ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ရန်ကုန်တိုင်း လွှတ်တော်အမတ် ၄ ပုံ ၁ ပုံက စုံစမ်းစစ်ဆေး စွပ်စွဲပြစ်တင် ကြားနာ(Impeachment) ဖို့ ဇွန်လ ၅ ရက်နေ့က ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုတဲ့ တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးတင်ဦးက ဦးဆောင်ပြီး ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)ဒုဥက္ကဋ္ဌ ဖြစ်တဲ့ လွှတ်တော်အမတ် ဦးကျော်ဇေယျနဲ့ တပ်မ တော်သား လွှတ်တော်အမတ်များက ထောက်ခံကာ ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေးမှာ တင်သွင်းတာကို တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက လက်ခံခဲ့ပါတယ်။
ပြောရမယ်ဆိုလျှင် လက်ရှိ ရန်ကုန်တိုင်းလွှတ်တော်မှာ အမတ် စုစုပေါင်း ၁၂၃ ဦးရှိပါတယ်။ အာဏာရပါတီ အန်အယ်လ်ဒီ အမတ်က ၈၇ ဦး၊ တပ်မတော်ကိုယ်စားလှယ်က ၃၁ ဦး၊ ပြည်ခိုင်ဖြိုး ၃ ဦး၊ အန်အယ်လ်ဒီပါတီက ထုတ်ခံရပြီးနောက် PPP ပါတီဝင်ဖြစ်နေတဲ့ ဦးကျော်ဇေယျက သီးသန့် ၁ ဦးနဲ့ ရခိုင်အမျိုးသားပါတီက ၁ ဦး ရန်ကုန်တိုင်းလွှတ်တော်မှာ ရှိနေပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက် ပုဒ်မ ၂၆၃(က)နဲ့ ၂၆၃ (ခ) အရ အမတ် ၄ ပုံ ၁ ပုံက စုပေါင်းပြီး စွဲချက် တင်ခွင့်ရှိတယ်ဆိုတဲ့ အချက်အရ အနည်းဆုံး အမတ် ၃၁ ယောက်က စွဲချက်တင်မှသာ စုံစမ်းစစ်ဆေး စွပ်စွဲပြစ်တင် ကြားနာမှုကို စတင်တာဖြစ်ပြီး အတိအကျပြောရရင် တပ်မတော် ၃၁ နေရာ၊ ပြည်ခိုင်ဖြိုး ၃ နေရာ၊ ပီပီပီ ၁ နေရာ၊ ရခိုင် အမျိုးသားပါတီ ၁ နေရာ စတဲ့ စုစုပေါင်း ၃၆ ယောက်လောက်က အခုလို စွဲချက် တင်ခဲ့တဲ့ သဘောရှိပါတယ်။
လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၂၆၃ (င) ၊ ပုဒ်မခွဲ (၁)နဲ့ (၂)အရ အမတ် ၁၂၃ ယောက်ရှိတဲ့ လွှတ်တော်မှာ အမတ် ၈၂ ယောက် (လွှတ်တော်အမတ် စုစုပေါင်း ၁၂၃ ယောက်ရဲ့ ၃ ပုံ၂ ပုံ)က ဒီ စွပ်စွဲပြစ်တင်မှုကို ထောက်ခံမှသာ ဦးဖြိုးမင်းသိန်း အနေနဲ့ ရာထူးက ရပ်စဲခံရမှာ ဖြစ်ပါတယ်။
အဲဒီလိုဆိုရင် အာဏာရပါတီ အန်အယ်လ်ဒီအမတ် လက်ရှိ တည်ဆဲ ၈၇ ယောက်မှာ ၄၆ ယောက်လောက်က ခုနက ပြောတဲ့ ပြည်ခိုင်ဖြိုးနဲ့ တပ်မတော် ၂ ခု ဦးဆောင်တဲ့ ၃၆ ယောက် အုပ်စုနဲ့ အတူထောက်ခံမှသာ ၈၂ မဲရမှာဖြစ်ပြီး ဦးဖြိုးမင်းသိန်း ရာထူးက ထွက်ရမယ့် သဘော ဖြစ်ပါတယ်။
ပုံမှန်အားဖြင့် တခြားမန္တလေးတိုင်းလို နေရာမျိုးမှာသာ အခုလိုပြသနာမျိုး ကြုံရရင်တော့ လူကြိုက်များတဲ့ လက်ရှိ ဝန်ကြီးချုပ်၊ အန်အယ်လ်ဒီပါတီ ဒုဥက္ကဋ္ဌ ၂ လည်းဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်သာ ဆိုရင်တော့ ဒီကိစ္စက အထူးတလည် ဆွေးနွေးစရာမလိုတဲ့ ကိစ္စပေမယ့် ရန်ကုန်တိုင်းကတော့ အခြေအနေမတူပဲ ဆွေးနွေးစရာတွေရှိတယ်လို့ စာရေးသူက မြင်ပါတယ်။
အခုဟာက ရန်ကုန်တိုင်းအနေနဲ့ ကြည့်မယ်ဆိုရင်တော့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းအနေနဲ့က ရာနှုန်းပြည့် အပြစ် ပြောစရာ မရှိလောက်အောင် လူကြိုက်များနေတယ်လို့ ပြောဖို့ အင်မတန်ခက်ပါတယ်။
အစောပိုင်းလများက တနင်္သာရီတိုင်းမှာ သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေ (Natural Disaster Management Law) နဲ့ ကိုဗစ် – ၁၉ ကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ နိုင်ငံတော်အဆင့် ဗဟိုကော်မတီက ချမှတ်ထားတဲ့ စည်းကမ်း တွေကို မလိုက်နာဘဲ ဘုန်းကြီးပျံပွဲကို လူအများကြီး စုရုံးပြီးလုပ်လို့ တနင်္သာရီတ်ိုင်းအစိုးရက ပွဲစီစဉ်သူတွေကို တရားစွဲဖို့ လုပ်ခဲ့ပါတယ်။
တဖက်မှာလည်း အင်းစိန်မှာ ခရစ်ယာန်တရားဟောဆရာ ဒေးဗစ်လားနဲ့ သူ့ကိုယုံကြည်သူတွေ လူစုဝေးတဲ့ ကိစ္စအရ သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေ (Natural Disaster Management Law)နဲ့ ကိုဗစ် – ၁၉ ကာကွယ် ထိန်းချုပ် ကုသရေးဆိုင်ရာ နိုင်ငံတော်အဆင့် ဗဟိုကော်မတီက ချမှတ်ထားတဲ့ စည်းကမ်းတွေကို မလိုက်နာမှုနဲ့ ဒေးဗစ်လားကို ဦးဖြိုးမင်းသိန်းဦးဆောင်တဲ့ ရန်ကုန်ုတိုင်းအစိုးရက တရားစွဲခဲ့တာ အများစု သိကြပြီး ဖြစ်ပါလိမ့်မယ်။
ဒီလုပ်ရပ်တွေဟာ တရားဥပဒေစိုးမိုးရေး ရှုထောင့်အရကြည့်မည်ဆိုလျှင် ဥပဒေရဲ့အထက်မှာ ဘယ်သူမှ မရှိသင့်ဘူးဆိုတဲ့ အယူအဆကို အကောင်အထည်ဖော်ရာ ရောက်တဲ့အတွက် ထိုအချိန်က ဝန်ကြီးချုပ်ရဲ့လုပ်ဆောင်ချက်ကို သဘောကျ ထောက်ခံခဲ့သူထဲ စာရေးသူ ကျနော်လည်း ပါဝင်ခဲ့ပါတယ်။
ဒါပေမယ့် တဖက်မှာ ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်အချို့ကိုယ်တိုင် ကိုဗစ် – ၁၉ ကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ နိုင်ငံတော်အဆင့် ဗဟိုကော်မတီကချမှတ်ထားတဲ့ ညွှန်ကြားချက်များနဲ့ သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေကို ချိုးဖောက်ကာ ဗဟိုအစိုးရက ချမှတ်ထားတဲ့ ဥပဒေနဲ့ ညွှန်ကြားချက်တွေကို မလိုက်နာဘဲ မေလ ၂၄ ရက်နေ့က ဗိုလ် တထောင်ဘုရားကို တခြားအစိုးရအဖွဲ့ဝင်တွေ၊ အရာရှိတွေနဲ့ အတူသွားကာ ရှင်ဥပ္ပဂုတ္တရေမျှောပွဲ ကျင်းပခြင်း၊ အစ်မတော်မြနန်းနွယ် နတ်ရုပ်တု နေရာ ရွှေ့ပြောင်းခြင်းစတဲ့ ကိစ္စတွေကို ပြုလုပ်ခဲ့ပါတယ်။
အဲဒီရက်ပိုင်းက မီဒီယာမှာ ပြည်သူအချို့က “ဝန်ကြီးချုပ်ဟာ ခရစ်ယာန်တရားဟောဆရာ ဒေးဗစ်လားကိုတော့ အရေးယူပြီး သူကိုယ်တိုင်ကတော့ နိုင်ငံတော်မှ ချမှတ်ထားတဲ့ ဥပဒေစည်းကမ်းတွေကို ချိုးဖောက်နေတယ်၊ ဒါဟာ အုပ်ချုပ်ရေးရှုထောင့်အရ ကြည့်ရင်လည်း အကျင့်ပျက်ခြစားမှု (Corruption) မြောက်သလို နိုင်ငံရေးရှုထောင့်အရ ကြည့်ပြန်ရင်လည်း ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ ဝန်ကြီးချုပ်က အခုလို ကပ်ရောဂါကာလ လူစုဝေးခွင့် ပိတ်ထားချိန် ဘာသာရေးပွဲ ကျင်းပခွင့်ရပြီး ခရစ်ယာန်တရားဟောဆရာ တရားဟောတော့ အရေးယူခံရတဲ့အထိ ဘာသာခြားလူနည်းစုအပေါ် ဖိနှိပ်မှု (Religious Minority Persecution)ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ သွားငြိနေတယ်”လို့ ဝေဖန်သူတွေအများစုက ပြောဆိုကြတာ တွေ့ရပါတယ်။
စာရေးသူလည်း ဝန်ကြီးချုပ်ရဲ့ ဒီလုပ်ရပ်ကို သဘောမကျတဲ့အပြင် ဥပဒေအရကြည့်ရင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြုမူခဲ့ပုံဟာ စုံစမ်းစစ်ဆေး စွပ်စွဲပြစ်တင်ကြားနာ (impeachment) လုပ်ခံရလောက်စရာဖြစ်တဲ့အထိ ဘောလုံးပွဲနဲ့ ခိုင်းနှိုင်း တင်စားသုံးသပ်ရရင် သူ့အရှိန်သူမထိန်းနိုင်ပဲဖြစ်တဲ့ လူကျွံဘောတွေက တကယ်လည်း ရှိနေပါတယ်။
ဒီနေရာမှာ စာဖတ်ပရိသတ်များ သတိပြုစေချင်တာက အကျင့်ပျက်ခြစားမှု – Corruption ဆိုတာဟာ လာဘ်လာဘ ငွေကြေးပစ္စည်း ဥစ္စာ တံစိုးလက်ဆောင်ယူတာ တခုတည်းကို ဆိုလိုတာ မဟုတ်ဘဲ နိုင်ငံတော်ရဲ့လွှတ်တော်က ဥပဒေပြုပြီး အစိုးရက အတည်ပြုထားတဲ့ ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းကို မသိလို့ ဖောက်ဖျက်မိသည်ဖြစ်စေ၊ သိလျက်နဲ့ ဖောက်ဖျက်မိ သည်ဖြစ်စေ အဲဒီလို ပြုမူမိခြင်းသည်လည်း အကျင့်ပျက်ခြစားမှုမြောက်ကြောင်း အဓိပ္ပာယ်ရပြီး ငွေကြေးနဲ့ တံစိုး လက်ဆောင် ပစ္စည်းယူတာ တခုတည်းကသာ အကျင့်ပျက်ခြစားမှုမြောက်တာ မဟုတ်ပါ။
အဲဒီတော့ ပြောရမယ်ဆိုရင် ဝန်ကြီးချုပ်ကို စုံစမ်းစစ်ဆေးစွပ်စွဲပြစ်တင်ကြားနာမှုဟာ လုပ်ကိုလုပ်ရမယ့်ကိစ္စ၊ အဲဒီလိုလုပ်ဖို့ ထောက်ခံအားပေးထိုက်တဲ့ ကိစ္စ ဖြစ်ပါတယ်။
ဒီမိုကရေစီစနစ်အရ ဗဟို သို့မဟုတ် ပြည်နယ်လွှတ်တော်တရပ်မှာ အတ်ိုက်အခံပါတီက အမတ်တွေက ဗဟို သို့မဟုတ် ပြည်နယ်တိုင်းအစိုးရ အကြီးအကဲကို သူ့လုပ်ရပ် မှားတာရှိရင်၊ တည်ဆဲစည်းမျဉ်းဥပဒေတွေကို ချိုးဖောက်တာရှိရင် ထောက်ပြ ဝေဖန်ထိန်းကျောင်းတာက ဒီမိုကရေစီစနစ်ရဲ့ အခြေခံသဘောတရားတွေထဲက ၁ ခုဆိုတာ နိုင်ငံရေး သိပ္ပံပညာရပ်မှာလည်း ဖော်ပြထားပြီးသားပါ။
ဒါပေမယ့် ပြသနာက ဒီ စုံစမ်းစစ်ဆေးစွပ်စွဲပြစ်တင်ကြားနာမှုကို ဘယ်သူတွေက အခု လုပ်သလဲဆိုတဲ့အချက်က ဒီနေရာမှာ စဉ်းစားသုံးသပ်စရာ ကိစ္စတခု ဖြစ်လာပါတယ်။
ဒါကို လုပ်ဆောင်သူ အတိုက်အခံအမတ် ၃၆ ဦးထဲက လူထုကရွေးတဲ့ အရပ်သားအတိုက်အခံပါတီ အမတ် အရေအတွက်က ပြည်ခိုင်ဖြိုးက ၃ ဦး၊ PPP ပါတီက ၁ ဦး၊ ရခိုင်အမျိုးသားပါတီက ၁ဦး စုစုပေါင်း ဒီ ၅ ဦးသာရှိကာ ကျန်တဲ့ ၃၁ ဦးက လူထုမဲနဲ့ ရွေးထားတာ မဟုတ်တဲ့ ခန့်အပ်ခံ တပ်မတော်သား လွှတ်တော်အမတ်တွေ ဖြစ်နေပါတယ်။
အဲဒီတော့ ဒီကိစ္စဟာ အာဏာရအန်အယ်လ်ဒီပါတီက တိုင်းလွှတ်တော်အမတ် ၈၇ ဦးထဲက အစိုးရ ဝန်ကြီးအဖွဲ့ထဲပါတဲ့ ဦးဖြိုးမင်းသိန်းအပါအဝင် အမတ် ၃၊ ၄ ဦး ကို ဖယ်လိုက်ရင် ကျန်တဲ့ အန်အယ်လ်ဒီအမတ် ၈၂၊ ၈၃ ဦးအတွက်တော့ စာရေးသူရဲ့ အမြင်အရ ပြောရရင် နိုင်ငံရေးအရ လုပ်ရကိုင်ရခက်တဲ့ အခြေအနေတရပ်ကို ရောက်စေပြီး ရွေးချယ်စရာ ပထမ နည်းအဖြစ် ဒီ စွပ်စွဲပြစ်တင်မှုကို ပါတီကချမှတ်တဲ့ အမိန့်နဲ့အတူ တညီတညွတ်တည်း ပယ်ချမလား စဉ်းစားစရာပါ။
ဒါမှမဟုတ် သူတို့ ၈၂၊ ၈၃ ဦးထဲက ၄၆ ဦးက ပါတီရဲ့ စည်းမျဉ်းစတာတွေ ဖောက်ထွက်ပြီး လူထုမဲနဲ့ သူ့သက်ဆိုင်ရာ မဲဆန္ဒနယ်မှာ အနိုင်ရထားတဲ့ အရပ်ဝတ်နဲ့အမတ် ၅ ဦး၊ လူထုမဲနဲ့တက်လာတာမဟုတ်တဲ့ တပ်မတော်သားအမတ် ၃၁ ဦးတို့ ပါဝင်တဲ့ ၃၆ ဦးနဲ့ မဲခွဲတဲ့နေ့ ယာယီပူးပေါင်းကာ ဦးဖြိုးမင်းသိန်းကို ဖြုတ်ချမလားဆိုတဲ့ ရွေးချယ်မှုဆိုင်ရာဒွိဟ (Choice of Dilemma)ကို ဖြစ်စေမှာဖြစ်ပြီး ဒီနေရာမှာ အတိုက်အခံအဖြစ် ဒီမိုကရေစီရေးလှုပ်ရှားခဲ့စဉ် ကတည်းက နိုင်ငံရေးသိပ္ပံဘာသာရပ်က ပြောတဲ့ ဒီမိုကရက်တစ် စံတန်ဖိုးတွေကို အလေးထားတဲ့ တိုင်းဒေသကြီးလွှတ်တော်အမတ်များအတွက်ဆိုရင် ဒီကိစ္စဟာ ပိုပြီးတော့တောင် လူထုကို မျက်နှာမူရတဲ့ သူတို့အတွက် မျက်နှာပူစရာ၊ ရွေးချယ်ရခက်တဲ့ အကျပ်အတည်း တခုဖြစ်စေမှာပါ။
ဆိုလိုတာက ဒုတိယနည်းကို ရွေးမယ်ဆိုရင် ဟိုဘက် အတိုက်အခံအုပ်စုက ဒီစွပ်စွဲပြစ်တင်မှုကို အဆိုတင်လာချိန် အဲဒီ အတိုက်အခံအုပ်စုထဲ လူထုက မရွေးကောက်တဲ့ တပ်မတော်သားအမတ် ၃၁ ဦးတောင် ပါဝင်နေချိန် ဒီအာဏာရပါတီ အမတ် ၈၇ ယောက်ထဲက ၄၆ ယောက်လောက်က အတူထောက်ခံမဲပေးတယ် ဆိုစေအုံး။ ဒီအနေအထားသည် မိခင် ပါတီကို သစ္စာဖောက်ရာ ကျသွားနိုင်သလို ဒီထက်ပိုဆိုးတာက ပါတီကပါ အထုတ်ခံရနိုင်ပြီး တဖက်မှာလည်း နိုင်ငံရေး သိပ္ပံ ဘာသာရပ်ကပြောတဲ့ ဒီမိုကရက်တစ် စံနှုန်းတွေအရ ကြည့်မယ်ဆိုရင် လူထုက မဲပေးရွေးကောက်ထားတာမဟုတ်တဲ့ စစ်သားအမတ်တွေနဲ့အတူ မဲပေးတဲ့နေ့ အဲဒီလိုပူးပေါင်းခဲ့ရင် အဲဒါဟာ မဲပေးခဲ့တဲ့လူထုအပေါ် သစ္စာဖောက်ရာကျနိုင်တဲ့ အခြေအနေမျိုးလို့ ဆိုရမှာဖြစ်ပါတယ်။
တဖက်မှာကျတော့လည်း ပထမနည်းလမ်းကိုသာ ရွေးမယ်ဆိုရင်လည်း သူတို့ ၈၇ ဦးထဲက ၄၆ ဦးက ဖောက်ထွက်ပြီး မဲခွဲတဲ့နေ့မှာ ဒီစွပ်စွဲပြစ်တင်မှုကို မထောက်ခံရင်လည်း ဒီမိုကရက်စံနှုန်းတွေအရ ကြည့်ရင်တော့ တိုင်းဒေသကြီး လွှတ်တော် အမတ်တွေဟာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအနေနဲ့ ဗဟိုအစိုးရက ထုတ်ထားတဲ့ ဥပဒေကိုတောင် မလိုက်နာဘဲ ချိုးဖောက်မိတဲ့အထိ အကျင့်ပျက်ခြစားမှုမြောက် (Corruption) တာကို ပါတီတူလို့ မသိချင်ယောင်ဆောင်ပြီး နိုင်ငံရေးသိပ္ပံ ဘာသာရပ်ကပြောတဲ့ ဒီမိုကရက်တစ် စံတန်ဖိုးတွေအရ အစိုးရတစ်ရပ်ရဲ့ အမှားကို ထိန်းကျောင်း စစ်ဆေးကြပ်မတ်ရမယ့် တာဝန်ကို ပျက်ကွက်ခဲ့တယ်လို့ အတိုက်အခံအချို့နဲ့ ပြည်သူအချို့က ယူဆဖွယ်ရာလည်းရှိနေပြန်ပါတယ်။
ဒါပေမယ့် တခုရှိတာက လက်ရှိမှာ ဒီစွပ်စွဲပြစ်တင်မှုကိစ္စဟာ လူထုမဲပေးထားတာ မဟုတ်တဲ့ အမတ်တွေ ပါဝင်နေတဲ့ အတွက် နိုင်ငံရေးမှာ ကိုယ်နဲ့ ပြိုင်ဖက်အုပ်စုရဲ့သဘောထားနဲ့ ဆန့်ကျင်ဘက်မတူတဲ့အရာကိုမှ ရွေးလုပ်လေ့ရှိကြတဲ့ နိုင်ငံရေးသမား သဘောသဘာဝအရ (စာရေးသူကိုယ်တိုင်လည်း နိုင်ငံရေးသမားလို့ ကိုယ့်ကိုယ်ကိုယ်ခံယူထားတဲ့အတွက် ဒီသဘောသဘာဝကို အပြစ်တင် မစောကြဘဲ မဝေဖန်လိုဘဲ နားလည်ပေးနိုင်ပါတယ်) စာရေးသူအပေါ်မှာပြောခဲ့သလိုပဲ ရွေးချယ်စရာ ၂ နည်းထဲက ပထမနည်းဖြစ်တဲ့ အာဏာရပါတီက ချမှတ်တဲ့စည်းမျဉ်းများအရ ဝန်ကြီးချုပ်အပေါ် စွပ်စွဲထားတဲ့ ဒီစွပ်စွဲပြစ်တင်မှုကို အာဏာရပါတီက အမတ်အားလုံး တညီတညွတ်တည်း ကန့်ကွက်မဲပေးတာမျိုးနဲ့သာ အဆုံးသတ်သွားဖို့ များပါတယ်။
စွဲချက်တင်တဲ့ ၂၀၂၀ ခုနှစ် ၊ ဇွန်လ ၅ရက်နေ့ကစရေမယ်ဆိုရင် ၂၀၂၁ခုနှစ်၊ မတ်လ ၃၀ ရက်နေ့အထိ ၉ လနဲ့ ၂၅ ရက်သာ ကျန်တော့တဲ့ ဝန်ကြီးချုပ်ရဲ့ ပထမသက်တမ်း လက်ကျန်ကာလကို အေးအေးဆေးဆေး အဆုံးသတ်သွားဖို့ အလားအလာ များပါတယ်။
ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကို ရန်ကုန်တိုင်းဝန်ကြီးချုပ်နေရာအတွက် နောက်ဒုတိယသက်တမ်း (၂၀၁၆ – ၂၀၂၁)ကို ပြန်အရွေးခံဖို့အတွက် နောက်လလောက်ကျရင် အန်အယ်လ်ဒီပါတီအနေနဲ့ လူထုကြား ထုတ်ပြန်ကြေညာဖွယ်ရှိနေတဲ့ ပါတီကိုယ်စားပြု ရန်ကုန်တိုင်းဒေသကြီး အမတ်လောင်းစာရင်းမှာ ဦးဖြိုးမင်းသိန်း ပြန်လည်ပါဝင်လာမှု ရှိ၊ မရှိကို စောင့်ကြည့်ရမှာဖြစ်ပြီး ပြန်လည်ပါဝင်လာမှု မရှိခဲ့ဘူးဆိုရင်တော့ အန်အယ်လ်ဒီပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၁ ဦးဖြစ်တဲ့ ဦးဖြိုးမင်းသိန်းရဲ့ ရွေးကောက်ခံန်ိုင်ငံရေးသမားဘဝဟာ ဒီရာထူးတာဝန် အနေအထားနဲ့ပဲ အဆုံးသတ် သွားတော့မှာလားဆိုတာ ပြောစရာ ဖြစ်လာပါတယ်။
ဒီနေရာမှာ နောက်ထပ် ပြောစရာ ၁ ခုက နောင်သက်တမ်းကာလမှာ အန်အယ်လ်ဒီပါတီ ပြန်အနိင်ရခဲ့ပြီး ရန်ကုန်တိုင်းကို အစိုးရဖွဲ့ရင် ထိုအချိန်မှာ အန်အယ်လ်ဒီပါတီက ဝန်ကြီးချုပ်နေရာကို ဦးဖြိုးမင်းသိန်းဖြစ်စေ၊ တခြားအန်အယ်လ်ဒီပါတီက ကိုယ်စားလှယ်အမတ် ၁ ဦးက ဝန်ကြီးချုပ်သစ်အဖြစ် အရွေးခံရသည်ဖြစ်စေ အခုလိုမျိုး ဥပဒေစည်းမျဉ်းကို ချိုးဖောက်မိခဲ့ရင် ထိုအချိန်မှာ အာဏာရပါတီ ပြန်ဖြစ်နေနိုင်တဲ့ အန်အယ်လ်ဒီပါတီက ရန်ကုန်တိုင်းလွှတ်တော်အမတ်အဖြစ် တာဝန် ထမ်းဆောင်သူတွေအနေနဲ့ အပေါ်မှာ ပြောခဲ့တဲ့ ရွေးချယ်မှု ဒွိဟ ၂ခု (Choice of Dilemma) ဖြစ်မှုကို ထပ်မံ ရင်ဆိုင် ကြုံတွေ့ရနိင်ပြီး ဒီ ရွေးချယ်မှုဒွိဟကို ဖောက်ထွက်ချင်ရင်တော့ နည်းလမ်းတခုပဲရှိပါတယ်။
အဲဒီနည်းလမ်းကတော့ ကိုယ့်ပါတီက ဝန်ကြီးချုပ်အနေနဲ့ ချမှတ်ထားတဲ့ ဥပဒေကို ချိုးဖောက်မိရင် တဖက်က လူထု ရွေးကောက်ခံ မဟုတ်တဲ့ တပ်မတော်သားအမတ်အများစု ပါဝင်နေပြီး လူထုမဲနဲ့တက်တဲ့ အရပ်သားအတိုက်အခံ အမတ် အနည်းစုသာ ပါဝင်တဲ့ နိုင်ငံရေးအုပ်စုက ကိုယ့်ပါတီက ဝန်ကြီးချုပ်ကို စုံစမ်းစစ်ဆေး စွပ်စွဲပြစ်တင် ကြားနာ (Impeachment) မလုပ်ခင် ကိုယ့်အာဏာရပါတီက အမတ်တွေကိုယ်တ်ိုင် သူတို့ထက်အရင် လက်ဦးမှုယူပြီး စည်းကမ်း ဖောက်ဖျက်တဲ့ ဝန်ကြီးချုပ်ကို ကိုယ်တိုင်အရင် စွဲချက်တင်လိုက်တဲ့နည်းကို လိုအပ်လာရင် အနာဂတ်မှာ အန်အယ်လ်ဒီ ပါတီအနေနဲ့ ရွေးချယ်ရမှာ ဖြစ်ပါလိမ့်မယ်။
နိုင်ငံရေးမှာ အာဏာရပါတီ တရပ်အနေနဲ့ နိုင်ငံရေး ကိစ္စတခုကို လွှတ်တော်ထဲ လုပ်ဆောင်ချင်ရင် (၁) အတိုက်အခံ အုပ်စုနဲ့အတူ ချစ်သော်ရှိ မုန်းသော်ရှိ ပူးပေါင်းညှိနှိုင်းပြီး ဆောင်ရွက်တာ သို့မဟုတ် (၂) အတိုက်အခံအုပ်စုက လုပ်လာ န်ိုင်ချေရှိတဲ့ကိစ္စကို သူတို့မလုပ်ခင် ကိုယ်က အာဏာရပါတီဖြစ်နေတဲ့ အချက်ကို အသုံးပြုပြီး သူတို့စမလုပ်သေးခင် ကိုယ်ကအရင် ပြုလုပ်ပြီး ပြည်သူဆီကပေးတဲ့အမှတ် (Credit) ယူမလား ဆိုတာက အာဏာရပါတီတရပ်အတွက် ရွေးချယ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။
ဒါကြောင့် အာဏာရပါတီပြန်ဖြစ်နိုင်ခြေရှိတဲ့ အန်အယ်လ်ဒီအနေနဲ့လည်း ၂၀၁၆ မတ်လကစပြီး ပြည်နယ်နဲ့ တ်ိုင်းအသီးသီးမှာ မိမိတို့ပါတီက တင်ထားတဲ့ ပြည်နယ်တိုင်းဝန်ကြီးချုပ်တွေ အခု ဦးဖြိုးမင်းသိန်း ဖြစ်သလို နိုင်ငံတော်ကချမှတ်တဲ့ ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေ ဖောက်ဖျက်ခဲ့ရင် ကျနော်အခုပြောသလို ရွေးချယ်မှု ၂ ခုထဲက ၁ ခုကို ရွေးချယ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။
ဆောင်းပါးထဲ ကျနော်ရေးသားခဲ့တဲ့ ရွေးချယ်ရန် နည်း ၂ နည်းထဲက ဒုတိယနည်းဖြစ်တဲ့ “လူထုမဲနဲ့ တက်လာတာ မဟုတ်တဲ့ ခန့်အပ်ခံ အမတ်အများစုပါတဲ့ နိုင်ငံရေးအုပ်စုက က်ိုယ့်ပါတီက ဝန်ကြီးချုပ်ရဲ့ စည်းကမ်းဖောက်ဖျက်မှုကို မစွပ်စွဲသေးခင် ကိုယ့်ပါတီက အရင်လက်ဦးမှုယူပြီး စွပ်စွဲပြစ်တင်တဲ့နည်းလမ်း”ကို အလျင်အမြန်ရွေးချယ်ကာ လူထုကပေးတဲ့ ချီးမွမ်းမှု (Credit)ကို ရယူဖို့ အရေးကြီးပါတယ်။
အနာဂတ်မှာ အန်အယ်လ်ဒီပါတီအနေနဲ့ ဒီလိုပြသနာမျိုး အလားတူဖြစ်ခဲ့ရင် အခု ကျနော်ရေးသားခဲ့သလို နည်းလမ်းအတိုင်း “လူထုမဲနဲ့ရွေးချယ် မခံရဘဲ လွှတ်တော်တွင်းကိုယ်စားပြုနေသူ နိုင်ငံရေးအုပ်စု”က ကိုယ့်ပါတီက ပြည်နယ်တိုင်း ဝန်ကြီးချုပ်ရဲ့ စည်းကမ်းဖောက်ဖျက်မှုကို အရင်စွပ်စွဲအပြစ်တင်တာ မလုပ်ခင် ကိုယ့်အာဏာရပါတီက အရင်လက်ဦးမှု ရယူကာ ဦးအောင်လုပ်ဆောင်ပြီး ပြည်သူဆီက ခရက်ဒစ် မရယူနိုင်ခဲ့ရင် အန်အယ်လ်ဒီပါတီ အနေနဲ့ ပြည်သူလူထု အများစုက ချစ်ခင်လေးစားမှု ရနေတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အလွန်ကာလမှာ ပါတီအတွက် လူထုပေးတဲ့ အမှတ်လျော့ကျနိုင်ခြေ ရှိနေပါတယ်။
ဒီလိုပြောလို့ စာရေးသူကို ပါတီထောက်ခံသူ စာဖတ်ပရိသတ်များက ဒီမေးခွန်းကို မေးနိုင်ပါတယ်၊ “အာဏာရပါတီက ပြည်နယ်တိုင်းဝန်ကြီးချုပ် ၁ ဦး အကျင့်ပျက်ခြစားရင် လူထုမဲနဲ့တက်လာတာမဟုတ်ဘဲ လွှတ်တော်ထဲ ရောက်ပြီး ကိုယ်စားပြုနေတဲ့ နိုင်ငံရေးအင်အားစုထက် အရင်လက်ဦးပြီး ကိုယ့်ပါတီက ဝန်ကြီးချုပ်ကို ကိုယ်တိုင်က အရင်စပြီး စွပ်စွဲပြစ်တင်ရင် တဖက်အတိုက်အခံအုပ်စု အလိုကျ ကိုယ့်တပ်ကို ပြန်နင်းသလိုဖြစ်သွားမှာပေါ့”လို့ ဆိုပြီး စာရေးသူကို ပြန်မေးလာနိုင်တာကို အခု ဒီဆောင်းပါးရေးနေစဉ် ကြိုတင် ခန့်မှန်းပြီးသားပါ။
ဒီမေးခွန်းအတွက် စာရေးသူပြန်ပေးလိုတဲ့အဖြေက “အဲဒီလိုလက်ဦးမှုယူပြီး ကိုယ့်ပါတီက ဝန်ကြီးချုပ်ရဲ့ အကျင့်ပျက် ခြစားမှုကို လူထုက မဲပေးရွေးတာ မဟုတ်ဘဲနဲ့ လွှတ်တော်မှာ ကိုယ်စားပြုခွင့် ရနေတဲ့ နိုင်ငံရေးအုပ်စုက စွပ်စွဲပြစ်တင်တာ မလုပ်ခင် ကိုယ်က အရင်လက်ဦးမှုယူပြီး ကိုယ့်လူကိုယ် စွပ်စွဲပြစ်တင်လို့ က်ိုယ့်တပ်ကိုယ် ပြန်နင်းသလိုမဖြစ်နိုင်ပါဘူး”လို့ စာရေးသူ ဖြစ်တဲ့ ကျနော်က ဖြေလိုက်ရပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးမှာ ကိုယ်နဲ့ ပြိုင်ဖက်အုပ်စုရဲ့ သဘောထားနဲ့ ဆန့်ကျင်ဘက်မတူတဲ့အရာကိုမှ ရွေးလုပ်လေ့ရှိကြတဲ့ နိုင်ငံရေးသမား သဘောသဘာဝအရ လူထုက မဲပေးရွေးခံရတာ မဟုတ်ဘဲ လွှတ်တော်ထဲဝင်ကိုယ်စားပြုနေတဲ့ ဗျူရိုကရက်တစ် အင်စတီကျုးရှင်းတခုက ဒီလူတွေသည်လည်း သူတို့ကိုယ်သူတို့ နိုင်ငံရေးသမားလို့ ခံယူသည်ဖြစ်စေ၊ မခံယူသည်ဖြစ်စေ၊ လွှတ်တော်ထဲရောက်ရင် နိုင်ငံရေးသမား တွေးသလိုတွေးမှာဖြစ်ပြီး နောက်ဆုံးဖြစ်နိုင်တာက အာဏာရ ပါတီဖြစ်တဲ့ ကိုယ်အုပ်စုနဲ့ မတူတဲ့ သဘောထားကိုပြတဲ့ အနေနဲ့ အကျင့်ပျက်ခြစားမှုမြောက်နေတဲ့ ကိုယ့်အာဏာရပါတီက ဝန်ကြီးချုပ်ကို ကိုယ်က စွပ်စွဲပြစ်တင်နေချိန်၊ သူတို့က ဒီလို ကိုယ်တွေက စွပ်စွဲပြစ်တင်တဲ့ ဝန်ကြီးချုပ်ကို ထောက်ခံ ပေးတာမျိုး လုပ်တဲ့အထိတောင် ပြန်ရွေးချယ်လာနိုင်ပါတယ်။
အဲဒီလို ကိုယ့်အာဏာရပါတီရဲ့ အမြင်နဲ့ ဆန့်ကျင်ပြီး တဖက်နိုင်ငံရေးအုပ်စုဖြစ်တဲ့ လူထုကမဲမပေးဘဲ ခန့်အပ်ခံစနစ်ကနေ ကိုယ်စားပြုတဲ့ နိင်ငံရေးအုပ်စုက ကိုယ့်အာဏာရပါတီက စွပ်စွဲပြစ်တင်တဲ့ ဝန်ကြီးချုပ်ကို ထောက်ခံခဲ့ရင်လည်း လူထုက ပေးတဲ့ ခရက်ဒစ်က သူတို့ဆီရောက်မသွားဘဲ အာဏာရပါတီဖြစ်တဲ့ ကိုယ့်ဆီ ရောက်လာမှာဖြစ်ပါတယ်။
တကယ်လို့များ အဲဒီအချိန် ကိုယ့်ပါတီက ဝန်ကြီးချုပ်ရဲ့ အကျင့်ပျက်ခြစားမှုကို ကိုယ်တွေ ကိုယ်တိုင်က အရင်လက်ဦးမှု ယူကာ စွပ်စွဲပြစ်တင်ချိန် သူတို့တဖက်က ရွေးကောက်ခံမဟုတ်တဲ့ နိုင်ငံရေးအုပ်စုက ကိုယ်တွေနဲ့အတူ စိတ်တူကိုယ်ပါ အဖြစ် အကျင့်ပျက်ခြစားတဲ့ ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်တာကို ထောက်ခံခဲ့ရင်လည်း အာဏာရပါတီဖြစ်တဲ့ အန်အယ်လ်ဒီပါတီအနေနဲ့ နိုင်ငံရေးအရ အရှုံး မရှိဘဲ အမြတ်သာရှိပါလိမ့်မယ်။
အဓိကအကြံပြုလိုတာကတော့ နောင် ၅ နှစ်သက်တမ်း (၂၀၁၆ – ၂၀၂၁)အတွင်းမှာ လက်ရှိအာဏာရပါတီအနေနဲ့ အခု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အကျင့်ပျက်ခြစားမှု မြောက်သလိုကိစ္စမျိုး တခြား မည်သည့် ပြည်နယ်တိုင်း ဝန်ကြီးချုပ် မဆို ကျူးလွန်ခဲ့ရင် ကျနော်အခုပြောသလို ရွေးချယ်မှု ၂ ခုထဲက ၁ ခုကို ရွေးချယ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။
ဆောင်းပါးထဲ ကျနော်ရေးသားခဲ့တဲ့ ရွေးချယ်ရန် နည်း ၂ နည်းထဲက ဒုတိယနည်းဖြစ်တဲ့ “လူထုမဲနဲ့ တက်လာတာ မဟုတ်တဲ့ ခန့်အပ်ခံ အမတ်အများစုပါတဲ့ နိုင်ငံရေးအုပ်စုက က်ိုယ့်ပါတီက ဝန်ကြီးချုပ်ရဲ့ စည်းကမ်းဖောက်ဖျက်မှုကို မစွပ်စွဲသေးခင် ကိုယ့်အာဏာရပါတီက အရင်လက်ဦးမှုယူပြီး စွပ်စွဲပြစ်တင်တဲ့နည်းလမ်း”ကို အလျင်အမြန်ရွေးချယ်ကာ လူထုကပေးတဲ့ ချီးမွမ်းမှု (Credit)ကို ရယူသင့်ပါကြောင်း သုံးသပ်တင်ပြရင်း ယခုရေးသားတဲ့ ဆောင်းပါးကို အဆုံးသတ်လိုက်ရပါတယ်။
(စာရေးသူသည် နိုင်ငံရေးနှင့် နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ ဆောင်းပါးများကို ရန်ကုန်အခြေစိုက် သတင်းစာ၊ ဂျာနယ်များတွင် ပုံမှန်ရေးသားနေသူတဦးဖြစ်သည်။)
You may also like these stories:
၂၀၂၀ အလွန် ဝန်ကြီးချုပ်အိပ်မက်
စွပ်စွဲပြစ်တင်မှုကို ရန်ကုန်တိုင်းဝန်ကြီးချုပ် အောင်မြင်စွာ ဖြတ်ကျော်နိုင်မလား
လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးတာ NLD မှာ အတွေ့အကြုံ များပြီ