အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အခြေစိုက်ရာ လားရှိုးမြို့ကို မြန်မာအမျိုးသား ဒီမိုကရက်တစ်တပ်မတော် (MNDAA) က သိမ်းပိုက်ပြီး နောက် ပြန်လည်ဝင်ရောက်နေထိုင်သူများ လျှပ်စစ်မီး၊ ဖုန်းနှင့် အင်တာနက်လိုင်းများ ရရှိရန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်နေစဉ် စစ်ကောင်စီက နေ့စဉ်ဆိုသလို ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လျက် ရှိသည်။
သြဂုတ် ၃၀ ရက်ကစ၍ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေသည်မှာ တလပင်ပြည့်ပြီဖြစ်ပြီး လားရှိုးမြို့ရှိ ရပ်ကွက်များ၊ ကျောင်းများ၊ ဈေးများ၊ အလုပ်ရုံများ မီးလောင်၊ ထိခိုက်ပျက်စီးမှုများစွာရှိခဲ့သလို အရပ်သားပြည်သူ ၃ ဦး သေဆုံး၍ ၃၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
ထို့အတွက် မိမိတို့၏ မြို့ရွာများကို မစွန့်ခွာနိုင်သေးသည့် မြို့သူမြို့သားများအဖို့ စစ်ကောင်စီ၏ နေ့စဉ်ဗုံးကြဲမှုက စိတ်ချောက်ခြားစရာ ဖြစ်နေသလို MNDAA ကလည်း လေယာဉ်ပျံများ ရန်ကြောက်၍ နေဝင်မီးငြိမ်းရန်နှင့် လူစုလူဝေး မလုပ်ရန် သတိနှင့် နေရန် လိုက်လံ ဆော်သြနေသည်ကို တွေ့ရသည်။
ထို့အတွက် မြို့သိမ်းစစ်ပွဲများအပြီး ပြန်လည်ထူထောင်ရေးကာလအတွင်း စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်နေမှု တလပြည့်ချိန် လာရှိုးဒေသခံများ မည်သို့မည်ပုံကြုံနေရသည်ကို လားရှိုးဒေသခံ ကိုဂမ်ဆိုင်းကို ဆက်သွယ် မေးမြန်းထားသည်။
မေး။ ။ စစ်ကောင်စီက လားရှိုးမြို့ကို ဗုံးကြဲတိုက်ခိုက်နေတာ တလရှိပြီဆိုတော့ လက်ရှိ မြို့ အခြေအနေက ဘယ်လိုရှိနေပါသလဲ။
ဖြေ။ ။ ထိခိုက်ပျက်စီးမှုလို့ပြောရရင် MNDAA ဘက်က ဆောက်ထားတဲ့ အဆောက်အဦလိုမျိုးတွေ မဟုတ်ဘဲနဲ့ လက်ရှိဒေသတွင်းမှာ နေထိုင်တဲ့ လူထုရဲ့အဆောက်အဦတော်တော်များများ ထိခိုက်ပျက်စီးတာ တွေ့ရတယ်။ ပထမဆုံးတော့ ထွေအုပ်ရုံးတို့ဘာတို့မှာ တိုက်ခိုက်တယ် စစ်ရေးအရဖြစ်တဲ့နေရာမျိုးတွေက ထွေအုပ်ရုံးလောက်ပဲ ရှိတာလေ၊ ကျန်တဲ့နေရာတွေက ပြည်သူ တွေနေတဲ့ နေရာတွေပဲဖြစ်တယ်။ တကယ့်တကယ်တမ်း ကျနော်တို့သိရသလောက် ကိုးကန့်တပ်တွေက လားရှိုးမြို့ထဲမှာ မနေကြတာ များတယ်။ အဓိက လူတွေနေထိုင်တဲ့ ရပ်ကွက်နေအိမ်တွေကိုပဲ ကြဲနေတာ တွေ့ရတယ်။ စစ်ရေးအရ အရေးပါတဲ့နေရာမျိုးတွေ မတွေ့ရဘူး။
ကျနော်တို့ နဂိုကတွေးတဲ့အတွေးက တိုက်ပွဲတွေပြီးရင်တော့ ဗုံးကြဲမယ်ဆိုတာမျိုးတော့ သိတယ်။ ဒါပေမယ့်တွေးတဲ့ဟာက အချင်းချင်းပြောကြတာက တပ်တွေနဲ့ နီးတဲ့နေရာမျိုးတွေမှာ မနေနဲ့၊ ပြီးတော့ရဲစခန်းနဲ့ နီးတဲ့နေရာမျိုးတွေမှာ မနေနဲ့။ ရှောင်ကြပေါ့။ ဒါပေမယ့် တကယ့်တကယ်တမ်း အဲဒီလိုနေရာမျိုးမှာ ချတာမျိုး သိပ်မတွေ့ရဘူးပေါ့နော်။ ဥပမာ ၅၀၇ တို့လို၊ ၆၈ တို့လို၊ တိုင်းတွေထဲ၊ ၆၂၆ ထဲတွေ အဲဒီလိုနေရာမျိုးတွေမှာ ချတယ်ဆိုတာ မတွေ့ရဘူး။ လူတွေနေတဲ့နေရာမျိုးမှာ ချတယ်ဆိုတာမျိုးပဲ တွေ့ရတယ်။
မေး။ ။ ဗုံးကြဲမယ်လို့ အားလုံးကတွက်ဆထားကြပေမယ့် ဘယ်လိုကြောင့် လားရှိုးမြို့ထဲ ပြန်ဝင်နေဖြစ်ကြတာလဲ။
ဖြေ။ ။ အစပိုင်းတော့ တော်တော်များများက ပြန်ဝင်လာကြတယ်။ အစောပိုင်း စစ်ပြီးကာလမှာတော့ ဗုံးမကြဲသေးတဲ့ အခြေအနေမှာ တော်တော်များများက ကိုယ့်အိမ်ကိုယ့်ရာကို ပြန်ကြည့်ကြတယ်။ ပိုင်ဆိုင်မှုတွေကို ဒီတိုင်းပဲ ပစ်ထားခဲ့ရတဲ့ အိမ်တွေရှိတာကိုး။ တချို့ဆို ရင် အဖေဆုံးတာတောင် မသင်္ဂြိုဟ်ဘဲ အိပ်ရာထဲမှာ ဒီတိုင်းထားခဲ့ရပြီး ပြီးမှ သွားပြန်သင်္ဂြိုဟ်ပေးရတာတွေလည်းရှိတယ်။ တချို့ကတော့ တော်တော်များများက အိမ်တွေထဲ ပြန်ဝင်ကြည့်တယ်။ တတ်နိုင်တဲ့ ပစ္စည်းတွေယူတယ်။
ဒီလို စမ်းဝင်ကြည့်ကြရင်း ပြန်နေ နေကြတာ ကျနော်တို့ရပ်ကွက်ဆို အတော်လေးပြည့်သွားတယ်ပေါ့။ ပြန်နေကြတာက ငြိမ်းချမ်းလို့နေ တယ်၊ အဆင်ပြေလို့နေတာထက် ဒီနေရာတွေက ကိုယ့်အိမ်ကိုယ်ရာပေါ့။ ကိုယ့်အိမ်ကိုယ့်ရာလို့ဆိုတဲ့နေရာမှာ ကိုယ်ပိုင်ဆိုင်တဲ့ အရာ လေးတွေ သွားကြည့်ကြတယ်။ ပြန်ဝင်ကြည့်ကြရင်းနဲ့ ငါတို့ရပ်ကွက်လေးတွေတော့ ဗုံးမကြဲသေးဘူးဆိုပြီး ပြန်ဝင်နေကြတာ များတယ် ပေါ့။
မေး။ ။ လားရှိုးမြို့ထဲ ပြန်ဝင်နေကြတဲ့သူတွေက ဘယ်လောက်များလဲ။
ဖြေ။ ။ ဝင်ကြတာကတော့ အားလုံးနီးပါးပြန်ဝင်ကြတာပဲ။ ဝင်ပြီး ပြန်ထွက်ကြတာနဲ့ ပြန်မထွက်နိုင်ကြတာပဲ ကွာတယ်။ မထွက်ကြတဲ့ သူတွေက သူတို့ရဲ့နေရာလေးတွေမှာ လွတ်မလားဆိုပြီး နေကြသူတွေရှိသလို တချို့ကျတော့လည်း စစ်ရှောင်ဖို့ဆိုတာက ငွေကြေးပိုင်း ဆိုင် ရာက လိုအပ်တာကိုး။ ပထမတကြိမ်ကတော့ မဖြစ်မနေ အနေအထားမျိုးကြောင့် ငတ်ရင်ငတ်ပါစေ ဒီနေရာကနေ ထွက်မယ်ဆိုပြီး ရှောင် ပြီးသွားပြီ။ ရှောင်ပြီးသွားတဲ့ အနေအထားမျိုးမှာ ငတ်လည်းငတ်ခဲ့ကြပြီး။ အဲဒီလို လူတွေထဲမှာ ကိုယ့်အိမ်ကိုယ်ရာလေးကို ပြန် ကြည့် ကြရင်း ပြန်မထွက်နိုင်တဲ့သူတွေလည်း အများကြီး ရှိတယ်။
မေး။ ။ ပြန်မနေကြတဲ့သူတွေက ဘယ်လိုအခြေအနေတွေကြောင့်လဲ။
ဖြေ။ ။ ရက်တိုင်းနီးပါးကို ကျနော်တို့ပြန်ဝင်ကြည့်ဖြစ်တယ်။ ကိုယ့်အိမ်ကိုယ့်ရာမှာ နေလို့ရလားဆိုရင် ဘယ်လိုမှနေလို့မရဘူး။ အဆိုးဆုံး အခြေအနေက အိမ်ခေါင်မိုးတွေပျက်ပြီး မိုးရေတွေကြောင့် အိပ်ရာတွေကအစ မှိုတွေတက်၊ အနံ့တွေက တထောင်းထောင်းပေါ့နော်။ ဒီအနေအထားမျိုးမှာ ပြန်နေဖို့က ဘယ်လိုမှ အဆင်မပြေဘူးပေါ့နော်။ ပိုက်ဆံရှိတဲ့သူတွေနဲ့ လုပ်ငန်းရှင်တွေ အသိုင်းအဝိုင်းက ပြန်နေကြ တယ်ဆိုတာထက် ပြန်ဝင်ကြည့်ကြတယ်။ သူတို့ရဲ့ ပစ္စည်းတွေ အများအပြားသယ်ယူပြီးတော့ ပြန်ထွက်ကြတာ တွေ့ရတယ်။
တကယ့်တကယ်တမ်း ကျန်နေခဲ့တဲ့သူတွေက ပြန်ထွက်တဲ့သူတွေထက် အရေအတွက်များပြီး လက်လုပ်လက်စားတွေနဲ့ ငါတို့က တခြား နေရာမှာ နေလို့အဆင်မပြေတော့ဘူး။ ပိုက်ဆံမရှိကြဘူးဆိုတဲ့သူတွေက များတာတွေ့ရတယ်။ တခြားနေရာမှာ နေလို့အဆင်ပြေဘူး ဆိုတဲ့အခါမှာ အရဲစွန့်ပြီးနေကြတယ်။
မေး။ ။ လားရှိုးမှာ ပြန်နေကြတဲ့သူတွေများတော့ ဘယ်လိုမျိုး လုပ်ကိုင်စားသောက်နေကြတာများလဲ။
ဖြေ။ ။ ဈေးဆိုင်တွေက ပိုများလာတယ်။ လက်လုပ်လက်စားတွေက ငါတို့ဒီတိုင်းတော့ နေလို့မရဘူး။ တခုခု ဝင်ငွေအခွင့်အလမ်း ရှိအောင် ဆိုပြီးတော့ ဟိုဆိုင်ဖွင့် ဒီဆိုင်ဖွင့်ပေါ့။ လားရှိုးမြို့အဝင်ဆိုရင် ပွစိကို တက်နေတာ။ ၄၁ တို့ တပ်တွေနဲ့ ဘာတွေနဲ့နီးတော့ အဲဒီထဲတွေကိုချရင် မှန်ကုန်မှာတောင် စိုးရတယ်ပေါ့နော်။ ဈေးထိပ်တွေ ဘာတွေမှာဆိုလည်း အဲဒီလိုမျိုး။ လူတွေက စစ်ကြောင့် အလုပ်အကိုင်မရှိကြတော့ အဆင်ပြေတဲ့ဟာ လုပ်ကြမယ်ဆိုတဲ့ပုံစံမျိုးနဲ့ လုပ်နေကြတဲ့သူတွေ များတယ်။ ဆီဆိုင်တွေဆိုရင်လည်း အကုန်လုံးနီးပါး ပိတ်ထားတာ။ လားရှိုးမြို့အထွက်က ဆီဆိုင်တွေ တခုမှမရှိဘူး။ လားရှိုး မဝင်ခင် ရွာတွေထဲကပေါ့နော် အဲဒီလောက်မှာပဲ ဆိုင်တွေရှိတယ်။ လားရှိုးထဲကို ဝင်သွားပြီဆိုတာနဲ့ ဆီဆိုင်ရှေ့တွေမှာက ဆီပုံးလေးတွေနဲ့ရောင်းနေကြတာ ပိုများတယ်။ ဆိုတော့ လုပ်ငန်းရှင်တွေက မနေကြဘဲနဲ့ လက်လုပ်လက်စားသမားတွေပဲ ပြန်နေကြတာ များတယ်။ တကယ့်တကယ် ထိခိုက်နေကြတာလည်း အဲဒီလိုသူတွေပဲ များတယ်။
မေး။ ။ အခုလိုမျိုး ရှောင်ကြဖို့လည်း ခက်ခဲနေကြသလို တဖက်ကလည်း ဗုံးကြဲတာတွေက ညအချိန်မတော်တွေပါ လုပ်နေတော့ ဘယ်လောက်ထိ စိုးရိမ်ထိတ်လန့်နေကြရလဲ။
ဖြေ။ ။ သူ့ဘက်ကိုယ့်ဘက်ခွဲလို့ရှိရင် လက်နက်ကိုင်တွေကိုပဲ ခွဲပြောလို့ရမယ်။ လူထုကတော့ သူ့ဘက်ကိုယ့်ဘက်ဆိုတာက ဥပမာ ကျနော် က ကျနော်ကြိုက်တဲ့ဘက် ရှိရင်ရှိမယ်။ ကျနော် မကြိုက်တဲ့ဘက် ရှိရင်ရှိမယ်။ ဒါတွေဟာ ဘယ်သူမဆို လူထုပဲလို့ နားလည် တယ်။ ကျနော်တို့က လက်နက်ကိုင်ထားကြတာ မဟုတ်ဘူး။ ဒီလို အနေအထားမျိုးမှာကျတော့ သူတို့တွေက အဲဒီလိုမျိုး မဟုတ်ဘူး ပေါ့နော်။ လားရှိုးမြို့ထဲ မှာ မနေရဲအောင်၊ မနေဝံ့အောင် လုပ်နေတာ၊ NUG (အမျိုးသား ညီညွတ်ရေးအစိုးရ) အပါအဝင် EROs (တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့) တွေရဲ့ ထိန်းချုပ်မှုအောက်မှာ ပုံမှန်လည်ပတ်မှု မရနေအောင် အကုန်လုံးကြောက်လန့်စိတ်ရှိအောင် လုပ်နေတယ် လို့မြင်တယ်။
ဗုံးကြဲလို့ရှိရင် တပ် တွေနဲ့ သက်ဆိုင်တဲ့ နေရာ၊ နီးစပ်တဲ့နေရာတွေပဲ တွေးထားပေမယ့် တကယ့် တကယ်တမ်း ကြဲနေတာက ကျောင်းတွေ ပါတယ်။ ဈေးတွေ ပါတယ်။ လူနေရပ်ကွက်တွေ ဖြစ်နေတဲ့အခါမှာ အစိုးမရဘူးပေါ့နော်။ ငါတို့တော့ ဘယ်နေရာမှာ နေရင်လွတ်တယ် ဆိုတာမျိုး မသိရဘူး။ အဲဒီအတွက်ကြောင့် အမြဲ စိုးရိမ်ထိတ်လန့်နေရတယ်။
လူထုတွေအနေနဲ့က ဒီတိုင်းကြီး လိုက်ရှောင်နေလို့ မရဘူးလေ။ ကိုယ့်မြို့ကိုယ့်ရွာမဟုတ်တဲ့ အခြေအနေမျိုးမှာ ငွေကြေးက လိုအပ်တာ ကိုး။ ဒီမနက်တင်ကိုပဲ ကျနော်တို့အသင်းတော်က ငါတို့ ဒီနေရာတွေက မဖြစ်မနေ ရှောင်ဖို့ လိုအပ်လာပြီ၊ ရှောင်မယ်ဆိုရင် ပိုက်ဆံလို တယ်။ သူတို့ဆိုရင် တိုက်ပွဲဖြစ်ခဲ့တဲ့အချိန်မှာတောင် လားရှိုးမြို့ထဲ ရအောင်နေခဲ့ကြတဲ့သူတွေ၊ အခု ငါတို့တော့ လားရှိုးမြို့ထဲ ဆက်နေလို့ မဖြစ်တော့ဘူး။ ငါတို့အတွက် ပိုက်ဆံလိုတယ်လို့ ပြောလာတဲ့အခြေအနေမှာ စိုးရိမ်မှုတွေက အတော်ကြီးမားနေကြတယ်ပေါ့နော်။ ဘယ်နေရာတွေမှာ ကြဲမလဲ၊ ဘယ်လိုကြဲမလဲ မသိရတဲ့အခါမှာ စိုးရိမ်ပူပင်မှုတွေနဲ့အတူတူ လူထုတွေအနေနဲ့က ရှောင်လည်းမရှောင်နိုင်၊ နေလို့လည်းမရတဲ့ ဒုက္ခတွေကို ခါးစည်းခံနေကြရတယ်။
မေး။ ။ ဒေသခံတဦးအနေနဲ့ စစ်ကောင်စီအပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းတွေကို ဘယ်လိုများ ပြောချင်ပါသလဲ။
ဖြေ။ ။ ကျနော်တို့နိုင်ငံက အခုချိန်မှာ စစ်ဘေးတင်မကဘူးလေ။ ဘေးအအန္တရာယ်အမျိုးမျိုးကြုံနေရတဲ့ အခြေအနေမှာ တကယ်လို့သာ တောင်းဆိုလို့ရတယ် ဆိုရင်တော့ စစ်ကိုစစ်နဲ့ တူအောင် တိုက်စေချင်တယ်။ အုပ်ချုပ်သူတွေလို့ ခံယူထားတဲ့သူတွေက စစ်တိုက်တာ တခု တည်း မဟုတ်ဘူးပေါ့နော်။ ကူညီကယ်ဆယ်ရေးတွေမှာ သူတို့အနေနဲ့ တကယ်ဝင်ရမယ့် အရာတွေရှိနေပေမယ့် မလုပ်နေတဲ့ အကြောင်း အရာမျိုးတွေ ဖြစ်နေတယ်ပေါ့။ အဲဒါတွေကိုသာ ပြီးဆုံးအောင် လုပ်စေချင်တယ်။ အရပ်သားပြည်သူတွေကို မထိခိုက်တဲ့ နည်းလမ်းတွေနဲ့ တိုက်စေချင်တယ်။ ဒါတွေကိုပဲ တောင်းဆိုချင်ပါတယ်။
You may also like these stories:
စစ်ကောင်စီ ဗုံးဒဏ်အောက်က လားရှိုး
နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းကြပါတဲ့လား
လားရှိုး တောင်သူများ၏ မျှော်လင့်ချက်ရောင်ခြည်