏာရှင်စနစ်များ ဥပမာအားဖြင့် ဆူဒန်နှင့် အီရန်တို့သည် ၎င်းတို့၏ အုပ်ချုပ်ရေးကို လက်နက်ဖြင့် ဖြစ်စေ နက်ရှိုင်းသော အပြောင်းအလဲဖြစ်စေမည့် ပိုမိုကျယ်ပြန့်သော လူထုလှုပ်ရှားမှု ဖြစ်မလာမီ လျင်မြန်စွာဖြင့် ခုခံတော်လှန်မှုများကို နှိမ်နင်းကြသည်။
တဖက်တွင်မူ မြန်မာနိုင်ငံတွင် စစ်ကောင်စီက ၎င်း၏အုပ်ချုပ်ရေးအား ဆန့်ကျင်တော်လှန်မှုကို လက်တွေ့ကျကျ မချေမှုန်းနိုင်တော့မည့် အခြေခံအဆင့်ကို ဖြတ်ကျော်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ ထိုအခြေခံအဆင့်သည် ၂၀၂၂ ခုနှစ်ကုန် ပွင့်လင်းရာသီဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။
တဖက်တွင်မူ မြန်မာနိုင်ငံတွင် စစ်ကောင်စီက ၎င်း၏အုပ်ချုပ်ရေးအား ဆန့်ကျင်တော်လှန်မှုကို လက်တွေ့ကျကျ မချေမှုန်းနိုင်တော့မည့် အခြေခံအဆင့်ကို ဖြတ်ကျော်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ ထိုအခြေခံအဆင့်သည် ၂၀၂၂ ခုနှစ်ကုန် ပွင့်လင်းရာသီဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ ထိုသို့ ချေမှုန်းခံရမည့်အစား စစ်ကောင်စီကို ခုခံတော်လှန်မှုသည် အဆက်မပြတ် တနိုင်ငံလုံးသို့ ကျယ်ပြန့်လာနေပြီး အောင်ပွဲခံနိုင်မည့် အလားအလာသည် မြေပြင်မှလူများအတွက် ထင်ရှားလာသည်အထိပင် ကျယ်ပြန့်လာသည်။
၁၀၂၇ စစ်ဆင်ရေး ဖြစ်လာသည်ဆိုသည့် ရိုးရှင်းသော အချက်က ထိုအချက်ကို သက်သေပြနေသည်။
မြောက်ပိုင်းမဟာမိတ်ညီနောင်များသည် နွေဦးတော်လှန်ရေးအတွက် စိတ်ဓာတ်အရ ထောက်ခံကြောင်း ထုတ်ဖော်ကြေညာထားပြီး ရုပ်ဝတ္တုအကူအညီအချို့ ပေးသည်မှာ ကာလကြာမြင့်ပြီ ဖြစ်သော်လည်း တော်လှန်ရေးတွင် ကြီးမားသော အတိုင်းအတာဖြင့် ပါဝင်ရန် ဆန္ဒကို ထုတ်ဖော်ပြသခြင်း မရှိခဲ့ပေ။

မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က စစ်ကောင်စီကို ဆန့်ကျင်ကြပြီး ထိုသို့ဆန့်ကျင် တိုက်ခိုက်မှုကို ရှမ်းပြည်နယ်အတွင်းနှင့် ပြင်ပမှ ခုခံတော်လှန်ရေး အင်အားစုသစ်များနှင့် ပူးပေါင်းဆောင်ရွက်သည်ဆိုသည့် အချက်သည် တန်ဖိုးကြီးမားစွာ ပေးဆပ်ရသည့် အဓိပ္ပာယ်မဲ့သော လုပ်ရပ်မဟုတ်ဆိုသော ယုံကြည်မှုအပေါ် အခြေခံသည်မှာ သေချာသည်။
ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးသည် ၎င်းတို့ ဒေသဆိုင်ရာ ထိန်းချုပ်မှုကို လိုလားသည် သို့မဟုတ် တရုတ်၏ လက်ဝေခံမျှသာ ဖြစ်သည်ဆိုသည့် အယူအဆများမှာ စစ်ကောင်စီကို ယခု တိုက်ခိုက်နေသူများအတွက် လုံးဝ မမျှတပေ။
ပြည်ပအဆိုးမြင်သမားများက ကရင်အမျိုးသား အစည်းအရုံး (KNU) မှသည် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် ယခု မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့အထိ ပါဝင်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ကြေညာချက်များကို ဟန်ဆောင်ဖုံးကွယ်မှုများအဖြစ် မြင်နိုင်သည်။
သို့သော် ထိုတိုင်းရင်းသားလက်ကိုင် အဖွဲ့အစည်းများက တနိုင်ငံလုံးအတွက် လုံးဝကွဲပြားခြားနားသည့် အနာဂတ်ကို အခြေခံအားဖြင့် လိုလားသည့် ပိုမိုကျယ်ပြန့် ကြီးမားသော အမျိုးသားရေး အားထုတ်မှု တစိတ်တပိုင်းဖြစ်ကြောင်း သိစေလိုကြပေမည်။ ကျွန်ုပ်တို့အနေဖြင့် သူတို့ကို ဘာကြောင့် မယုံကြည်ရမည်နည်း။
၁၀၂၇ စစ်ဆင်ရေးကို တွန်းအားပေးသည့် အခြား စိတ်ပိုင်းဆိုင်ရာ စဉ်းစားမှုမှာ စစ်ရေးချိန်ခွင်လျှာကို ရိုးရှင်းစွာ အကဲဖြတ်ခြင်း ဖြစ်နိုင်ကြောင်း သေချာသည်။ ထိုအကဲဖြတ်ချက်သည် လွန်ခဲ့လအနည်းငယ်က အခြေအနေနှင့် မသက်ဆိုင်ဘဲ လွန်ခဲ့သော နှစ်နှစ်ခွဲမှ ပိုမိုကျယ်ပြန့်သော စစ်ပွဲလမ်းကြောင်း အမြင်ဖြစ်သည်။
ထိုလမ်းကြောင်းသည် အနည်းဆုံး ၂၀၂၂ ခုနှစ် ပွင့်လင်းရာသီ ကုန်ဆုံးချိန်မှ စတင်ပြီး ခုခံတော်လှန်ရေး အင်အားစုများဘက်သို့ အားသာလာပြီး ၂၀၂၃ ခုနှစ်အတွင်း ပိုမို ပြတ်ပြတ်သားသား အားသာလာသည်။ ၁၀၂၇ စစ်ဆင်ရေးကို နိုင်ငံတွင် စွမ်းဆောင်ရည်အမြင့်ဆုံး၊ သေနင်္ဂဗျူဟာအရ စိတ်အားအထက်သန်ဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း သုံးခုက အကောင်အထည်ဖော်ခြင်း ဖြစ်သည်။
ထို စစ်ဆင်ရေးသည် မစဉ်းစားမဆင်ခြင်ဘဲ အခွင့်ကောင်းယူသည့် ဆုံးဖြတ်ချက် မဟုတ်ဘဲ တရုတ်က လှုံဆော်သည့် စစ်ဆင်ရေးဖြစ်သည်ဟုလည်း စာရေးသူ မယုံကြည်ပေ။ ၁၀၂၇ စစ်ဆင်ရေးသည် ယုံကြည်မှုကို စိတ်အားထက်သန်စွာ ဖော်ပြခြင်းဖြစ်ပြီး စိတ်အားထက်သန်မှုမရှိသူများ အတင်းအကျပ် စေခိုင်းခံရသောကြောင့် ပြုလုပ်သည့် စိတ်မပါသည့် ခြေလှမ်း မဟုတ်ပေ။
စစ်ကောင်စီတပ်အတွက် ရှောင်လွှဲမရသည့် အမှန်တရားမှာ ရိုးရှင်းလှပြီး တနေ့ထက်တနေ့ မျှော်လင့်ချက် ပိုမိုကင်းမဲ့လာသည်။ စစ်တပ်သည် အလွန်များပြားသော နေရာများတွင် လွန်စွာကျယ်ပြန့်သော ခုခံတော်လှန်မှုများ ရင်ဆိုင်နေရပြီး ပြန်လည် နာလန်ထရန် အင်အားမရှိပေ။
စစ်ကောင်စီတပ်အတွက် ရှောင်လွှဲမရသည့် အမှန်တရားမှာ ရိုးရှင်းလှပြီး တနေ့ထက်တနေ့ မျှော်လင့်ချက် ပိုမိုကင်းမဲ့လာသည်။ စစ်တပ်သည် အလွန်များပြားသော နေရာများတွင် လွန်စွာကျယ်ပြန့်သော ခုခံတော်လှန်မှုများ ရင်ဆိုင်နေရပြီး ပြန်လည် နာလန်ထရန် အင်အားမရှိပေ။ ထိုလမ်းကြောင်းသည် ယခုအခါ အနည်းဆုံး ၁၈ လ ရှိပြီဖြစ်သော စစ်ပွဲလမ်းကြောင်း ဖြစ်သည်။
စစ်တပ်တွင် လိုအပ်သလို လှုပ်ရှားနိုင်ရန် အရာမယွင်းသေးသည့် တပ်ဖွဲ့အဆင့် အရန်အင်အား မရှိပေ။ အောက်တိုဘာလ ၂၇ ရက်နေ့နောက်ပိုင်း ထိရောက်သော တန်ပြန် ထိုးစစ်ဆင်နိုင်သည့် ၎င်း၏ စွမ်းဆောင်ရည် ကင်းမဲ့မှုကို ထိုပကတိ အခြေအနေက ဖော်ပြနေသည်။ ၎င်းတွင်ရှိသည့် အင်အားမှာ ယခု တနိုင်ငံလုံးတွင် ပြန့်ကျဲနေသည့် အင်အားသာ ဖြစ်သည်။ ထိုသို့သော အရန်အင်အားများကို သုံးရန် အချိန်ရှိလျှင်ပင် ထိုအချိန်သည် လွန်ခဲ့သော နှစ်ပတ်ကျော်က ဖြစ်သည်။
ထိုသို့လုပ်ဆောင်ရန် ပျက်ကွက်ခြင်းက စစ်တပ်သည် အခွံသက်သက်ဖြစ်နေကြောင်း ပြသနေသောကြောင့် ပြိုလဲမှုကို ပိုမိုမြန်ဆန်စေမည် ဖြစ်သည်။ ထိုအချက်က အခြေခံအဆင့်တခုကို ဖြတ်သန်းသွားကြောင်း ပြသနေသည်။ စစ်ကောင်စီသည် နေရာတခုမှ တပ်များကို အခြားတနေရာသို့ ထုတ်နုတ်ရွှေ့ပြောင်းပါက အရှုံးအနိုင်ဆုံးဖြတ်မည့် စစ်ပွဲဖြစ်သည်။ ဆက်လက် တပ်စွဲသည်ဖြစ်စေ၊ ထွက်ခွာသည် ဖြစ်စေ တစုံတရာ ဆုံးရှုံးမည်ဖြစ်သည်။
ယခုနှစ်အစောပိုင်းက ကရင်နီပြည်အတွင်း တိုက်ခိုက်ရန် ရှမ်းပြည်နယ် မြောက်ပိုင်းမှ တပ်များကို ယခုနှစ်အစောပိုင်းက ထုတ်နုတ်ခြင်းမှနေ၍ ၁၀၂၇ စစ်ဆင်ရေးသည် အကျိုးကျေးဇူး အကြီးအကျယ် ခံစားရသည်။ စစ်ကောင်စီ၏ စစ်ရေးစီမံသူများအတွက် ရက်စက်ကြမ်းကြုတ်သော ပကတိအခြေအနေမှန်သည် ပိုမိုထင်ရှားလာနေသည်။
စစ်ကောင်စီ ရင်ဆိုင်နေရသည့် ရှောင်လွှဲမရသော အခြား ပကတိအခြေအနေတခု ရှိသေးပြီး ထိုကိစ္စအတွက် စစ်ကောင်စီသည် မည်သည့်အခါကမှ ကြိုတင်ပြင်ဆင်ထားခြင်း မရှိပေ။ နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်သို့ ရောက်ဖူးသူ မည်သူမဆိုသည် တောင်ကုန်းသိမ်း တိုက်ပွဲသမိုင်းကို စစ်တပ်က မည်မျှအလေးထားကြောင်း တအံ့တသြ တွေ့ရမည်ဖြစ်သည်။ ထိုသို့ အလေးထားခြင်းသည် တောင်ထူသော ဒေသများတွင် ပုန်ကန်မှုကို တိုက်ဖျက်သောအခါ အဓိပ္ပာယ်ရှိသည်။ သို့သော် မြန်မာစစ်ကောင်စီသည် သေနင်္ဂဗျူဟာကျသည့် တောင်ထိပ်များကို အာရုံစိုက်ခြင်း မရှိတော့ပေ။
တနိုင်ငံလုံးတွင် ပြန့်ကျဲနေပြီး ခံတပ်မြို့များနှင့် လမ်းတို့ကို ချိတ်ဆက်ထားသည့် အဝေးပြေးလမ်းများကို ကာကွယ်ရန် တောင်ကြား ချိုင့်ဝှမ်းလွင်ပြင်များတွင် စစ်တပ်သည် တိုက်ခိုက်နေရသည်။ ရေရှည် တန်ပြန်ထိုးစစ်အတွက် လိုအပ်သည့် ပိုမိုကြီးမားပြီး နှိုင်းယှဉ်ချက်အားဖြင့် အရာမယွင်းသေးသော တပ်များဖြင့် ဆုတ်တက် လှုပ်ရှားနိုင်ခြင်း မရှိသည့် သေးငယ်ပြီး စစ်ပမ်းနေသော တပ်ဖွဲ့ငယ်များဖြစ်ပြီး လွန်စွာပြန့်ကျဲနေကာ သေနင်္ဂဗျူဟာ လှုပ်ရှားစရာ နေရာမကျန်တော့သောကြောင့် စစ်တပ်သည် အလွန်နယ်ကျွံနေပြီး နာလန်မထူနိုင်လောက်အောင် ဖြစ်နေသည်။ ထိုပြဿနာသည် ရိုးရှင်းသော ပထဝီမြေအနေအထားဆိုင်ရာနှင့် လူအင်အား ပြဿနာ ဖြစ်သည်။
ထိုအခြေအနေသည် ရိုးရှင်းသော လေ့လာသုံးသပ်မှုအရ ကြည့်လျှင် ပိုမိုအရေးပါသည်။ မြန်မာ့တော်လှန်ရေးသည် လူများစုနှင့် လူနည်းစု လူမှုအသိုက်အဝန်းများအကြား အမျိုးသားပူးပေါင်းဆောင်ရွက်မှုအဖြစ် ဖွင့်ဆိုသည်။ စစ်တပ်သည် ဗမာဒေသများတွင် အဓိကကျသည့် တိုင်းရင်းသား လက်နက်ကိုင်များ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပြုလုပ်သည့် (ခုခံတော်လှန်ရေး အင်အားစုများအကြား ကျယ်ကျယ်ပြန်ပြန့် ညှိနှိုင်းဆောင်ရွက်သည့်) ကျယ်ပြန့်သော တော်လှန်မှုကို မည်သည့်အခါမှ မမျှော်လင့်ခဲ့ဖူးပေ။ နိုင်ငံ၏ ပို၍ ပို၍ များပြားလာသော အစိတ်အပိုင်းများတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များသည် ၂၀၂၁ ခုနှစ်၊ မေလမှစတင် ပူးပေါင်းတိုက်ခိုက်လာကြသည်။
ထိုကြောင့် စစ်ခေါင်းဆောင်ပိုင်းသည် ၎င်းတို့တပ်များကို တခုပြီးတခု ဆက်တိုက် ပြိုလဲရန်စောင့်နေသည့် ဒိုမီနိုများသဖွယ် အန္တရာယ် ပိုမိုကျရောက်စေသည်။ ထို ဒိုမီနိုများကို နေရာချထားပုံသည် မြေပြင်မှ တိုက်ခိုက်ရေးသမားများအတွက် လွန်စွာထင်ရှားနေသည်။
မြန်မာ့ ပထဝီအနေအထားကလည်း ရာသီဥတုမရွေး အသုံးပြုနိုင်အောင် ခင်းထားသည့် လမ်း၊ တံတားအနည်းငယ်နှင့် ချိတ်ဆက်ထားသည့် လမ်းဆုံများကို ထိန်းချုပ်နိုင်ခြင်းက ပိုမိုကျယ်ပြန့်သော ပိုင်နက်ကို လွှမ်းမိုးနိုင်ပြီး ၎င်းတို့၏ အရေးပါမှုကို ပြသနေသည်။
၁၀၂၇ စစ်ဆင်ရေး၏ ရိုးရှင်းသော လမ်းကြောင်းက မြောက်ပိုင်းမဟာမိတ်ညီနောင်အဖွဲ့သည် စစ်တပ်အနေဖြင့် ရှမ်းပြည်မြောက်ပိုင်းမှ မည်သည့် အဓိကမြို့၊ တံတားနှင့် လမ်းဆုံမဆိုတွင် စစ်တပ်က ထိုးဖောက်မရအောင် တားဆီးထားကြောင်း တွေ့ရသည်။ အဓိက လမ်းဆုံမြို့ဖြစ်သည့် သန္နီကို သိမ်းပိုက်ပြီးနောက် ထိုမြို့တောင်ဘက်မှ အဓိကျသည့် တံတားများ အားလုံးကို ချိုးခြင်းသည် ပြောင်မြောက်သည့် လုပ်ဆောင်မှုဖြစ်သည်။ ယင်းနောက် နမ့်ခမ်းမြို့ အနောက်ဘက် တံတားကို သိမ်းပိုက်ခြင်းအားဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ကို အဆက်အသွယ် ဖြတ်တောက်လိုက်သည်။
နယ်စပ်မြို့ ချင်းရွှေဟော်ကို ချက်ချင်း သိမ်းပိုက်ခြင်းနှင့်အတူ မြောက်ပိုင်းမဟာမိတ်ညီနောင်အဖွဲ့သည် ရှမ်းပြည်မြောက်ပိုင်းတခုလုံးနှင့် အချို့ဒေသများအား အပြည့်အဝ ထိန်းချုပ်ရန် ရည်ရွယ်ကြောင်း ပြသခဲ့သည်။ ထိုလုပ်ရပ်များကြောင့် စစ်ကောင်စီသည် ယခုအခါ သီးခြား ဖြစ်နေသည့် စခန်းများနှင့် မြို့များကို တပ်ကူပို့ရန် မတတ်နိုင်သလောက် ဖြစ်နေသည်။ စစ်ကောင်စီသည် အမိန့်ပေး ကွပ်ကဲရာတွင် မကျွမ်းကျင်မှုနှင့် အရန်တပ် မရှိသောကြောင့် ထိုတံတားများကို ထိန်းသိမ်းရန် အရေးပါသည့် အားထုတ်မှုမရှိသည့် လက္ခဏာများ ပေါ်လွင်နေသည်။
၁၀၂၇ စစ်ဆင်ရေး၏ ပိုမိုကျယ်ပြန့်သော စဉ်းစားတွေးခေါ်မှုသည် ခိုင်မာပြီး မြောက်ပိုင်းမဟာမိတ်ညီနောင်အဖွဲ့သည် ‘စစ်ဆင်ရေး စီစဉ်ခြင်း’၊ ‘အကောင်အထည် ဖော်ခြင်း’နှင့် ‘သတင်းစကား ပေးပို့ခြင်း’ အရ ထူးခြားသော စွမ်းရည်များကို ဖော်ပြနေသည်။
၁၀၂၇ စစ်ဆင်ရေး၏ ပိုမိုကျယ်ပြန့်သော စဉ်းစားတွေးခေါ်မှုသည် ခိုင်မာပြီး မြောက်ပိုင်းမဟာမိတ်ညီနောင်အဖွဲ့သည် ‘စစ်ဆင်ရေး စီစဉ်ခြင်း’၊ ‘အကောင်အထည် ဖော်ခြင်း’နှင့် “သတင်းပို့ခြင်း” အရ ထူးခြားသော စွမ်းရည်များကို ဖော်ပြနေသည်။
မြောက်ပိုင်း မဟာမိတ်ညီနောင်အဖွဲ့၏ ပထမဆုံး အောင်မြင်မှု နှစ်ခုကို ၂၀၂၁ ခုနှစ်၊ မေလက စတင်သည့် တနိုင်ငံလုံးမှ စစ်ကောင်စီတပ်များအပေါ် ပြင်းထန်လာသည့် ကျယ်ပြန့်သော တိုက်ခိုက်မှုများက အထောက်အကူ ပြုခဲ့သည်။ တတိယ အောင်မြင်မှုသည် အထက်က ဖော်ပြခဲ့သည့်အတိုင်း အဆိုးမြင်သမားများအကြား ထင်မြင်ထားသည်ထက် ပိုမိုသော ခုခံတော်လှန်ရေး အင်အားစု၏ ညီညွတ်မှုရှိကြောင်း မီးမောင်းထိုးပြခြင်း ဖြစ်သည်။
ထို အချက် သုံးချက်ကို ပိုမိုကျယ်ပြန့်သည့် တော်လှန်ရေးဆိုသော တူညီသော စဉ်းစားတွေးခေါ်ပုံအရ ကြည့်ရမည်ဖြစ်သည်။ မြောက်ပိုင်း မဟာမိတ်ညီနောင်အဖွဲ့က ၁၀၂၇ တော်လှန်ရေး ဖြစ်ပွားစေသည့် တနိုင်ငံလုံးတွင် တိုက်ခိုက်မှု မြှင့်တင်ရန် တောင်းဆိုပြီး တိုင်းရင်းသားလက်နက်ကိုင်များက လိုအပ်သလို ထောက်ခံသောအခါ ၎င်းတို့သည် နွေဦးတော်လှန်ရေး ရည်မှန်းချက်ကိုပင် ပြောသည်။
“စစ်ကောင်စီပြိုကွဲခြင်း” သည် “မြန်မာနိုင်ငံ တစစီပြိုကွဲခြင်း” ဖြစ်သည်ဆိုသည့် စစ်ကောင်စီ၏ မှားယွင်းသော အဆိုပြုခြင်းကို လက်ခံသည့် ပြည်ပ သတင်းသမားများနှင့် သံတမန်များ၏ ယူဆချက်ကို တိုက်ရိုက် ဆန့်ကျင်သည်။ ထို့ပြင် ၁၀၂၇ စစ်ဆင်ရေးတွင် လမ်းမကြီးများကို KIA က တပြိုင်နက် သိမ်းပိုက်ရာ၌ အောင်မြင်မှု၊ မြောက်ပိုင်း မဟာမိတ်ညီနောင်အဖွဲ့နှင့် PDF များက စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမှ သေနင်္ဂဗျူဟာကျသော အစိတ်အပိုင်းများတွင် လှုပ်ရှားမှုများနှင့်အတူ နားလည်သင့်သည်။ ထိုမှစတင်ပြီး စစ်ကောင်စီ ပြိုကွဲမှုလှိုင်းများသည် ဆက်လက် ဖြစ်ပေါ်နေသောကြောင့် မြန်ဆန်လာမည်ဖြစ်သည်။
ထို့ကြောင့် ၁၀၂၇ စစ်ဆင်ရေးအတွက် ယခင်အတွေ့အကြုံ၊ လက်ရှိအခြေအနေနှင့် နောက်ဆက်တွဲ ဖြစ်ရပ်များကို ရှင်းရှင်းလင်းလင်း သိရှိထားရန် အရေးကြီးသည်။ ပိုမိုကျယ်ပြန့်လာသော တော်လှန်ရေးသည် အဓိက အောင်မြင်မှုများ ရရှိနေသည်။ ထိုအောင်မြင်မှုများတွင် စစ်ကိုင်းနှင့် မကွေးတိုင်းမှ ပိုမိုကျယ်ပြန့်လာသော ခုခံတော်လှန်မှုနှင့် ဗမာများသည် အလုံးအရင်းနှင့် တိုက်ခိုက်ရန် စိတ်အားထက်သန်လာပြီး အလွယ်တကူ အလျှော့ပေးမည် မဟုတ်ဆိုသည့် သက်သေပြချက်ပါဝင်သည်။
စစ်ကောင်စီသည် ရှမ်းပြည်နယ် မြောက်ပိုင်းမှ တပ်များကို ကရင်နီ (ကယား) ပြည်နယ်သို့ ထုတ်နုတ်ရွှေ့ပြောင်းရသည်ဆိုသည့် အချက်မှာ နိုင်ငံမှ အသေးဆုံး ပြည်နယ်များအနက် တခုသည် ကရင်နီပြည်သူများ အကြီးအကျယ် နေရပ်စွန့်ခွာရစေကာမူ အညီညွတ်ဆုံး၊ အကျွမ်းကျင်ဆုံးနှင့် အထိရောက်ဆုံး အောင်မြင်မှု ရရှိနေကြောင်း ပြသနေသည်။
KNU သည် နိုင်ငံ အရှေ့တောင်ပိုင်းတွင် အမာခံအင်အားစုဖြစ်နေပြီး နေပြည်တော်အနီး တိုက်ခိုက်မှုများ ပြုလုပ်ကာ ပိုမိုကျယ်ပြန့်သည့် ပဲခူးတိုင်းတခုလုံးတွင် စစ်ဆင်နေပြီး မြဝတီအထိ အာရှအဝေးပြေးလမ်း တလျှောက် မြို့များ၊ မွန်ပြည်နယ်တောင်ပိုင်းနှင့် တနင်္သာရီအထိ တိုက်ခိုက်သည်။
ချင်းပြည်နယ်တွင် အာဏာသိမ်းမှု အစောဆုံးရက်များမှ စတင်သည့် အလျှော့မပေးသော ခုခံတော်လှန်မှုကြောင့် စစ်ကောင်စီတပ်များသည် မြို့ပြခံတပ်များတွင် ၂၀၂၂ ခုနှစ် အစောပိုင်းမှစတင်ကာ ပိတ်မိနေသည်။ မကွေးတိုင်းမြောက်ပိုင်း တောင်ခြေမှ ကြီးမားသော စစ်ယာဉ်တန်းများသည် သွေးချောင်းစီးပြီး မအောင်မြင်သည့် အားထုတ်မှုများ သို့မဟုတ် ဟားခါးမှ ထန်တလန်သို့ အတင်းအကျပ် ချီတက်ခိုင်းသောအခါ တပ်ဖွဲ့များ အကြီးအကျယ် ဆုံးရှုံးမှုများကို ရင်ဆိုင်နေရသည်။
KIA သည် PDF များနှင့် EAO များကို စောင့်ရှောက် ကူညီရာတွင် ပါဝင်ပြီး ထိုသို့သော ကူညီမှုများသည် ကချင်ပြည်နယ် ပြင်ပအထိ ကျယ်ပြန့်သည်။ ထိုမျှ ကျယ်ပြန့်သော နယ်မြေတွင် တိုက်ခိုက်နိုင်သည့် သေနင်္ဂဗျူဟာ ရည်မှန်းချက်နှင့် စွမ်းရည်သည် တော်လှန်ရေး တခုလုံး၏ ခံကတုတ်ဖြစ်သည်။
စစ်ကိုင်းတိုင်းတွင် မြို့နယ်ပေါင်း ၃၇ မြို့နယ်အနက် အနည်ဆုံး ၂၅ မြို့နယ်၌ ၂၀၂၁ ခုနှစ်နှောင်းပိုင်း လတိုင်းတွင် ခုခံတော်လှန်ရေးက တက်ကြွနေသည်။ မကွေးတိုင်း မြောက်ပိုင်းတွင်လည်း အလားတူပင်ဖြစ်ပြီး မန္တလေးတိုင်း အနောက်ပိုင်းနှင့် မြောက်ပိုင်းမှ မြို့နယ် တဒါဇင်ခန့်တွင်လည်း ၂၀၂၃ ခုနှစ်အတွင်း ပိုမိုလှုပ်ရှားလာသည်။

ဗမာအများစု ဒေသများဖြစ်သည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြောက်ပိုင်းနှင့် မန္တလေးတိုင်းတလွှား ခုခံတော်လှန်မှုများသည် အခြားဒေသများနှင့်ယှဉ်လျှင် လက်နက်ရရှိမှု နည်းသည်။ နေအိမ် အဆောက်အအုံ ၆ သောင်းကို စစ်ကောင်စီက မီးရှို့ပြီး အရပ်သား ၈ သိန်းကျော် နေရပ်စွန့်ခွာရသော်လည်း ရပ်တန့်ခြင်း မရှိသေးပေ။ နိုင်ငံ၏ အခြား အစိတ်အပိုင်းများတွင်လည်း ထိုသို့သော ဖျက်စီးခံရမှုစာရင်းများ တိုးပွားနေသည်။ မည်သည့် ဦးနှောက်ရှိသော စစ်ကောင်စီ ဗိုလ်ချုပ်အတွက်မဆို စဉ်းစားစရာ ဖြစ်လာသည်။
မြောက်ပိုင်း မဟာမိတ်ညီနောင်အဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေး၏ ရဲရင့်ခိုင်မာသည့် ခြေလှမ်းအတွက် အသိအမှတ်ပြုမှုများစွာ ထိုက်တန် ခံယူရမည်ဖြစ်သော်လည်း အခြား ပိုမို ကျယ်ပြန့်သည် ခုခံတော်လှန်ရေး လှုပ်ရှားမှုများကိုလည်း အသိအမှတ်ပြုရမည် ဖြစ်သည်။
PDF များသည် တူမီးသေနတ်မှအပ ဘာမှ မရှိဘဲ ခုခံတော်လှန်ရေးကို ၂၀၂၁ ခုနှစ်တွင် စတင်သည်။ KNU, KIA, ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ကဲ့သို့သော EAOs များသည် စစ်ကောင်စီကို တိုက်ခိုက်ခြင်း၊ အသစ်ပေါ်လာသည့် အုပ်စုများကို ထောက်ပံ့ခြင်းနှင့် လက်ရည်တက် ကျွမ်းကျင်လာအောင် လုပ်ဆောင်ပေးခြင်းဖြင့် သမိုင်း၏ အမှန်ဘက်တွင် ရပ်တည်ရန် မှန်ကန်သော ခြေလှမ်းများကို ကနဦးကပင် လုပ်ဆောင်ကြသည်။
ခုခံတော်လှန်ရေး အင်အားစု၏ နိုင်ငံရေး ခေါင်းဆောင်များ၊ အုပ်ချုပ်ရေးမှူးများ၊ ဆန့်ကျင်ကန့်ကွက်ရေး အုပ်စုများ၊ ရန်ပုံငွေရှာဖွေပေးသူများနှင့် လူမှုဝန်ဆောင်မှု ပေးသူများသည် တိုက်ခိုက်ရေးသမားများနှင့် အလားတူသည့် အသိအမှတ်ပြုမှု ခံရမည် မဟုတ်သော်လည်း မည်သူမဆိုကဲ့သို့ပင် တော်လှန်ရေး၏ အစိတ်အပိုင်းများ ဖြစ်သည်။
အဆိုးမြင်သူများအနေဖြင့် သဘောထားကွဲလွဲမှုနှင့် အစိတ်စိတ်အမွှာမွှာ ပြိုကွဲမှုများကို ၎င်းတို့ လေ့လာသုံးသပ်သမျှ နေရာတိုင်းတွင် တွေ့နိုင်မည်ဖြစ်သည်။ သို့သော် ခုခံတော်လှန်ရေး အင်အားစုက ပြသခဲ့သည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုနှင့် ညှိနှိုင်းနေရာချထားမှု အဆင့်သည် သမိုင်းဝင်ပြီး မည်သည့် စံနှုန်းဖြင့်တိုင်းတာသည်ဖြစ်စေ အသိအမှတ်ပြုစရာ ကောင်းသည်။ လက်တွေ့တွင်လည်း အားလုံးအတွက် အရေးအကြီးဆုံးအချက်မှာ စစ်ကောင်စီ၏ ရက်စက် ကြမ်းကြုတ်မှု ၃၂ လ ကြာသည့်တိုင် ဇွဲရှိရှိ လုပ်ကိုင်ခဲ့ကြသည့် မရေတွက်နိုင်သော လူမှုအသိုက်အဝန်းများ၏ ထောက်ခံမှုဖြစ်သည်။
ယခုအတွေးအမြင် ဆောင်းပါးသည် အခြေအနေ အဆင့်အတန်းကို ဟန်လုပ်၍ ချီးကျူးခြင်း မဟုတ်ပါ။ သို့သော် စစ်ပွဲလမ်းကြောင်းသည် ခုခံတော်လှန်ရေးဘက်တွင် အလွန်အားသာနေသည်။
ယခုဆောင်းပါးသည် အလွန်အကျွံ ဂုဏ်မြှောက် ဟန်လုပ်၍ ချီးကျူးခြင်း မဟုတ်ပါ။ သို့သော် စစ်ပွဲလမ်းကြောင်းသည် ခုခံတော်လှန်ရေးဘက်တွင် အလွန်အားသာနေသည်။ ယခု လိုအပ်နေသောအချက်၊ အထူးသဖြင့် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် (အထူးသဖြင့် မြန်မာပြည်သူများကို ထောက်ခံလိုသည့် အစိတ်အပိုင်းများအတွက်) လိုအပ်နေသည့် အချက်မှာ စစ်ကောင်စီကို တိုက်ရိုက်ချေမှုန်းနိုင်သည်ဆိုသည့် အချက်နှင့် ထိုသို့သော ရလဒ်သည် တက်ကြွသော ကြိုတင်ပြင်ဆင်မှု လိုသည်ဆိုသည့် အချက်ကို လက်ခံသဘောတူရန် ဖြစ်သည်။
ထို့ပြင် ခုခံတော်လှန်ရေး အင်အားစု၏ စုပေါင်း အနစ်နာခံမှုသည် အနာဂတ် ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်ရေးနှင့် ဆွေးနွေးရေးအတွက် အခြေခံ အုတ်မြစ်ဖြစ်သည်ကို အသိအမှတ်ပြုရန် ကျင့်ဝတ်ဆိုင်ရာတာဝန် ရှိသည်။
ယာယီသမ္မတ ဒူဝါလရှီးလက ‘ဒုတိယလွတ်လပ်ရေး စစ်ပွဲ’ ဟု ခေါ်သည့် တော်လှန်ရေး၏ ခက်ခဲကြမ်းတမ်းမှုများသည် စစ်တပ်က ရေးဆွဲသည့် ဖွဲ့စည်းပုံနှင့် စစ်တပ်က သတ်မှတ်သည့် ရယ်စရာကောင်းသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုသည့် ‘အသွင်ကူးပြောင်းရေး’ က လုပ်ပေးနိုင်သည်ထက် ကွဲလွဲမှုများကို ပေါင်းကူးပေးမည်ဖြစ်သည်။
အနာဂတ် တည်ငြိမ်မှုနှင့် ပြန်လည်သင့်မြတ်ရေး အလားအလာများကို အလိုအလျောက်ရမည်ဟု မယူဆသင့်ပေ။ မြန်မာတွင် ဖြစ်ပျက်နေသည်များအပေါ် နိုင်ငံတကာနားလည်မှုများကို လွှမ်းမိုးသည့် ကျေးဇူးရှင် စိတ်ထားများကို စွန့်ပစ်ရန် လိုသည်ဟုလည်း ဆိုလိုသည်။
အခြားနိုင်ငံများအနေဖြင့် ကူညီလိုပါက မှားယွင်းမည်ကို စိုးရိမ်ခြင်းနှင့် မြန်မာသည် ပြုပြင်မရအောင် အစိတ်စိတ်အမွှာမွှာ ဖြစ်တော့မည်ဆိုသည့် အထောက်အကူမပြုသော တရားသေ အယူအဆများထက် အပြုသဘောဆောင်သည့် စုပေါင်း ပြောင်းလဲမှု အလားအလာများကို လက်ခံခြင်းဖြင့် လမ်းဖွင့်ပေးရမည် ဖြစ်သည်။
မြန်မာ၏ အနာဂတ်ကို ပြောင်းလဲနိုင်ပါသည်။ စစ်ကောင်စီ၏ ရိုင်းစိုင်းယုတ်မာမှုများ ရှိသော်လည်း ၎င်းတို့၏ စုပေါင်းဆုံးဖြတ်ချက်နှင့် ခံနိုင်ရည်ရှိမှုကြောင့် မြန်မာပြည်သူများကို ကမ္ဘာက ဖြစ်နိုင်တန်ရာသည်ဆိုသော သံသယအကျိုး ခံစားခွင့်ပေးရမည်။ ထိုသို့သော အားထုတ်မှုကို နည်းလမ်းအမျိုးမျိုးဖြင့် လုပ်ဆောင်နေသည်မှာ ဆယ်စုနှစ်များစွာ ကြာပြီဖြစ်သော်လည်း ယခုအခါ လက်တွေ့ကျသည့် အခြေအနေတခု စတင်ဖြစ်ပေါ်လာသည်။
ထိုအချက်သည် ၁၀၂၇ စစ်ဆင်ရေးက ဖန်တီးပေးသည့် တွန်းအားကြောင့် ပိုမိုထင်ရှားလာသင့်သည်။ ထိုမျှ မှောင်မိုက် ငြီးငွေ့စရာကောင်းသော လောကတွင် လူမျိုးတုံးသတ်ဖြတ်သည့် စစ်ကောင်စီ ပြိုလဲမည့် အလားအလာကို ထောက်ခံရန်၊ ကြိုတင် ပြင်ဆင်ရန်နှင့် အောင်ပွဲခံရန် ထိုက်တန်သည်မှာ သေချာသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Matthew B. Arnold ၏ Revolution and the Escalating Collapse of Myanmar’s Junta ကို ဘာသာပြန်သည်။ )
You may also like these stories:
မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ
နေပြည်တော်ကို ဦးတည်ချက်ထားပြီး တော်လှန်ရေးထိုးစစ် တနိုင်ငံလုံးကျယ်ပြန့်လာနိုင်
ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ
လေကြောင်းပစ်ကူကို စစ်ကောင်စီ နေရာတိုင်း မပေးနိုင်တော့
တရုတ်က မီးစိမ်းပြလို့ ရှမ်းမြောက်စစ်ပွဲ ဖြစ်သတဲ့လား














