ဇူလိုင် ၁၉ ရက်နေ့ မနက်ပိုင်းက အာဇာနည်နေ့ အခမ်းအနားကျင်းပရာ ရန်ကုန်မြို့အာဇာနည်ဗိမာန်ရှိရာကို ဒုတိ ယသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်၊ အမျိုးသားလွတ်တော် ဥက္ကဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ စုံစုံညီညီ တက် ရောက်ဂါရဝပြုခဲ့ကြတယ်။
ဒီလိုစုစုစည်းစည်း ညီညီညွတ်ညွတ် မြင်ရတာ ကျေနပ်အားရစရာ ကောင်းတယ်။ ဒီမြင်ကွင်းမျိုး မြင်ခွင့်ရဖို့ ပြည်သူတွေ နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ကြရတယ်။
တလျှောက်လုံး အာဏာနိုင်ငံရေး ခြေပုန်းခုတ်ခဲ့ရာက အများပြည်သူတွေ အတွက် တစိတ်တည်း တဝမ်းတည်း ဂုဏ်ပြု ပူဇော်ထိုက်သူတွေကို ဂုဏ်ပြုပူဇော်နိုင်အောင် လုပ်ပေးခဲ့ကြသူတွေကို ကျေးဇူးတင်ပါတယ်။ အာဏာရှင်တွေ လက်ထက် မှာတော့ ပြည်သူတွေကို အကြောက်တရားနဲ့ အုပ်စိုးခဲ့တာဖြစ်ပြီး ပြည်သူလူထုရဲ့ချဉ်ခြင်းအားလုံး မျက်ကွယ်ပြုခြင်း ခံခဲ့ကြရတယ်။ အရာရာကို အာဏာနိုင်ငံရေးလို့ စဉ်းစားဆုံးဖြတ်ခဲ့ကြတော့ ဘယ်သူ့အပေါ်မှ သဘောထား မကြီးနိုင်ခဲ့ကြဘူး။ အရာရာကို သေးသိမ်အောင် လုပ်ပစ်ခဲ့ကြတယ်။
အခုလို ပြည်သူတွေ အာဇာနည်ဗိမာန် တက်ရောက်ဂါရဝပြုခဲ့တော့ ဘာများ ယုတ်လျော့ခဲ့ပါသလဲ။ အတွင်းဝန်ရုံးမှာ ပြည်သူတွေ စုစုရုံးရုံး ဂါရဝပြုတာ ဘာများဖြစ်သွားခဲ့ပါသလဲ။ ဗိုလ်ချုပ်နေအိမ်ပြတိုက်ကို ပြည်သူတွေ တခဲနက်လာလို့ ဘာမှ ယုတ်လျော့မသွားခဲ့ပါဘူး။ အားလုံး အေးအေးချမ်းချမ်း အောင်အောင်မြင်မြင် ပြီးဆုံးခဲ့တာပဲ မဟုတ်ပါလား။
လူမှုကွန်ရက်မှာ တက်လာတဲ့ ဗီဒီယိုဖိုင်တခုဆိုရင် အဲဒီနေ့ (အာဇာနည်နေ့)မှာ မင်္ဂလာ ပွဲကျင်းပတဲ့အခါ (၁၀း၃၇)နာရီ လည်းရောက်ရော မင်္ဂလာခန်းမအတွင်းက လူအားလုံး မတ်တပ်ရပ် အရိုအသေပြုကြတယ်။ ဗီဒီယိုဖိုင်ကို ကြည့်ရှုခဲ့သူ အားလုံးက မင်္ဂလာပွဲက လူတွေကို ချီးကျူးထောပနာပြုခဲ့ကြတယ်။
အဲဒီလိုပါပဲ သမဂ္ဂဆိုတဲ့ အသုံးအနှုန်းလည်း မကြည့်ချင် မကြားချင်အောင် အာဏာပိုင်တွေက ကြောက်ရွံ့ခဲ့ကြတယ်။ အာဏာရှင်တွေဆိုတော့ အရာရာကို အာဏာထိုင်ခုံ လှုပ်မယ့်သူတွေအဖြစ် ရှုမြင်ခဲ့ကြပြီး သဘောထားကြီးရမယ့်ကိစ္စတွေမှာ သဘောထားသေးသိမ်ခဲ့ကြတယ်။
မြန်မာနိုင်ငံက သူ့ကျွန်ဘဝမှာ နေခဲ့ရတဲ့အပြင် အာဏာရှင်တွေအောက်မှာလည်း ရာစုတဝက်လောက်နေခဲ့ရတော့ ပညာရပ် နယ်ပယ်အသီးသီးမှာ ပညာရှင်တွေ မှေးမှိန်ခဲ့ကြရတယ်။ ပညာရပ်တွေ ပညာရှင်တွေကို မြေတောင်မြှောက်ဖို့ အမေ့မေ့ အလျော့လျော့ ဖြစ်ခဲ့ရတယ်။
အခုတော့ ပညာရှင်တွေက ပညာရပ်ဆိုင်ရာကိစ္စတွေ ပညာဉာဏ်ပါပါ လုပ်နိုင်ဖို့ အခွင့်အလမ်းတွေ ပေါ်လာတော့မှာလား လို့ မရဲတရဲ တွေးမိတယ်။ ပညာရဲ့သဘောက သိမ်မွေ့ နူးညံ့တယ်။ ဘယ်သူ့ရဲ့လောင်းရိပ်အောက်မှ ရှိမနေဘူး။ သီးခြား လွတ်လပ်တဲ့ သဘောလည်း ဆောင်တယ်။
“နှင်းခါးတွေ သိပ်သိပ်သည်းသည်း ကျနေရင် ပဲပင်လေးတွေ အညှောင့် မပေါက်နိုင်ဘူး”ဆိုတဲ့ ဆိုရိုးရှိတယ်။ ကျနော်တို့ဆီ မှာလည်း အခြေအနေ အကြောင်းကြောင်းကြောင့် ပညာတွေ အာဏာထီးရိပ်အောက် သွပ်သွင်းခြင်းခံခဲ့ရတယ်။ လောင်းရိပ်မိတဲ့ ပညာက ဘာမှ မဖြစ်ထွန်းခဲ့ဘူးဆိုတာ သမိုင်းသက်သေပါပဲ။
ကမ္ဘာ့အသိအမှတ်ပြုနိုင်လောက်တဲ့ မြန်မာပညာရှင်တွေ ပေါ်ထွန်းခဲ့ပေမယ့် မြေတောင်မြှောက်ရကောင်းမှန်းမသိလို့ ထင် ပေါ်သင့်သလောက် မထင်ပေါ်ဘဲ မှေးမှိန်ခဲ့ရတဲ့ ဖြစ်ရပ်တွေရှိခဲ့တယ်။
ပညာရပ်နယ်ပယ်မှာ မြန်မာစာပါမောက္ခ ဒေါက်တာလှဘေ၊ ပါဠိနဲ့ အရှေ့တိုင်းပါမောက္ခ ဦးဝန်(ဆရာ မင်းသုဝဏ်)၊ စာ ကြည့်တိုက်ပညာဌာန ဌာနမှူး ဦးသိန်းဟန်(ဆရာ ဇော်ဂျီ)၊ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း၊ ဘူမိပါမောက္ခ ဦးဘမော် (ပုံတောင်ပရိုင်းမိတ်တွေ ရှာဖွေတွေ့ရှိခဲ့သူ)၊ အက်တမ်သီအိုရီ ရှာဖွေတွေ့ရှိခဲ့သူ ရူပဗေဒပါမောက္ခ ဒေါက်တာ မောင်မောင်ခ စတဲ့ ပညာရှင်တွေ ထွက်ပေါ်ခဲ့တယ်။
တချို့သော ပညာရှင်တွေကို အာဏာရှင်တွေက အာဏာနိုင်ငံရေးရှုထောင့်က စဉ်းစားပြီး ဘေးကို ဖယ်ကြဉ်ခဲ့ကြတယ်။ ပညာရှင်တချို့ အာဏာလောင်းရိပ်အောက်က ရုန်းထွက်ပြီး ရေကြည်ရာမြတ်နုရာ ရောက်သွားခဲ့ရတယ်။ ဒီနေ့အချိန်မှာ မြန်မာနိုင်ငံဟာ တတိယကမ္ဘာထဲက တည်ဆောက်ဆဲနိုင်ငံ တနိုင်ငံမျှသာ ဖြစ်တယ်။
ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်ဖို့ ကုန်းရုန်းလုပ်ကြရမယ့်အချိန်လည်း ဖြစ်တယ်။ အဝေးရောက် ပညာရှင်တွေ ပြန်လာဖို့ အခြေ ချနေနိုင်အောင် ဖန်တီးပေးကြရပါလိမ့်မယ်။ အဲဒီလို ဖန်တီးရာမှာ ဝင်ငွေတခုတည်းမဟုတ်ဘဲ ပညာရှင်တွေ ပညာရပ်ကိစ္စ တွေ စိတ်အေးလက်အေး သုတေသနလုပ်နိုင်တဲ့ အခြေခံ အဆောက်အဦတွေ အပါအဝင် ရေခံမြေခံကောင်းတွေ ဖန်တီး ပေးရပါ့မယ်။
ပညာရှင်တွေဘက်ကလည်း ပြည်တွင်းမှာ လုပ်တဲ့အခါ ပြည်ပလောက် ဥစ္စာဓနမရတဲ့တိုင် ကိုယ့်မြေကိုယ့်ရေ ဆိုတဲ့ စိတ်နဲ့ ပညာရပ်တွေ တိုးတက်ဖွံ့ဖြိုးအောင် အားတက်သရော လုပ်ပေးဖို့ တာဝန်ရှိတယ်။ အရင်တုန်းက ဦးနှောက်ယိုစီးမှုသာရှိခဲ့ ပေမယ့် အခုနောက်ပိုင်းကာလတွေမှာ လုပ်အားယိုစီးမှုတွေအပြင် ကုန်ကြမ်းယိုစီးမှုတွေပါ ရှိနေတယ်။
အာဏာနိုင်ငံရေး နေဝင်လာတာနဲ့ အမျှ ပညာနိုင်ငံရေးက ရောင်နီပေါ်ဖို့ တာစူလာချေပြီ။ အာဏာက ယစ်မူးစေတဲ့ သ ဘောရှိတယ်။ အကြွင်းမဲ့ အာဏာကတော့ အလုံးစုံ ပျက်စီးစေပါတယ်။ ပညာနိုင်ငံရေးက ကိုယ်ကျင့်သိက္ခာနဲ့ မှတ်ကျောက် တင်ခံရတာဖြစ်တယ်။
တာဝန်ပြီးဆုံးလို့ ပြန်လည်ထွက်ခွာရတဲ့အခါ ပန်ကာဖြုတ်ယူတာ၊ ပန်းအိုးသယ်ယူတာ မလုပ်ကြရဘူး။ ဂုဏ်သိက္ခာရှိရှိ လက်ဆွဲနှုတ်ဆက်ပြီး ပျော်ပျော်ရွှင်ရွှင် လမ်းခွဲရဲရတယ်။
၂၁ ရာစု ကမ္ဘာကြီးထဲကို ဂုဏ်သိက္ခာရှိရှိ တိုးဝင်ချင်ရင် အာဏာနိုင်ငံရေး လက်ဆုပ်ဖြေကြရပါလိမ့်မယ်။ ပညာသည်သာ အခရာမို့ ပညာနိုင်ငံရေးနဲ့ ချဉ်းနင်း ဝင်ရောက်မှသာ ကမ္ဘာ့အလယ်မှာ ဝင့်ထည်မှာ ဖြစ်ပါတယ်။ ပညာရေးဖြင့် ခေတ်မီဖွံ့ ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီး တည်ဆောက်အံ့ ဆိုပြီး ဆိုင်းဘုတ်ထောင်ခဲ့တာ ဆယ်စုနှစ်တွေ ကျော်ခဲ့ပြီ။
ဆိုင်းဘုတ်ပညာရေးကနေ လက်တွေ့ပညာရေးဖြစ်အောင် အားလုံး ဝိုင်းဝန်းလုပ်ဆောင်ကြစေလိုပါတယ်။ လက်ခုပ်နဲ့ ဖြစ် စေ ကိုယ်တိုင်ပါဝင်ဖို့လို့ ဆိုထားတယ်မဟုတ်လား။
မိတ်ဆွေတို့ရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုနဲ့ အနာဂတ်ပန်းတိုင်ကို ပညာရပ်တွေနဲ့ လှမ်းကိုင်ကြရအောင်။
(သန်းနိုင်ဦးသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦး ဖြစ်သည်။)