ဆောင်းပါး

ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၂)

လက်နက်ကိုင်တပ်ဖွဲ့ ၁ ဖွဲ့ ဖွဲ့စည်းသည်နှင့် လိုအပ်ချက်များ များပြားပေသည်။ အမြဲတမ်းတပ်မတော်တရပ်တွင် ပိုမို၍ လိုအပ်ချက်များပြားသကဲ့သို့ တည်ထောင်ကာစ လက်နက်ကိုင်တပ်ဖွဲ့များတွင်လည်း အခြေခံလိုအပ်ချက်များရှိသည်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များသည် အမြဲတမ်းတပ်မတော်ကဲ့သို့ လိုအပ်ချက်များစွာကို ဖြည့်ဆည်းနိုင်စွမ်း မရှိသော်လည်း အခြေခံအချက် ၆ ခုအား မလွဲမသွေ ဖြည့်ဆည်းရန်လိုအပ်သည်။ ၎င်းတို့မှာ လူအင်အား၊ လက်နက် ခဲယမ်း၊ ရိက္ခာ၊ ဆေးဝါး၊ ဆက်သွယ်ရေးနှင့်ဘဏ္ဏာရေးတို့ ဖြစ်သည်။

AA ၏ လက်ရှိစစ်ဆင်လှုပ်ရှားနေမှု အခြေအနေအား အပိုင်း ၁ တွင် သုံးသပ်ခဲ့ပြီးနောက် AA အနေနှင့် ထိုအခြေခံအချက် ၆ ချက် ကိုဖြည့်ဆည်းနိုင်စွမ်းရှိ၊ မရှိအား ဆက်လက် သုံးသပ် ကြည့်ပါမည်။

AA ၏ လူအင်အား

လက်ရှိကာလ ရခိုင်ပြည်နယ်တွင် ရောက်ရှိလှုပ်ရှားနေသော AA ၏ လူအင်အား မည်မျှရှိသည်ကို အတိအကျ တွက်ချက်ရန် မလွယ်ကူပေ။ AAတပ်ဖွဲ့ကလည်း လျှို့ဝှက်ချက်အဖြစ် ထားရှိသည်ကို တွေ့ရသည်။ မည်သို့ပင် ဖြစ်စေ ပလက်ဝမြို့နယ် ဒေသခံများ မျက်မြင်တွေ့ခဲ့သည့် အင်အား ၄၀၀၀ ခန့်အား အခြေခံရမည်ဖြစ်သည်။ ထိုအင်အားအခြေခံနှင့် တိုက်ပွဲများ၏ အခြေအနေများအရ အောက်ပါအတိုင်း ခန့်မှန်းရပေသည်။

ရက် ၄၀ ကျော် ဖြစ်ပွားခဲ့သည့် မီးဝတိုက်ပွဲတွင်း၌ မီးဝဗျူဟာကုန်းအား ဝိုင်းထားခြင်း၊ ပလက်ဝဖက်မှသော်လည်းကောင်း၊ ကျောက်တော်ဖက်မှ သော်လည်းကောင်း လာသည့် စစ်ကူများအား ဖြတ်တောက်တိုက်ခိုက်ခြင်းတို့အား ကြည့်လျှင် ထိုတိုက်ပွဲ၌ AA အဓိက လှုပ်ရှားတပ်ဖွဲ့အနေဖြင့် အနည်းဆုံး အင်အား ၂၀၀၀ ခန့် အသုံးပြုရမည်ဟု ခန့်မှန်းရပြီး ပြောက်ကျားဒေသ ၄ ခု၌ ဒေသတခုလျှင် တပ်ဖွဲ့အင်အား ၅၀၀ ခန့်စီ ဖြန့်ခွဲ ရှိထားသည်ဟု ခန့်မှန်းသုံးသပ်ရသည်။ ထို့ကြောင့် တပ်ဖွဲ့အင်အား ၄၀၀၀ ခန့်အား ဖြန့်ခွဲလှုပ်ရှားနေသည်ဟု ခန့်မှန်းသုံးသပ်ရပါသည်။

၂၀၁၉ မှစ၍ ၂၀၂၀ မေလထိ တိုက်ပွဲကြီးငယ် ၁၀၀၀ ကျော်ခန့် ဖြစ်ပွားခဲ့ရာ AA တပ်ဖွဲ့အနေဖြင့် ကျဆုံးဒဏ်ရာရသူများ ရှိမည်ဖြစ်သည်။ သို့သော် တရားဝင်ထုတ်ပြန်မှုများ မရှိသဖြင့် ၁ နှစ်ကျော် အချိန်ကာလအတွင်း တိုက်ပွဲဖြစ်ပွားမှု ကြိမ်ရေများ အရ AA တပ်ဖွဲ့အနေဖြင့် ကျဆုံးဒဏ်ရာရရှိသူ ရာဂဏန်းခန့် ရှိနိုင်သည်ဟု ခန့်မှန်းရသည်။ ထို့ကြောင့် AA အနေဖြင့် လျော့ကျသွားသော စစ်အင်အားကို ပြန်လည်ဖြည့်တင်းရန် လိုအပ်ပေသည်။

အရှေ့မြောက်နယ်စပ်ရှိ သတင်းရင်းမြစ်များ အဆိုအရ ၂၀၁၇ ခုနှစ် ဧပြီလအထိ AA တပ်ဖွဲ့အနေဖြင့် စစ်သင်တန်း ပေးပြီးသူ အင်အား ၅၀၀၀ ခန့် ရှိသည်။ အရှေ့မြောက်တိုက်ပွဲများတွင် ကျဆုံးသူ ဆယ်ဂဏန်းခန့် အပါအဝင် အကြောင်း အမျိုးမျိုးကြောင့် နှုတ်ထွက်ခွင့်ပေးသူ ၅၀၀ ခန့်အား နှုတ်ပယ်လိုက်ပါက အင်အား ၄၅၀၀ ခန့်ကျန်ရှိသည်ဟုဆိုသည်။ ၂၀၁၉ ခုနှစ် နှစ်လည်ပိုင်းသတင်းပိုင်းများအရ အရှေ့မြောက်နယ်စပ်တွင် လေ့ကျင့်ပြီးသူ အင်အား ၁ သောင်းထိ ရှိလာသည်ဟု သိရသည်။

AA အနေဖြင့် အစပိုင်းတွင် လူသိနည်းပြီး အင်အားနည်းသော်လည်း ၂၀၁၂ နောက်ပိုင်း လူသိများလာသည်။ ၂၀၁၅၊ ၂၀၁၆ နောက်ပိုင်းစ၍ ရခိုင်လူထုကြားတွင် ရေပန်းစားသော အဖွဲ့အစည်းဖြစ်လာပြီး တပ်သားအင်အား တိုးပွားလာပုံရသည်။

၁၉၇၇ ခုနှစ်က KNU တွင် လေ့ကျင့်ခဲ့သော ALP/ALA တပ်ဖွဲ့များနှင့် KIA တွင်လေ့ကျင့်သော AIO/AIA တပ်ဖွဲ့များသည် ထိုင်းနယ်စပ် တရုတ်နယ်စပ်တို့တွင် လေ့ကျင့်ပြီးနောက် တောလမ်းအတိုင်း ရခိုင်ပြည်သို့ ပြန်လည်ချီတက်ရာ ချင်းပြည်နယ် အရောက်တွင် နှစ်ဖွဲ့လုံး တပ်မတော်၏ ပိတ်ဆို့ချေမှုန်းမှု ခံခဲ့ရသည်။ ထိုသင်ခန်းစာများအရ လက်ရှိ တရုတ်နယ်စပ်တွင် လေ့ကျင့်ထားသော AA တပ်ဖွဲ့ဝင်များအား ထိုသို့ ချီတက်သည့်နည်းလမ်း အားမသုံးဘဲ ပြည်တွင်းမှ အရပ်ဝတ် နှင့်ဖြစ်စေ သို့မဟုတ် ပြည်ပနိုင်ငံတခုအား ဖြတ်သန်း၍ဖြစ်စေ အသုံးပြု၍ ရခိုင်သို့ ပြန်လည်စေလွှတ်ပုံရသည်။

သို့ဖြစ်ရာ လက်ရှိ AA သည် တိုက်ပွဲများတွင် ဆုံးရှုံးသွားသော အင်အားများကို ပြန်လည်ဖြည့်စွမ်းနိုင်သည့် အင်အားရှိပြီး ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းက အင်အား ၄၀၀၀ ခန့် ပလက်ဝဒေသသို့ ရောက်ရှိပြီးနောက်ပိုင်း၂၀၁၉ နှင့် ၂၀၂၀ နောက်ပိုင်းတွင်လည်း အရှေ့မြောက်တွင် လေ့ကျင့်ပြီးသော ၎င်းတို့စစ်အင်အားများကို ဆက်လက်ဖြည့်တင်းနေသည်ဟု သုံးသပ်ရသည်။

ထို့ပြင် ၂၀၁၉ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားသည့် တိုက်ပွဲတခုတွင် AA စခန်းတခုကို တပ်မတော်က သိမ်းပိုက်ရာတွင် သစ်သားဖြင့်ပြုလုပ်ထားသည့် သေနတ်များအား သိမ်းဆည်းရမိခဲ့သည်။ ဤအချက်အလက်က တွေ့ မြင်နိုင်သည်မှာ AA တပ်ဖွဲ့သည့် ရခိုင်ပြည်နယ်အတွင်း၌လည်း တပ်သားသစ်များကို လေ့ကျင့်သင်တန်းပေးမှှုများ စတင်နေပြီဆိုသောအချက်ပင်ဖြစ်သည်။ ထို့ကြောင့် လက်ရှိအချိန်၌ AA တပ်ဖွဲ့တွင် လေ့ကျင့်ပြီးစစ်အင်အား အနည်းဆုံး တသောင်းခန့်ရှိပြီဖြစ်သည်။

လက်ရှိ ရခိုင်တွင် ရောက်ရှိနေသော အင်အားမှာ အနည်းဆုံး ၄၀၀၀ အထက်ရှိပြီး ကျဆုံး ဒဏ်ရာရ အင်အားများကိုလည်း ဖြည့်တင်းနိုင်စွမ်းရှိသည်ကို တွေ့ရသည်။ ထို့ပြင် ၂၀၁၉ ခုနှစ်မှစ၍ ရခိုင်ပြည်နယ်တွင် တပ်သားသစ်သင်တန်းများ စတင်နေပြီဟု သုံးသပ်ရပေသည်။

AA နှင့်လက်နက်ခဲယမ်း

လူသူစုဆောင်းပြီးသည့်နောက် လက်နက်ကိုင်တပ်ဖွဲ့တခုအတွက် အရေးပါသည်မှာ လက်နက်ခဲယမ်းဖြစ်သည်။ လက်ရှိ ရခိုင်ပြည်နယ်တွင် ရောက်ရှိနေသော AA တပ်ဖွဲ့ဝင်များသည် ခြေလျင်တပ်သုုံး ခေတ်မှီ ချေမှုန်းရေးရိုင်ဖယ်များကို ကိုင်ဆောင်ထားနိုင်သည်ကို တွေ့ရသည်။ မှန်ပြောင်းတပ်ဆင်ထားသည့် လက်ဖြောင့်တပ်သားသုံး အမေရိကန်လုပ် စနိုက်ပါသေနတ်များလည်း ကိုင်ဆောင်ထားနိုင်သည်ကို တွေ့ရသည်။

အကူပစ်လက်နက်များ အနေဖြင့် ၄၀ မမ အာပီဂျီ၊ ၁၀၇ မမ ရှော့တိုက်ဒုံး၊ ၆၀ မမ မော်တာများ ကိုင် ဆောင်နိုင်သည်ဟု သိရသည်။ လူမှုကွန်ရက်တွင် စစ်မြေပြင်၌ ၁၂.၇ မမ စက်သေနတ်ကြီး ပစ်ခတ်နေသည့်ပုံများကို တွေ့ရသော်လည်း အတည်ပြု၍ မရပါ။ ထို့အတူ အမြောက်ဟု ခေါ်ဆိုကြသည့် နောက်ပွင့်ရိုင်ဖယ်များ၊ မော်တာကြီးများ စသည့် လက်နက်ကြီးများ ကိုင်ဆောင်နိုင်ခြင်းတော့ မတွေ့ရသေးပါ။ ထို့ပြင် AA ခေါင်းဆောင်တဦးက FN 6 သို့မဟုတ် FN 7 ဖြစ်နိုင်သည့် လေယဉ်ပစ်ဒုံးကျည်ထမ်း၍ ရိုက်ထားသော ဓာတ်ပုံအား လူမှုကွန်ရက်တွင် တွေ့ရသော်လည်း လက်တွေ့ ရခိုင်စစ်မြေပြင်တွင် လေယာဉ် သို့မဟုတ် ရဟတ်ယာဉ် ၁ စီးစီးအား ပစ်ချသည့် အတည်ပြုနိုင်သည့် သတင်း မတွေ့ရသေးပေ။

သို့ဖြစ်ရာ AA အနေနှင့် လေယဉ်ပစ်ဒုံးကျည် ပိုင်ဆိုင်ခြင်း ရှိ၊ မရှိ သို့မဟုတ် ရခိုင် စစ်မြေပြင်သို့ ရောက်ရှိခြင်းရှိ၊ မရှိ အတည်ပြုန်ိုင်ခြင်း မရှိပါ။ သို့ဖြစ်ရာ AA တပ်ဖွဲ့အနေဖြင့် ခြေလျင်တပ်သုုံး ချေမှုန်းရေးရိုင်ဖယ်ကဲ့သို့ ခေတ်မှီ လက်နက်ငယ်များ တပ်ဆင်ထားပြီး အာပီဂျီ၊ ၆၀ မမ စသည့် အကူပစ်လက်နက်များ ပိုင်ဆိုင်ပြီး မြေပြင် အနီးကပ်တိုက်ပွဲများကို ကောင်းစွာတိုက်ခိုက်နိုင်သည့် လက်နက်ငယ်များကို ပိုင်ဆိုင်ထားသည်ဟု ဆိုနိုင်သည်။ အဝေးပစ်အနေဖြင့် ၁၀၇ မမ ရှော့တိုက်ဒုံးတမျိုးသာ တွေ့ရသေးပြီး အဝေးပစ်လက်နက်ကြီးနှင့် ဝေဟင်ပစ်လက်နက်ကြီး တပ်ဆင်နိုင်မှု အပိုင်း၌ အားနည်းနေဆဲဖြစ်သည်။

AA ၏ လက်နက်ရရှိရာ လမ်းကြောင်းမှာ KIA၊ UWSA၊ လာအိုနှင့် ထိုင်းနယ်စပ်တို့မှ ဖြစ်နိုင်သည်ဟု ဆိုကြသည်။ KIA နှင့် UWSA တို့ထံ လက်နက်ခဲယမ်း အကူအညီရရှိနိုင်သည် သို့မဟုတ် ဝယ်ယူရရှိနိုင်သည်ဟု အများက ခန့်မှန်း သုံးသပ် ကြသည်။ ထို့အတူ လာအိုနှင့် ထိုင်းနယ်စပ်တို့မှလည်း ဝယ်ယူရရှိနိုင်သည်ဟု ခန့်မှန်းသုံးသပ်ရသည်။ သို့သော် ထိုသတင်းများနှင့် ပတ်သက်၍ အတည်ပြုနိုင်ရန် လိုအပ်ဆဲဖြစ်သည်။

AA သည် လက်နက်ခဲယမ်းများ သယ်ဆောင်ရာတွင် ပြည်တွင်းလမ်းကြောင်းကိုလည်း အသုံးပြုသည်ကို တွေ့ရသည်။ ၂၀၁၆ ခုနှစ်တွင် AA မှ အဆင့်မြင့်တာဝန်ရှိသူတဦးအား ရန်ကုန်တွင် လက်နက်ခဲယမ်းနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ၎င်းသယ်ဆောင်လာသော လမ်းကြောင်းသည် ထိုင်းနယ်စပ်မှဟု သုံးသပ်ရသည်။ ၂၀၁၉ ခုနှစ်တွင် AA တပ်ဖွဲ့ဝင်အချို့အား ဖောက်ခွဲရေးပစ္စည်း အများအပြားနှင့်အတူ မန္တလေးတွင် ဖမ်းဆီးရမိခဲ့သည်။ ထိုပစ္စည်းများကို တရုတ်နယ်စပ်မှ သယ်လာပုံရသည်။ မြန်မာပြည် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများတွင် မှောင်ခိုကုန်ပစ္စည်းများအား လိုင်းကြေး၊ ဂိတ်ကြေးပေး၍ နေ့စဉ်လို သယ်ဆောင်နေကြသည်ဖြစ်ရာ AA အနေနှင့် ထိုအချက်ကို အခွင့်ကောင်းအဖြစ် ရယူအသုုံးချခဲ့ပုံရသည်။

ထို့ပြင် AA သည် ပြည်ပလမ်းကြောင်းများကို အသုုံးပြု၍ လက်နက်ခဲယမ်း သယ်သည်ကိုလည်း တွေ့ရသည်။ နိုင်ငံခြားသတင်းဌာနတခုဖြစ်သည့် theEasternlink.com တွင် AA တပ်ဖွဲ့သည် ပင်လယ်လမ်းကြောင်းမှ လက်နက်ခဲယမ်း အမြောက်အများ သယ်ဆောင်လာခဲ့ပြီး မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းဆုံရာနှင့် မဝေးသော မိုနာခါလီ Monakhali ကမ်းခြေတွင် ၂၀၂၀ ဖေဖော်ဝါရီ တတိယပတ်တွင် ချထားပေးခဲ့သည်။ ထိုကမ်းခြေမှတဆင့် စစ်တကောင်းတောင်ကြောအတိုင်း ဖြတ်သန်းပြီး ရခိုင်ဒေသအတွင်းသို့ သယ်ဆောင်သည်ဟု ဖော်ပြထားသည်။

ထိုနိုင်ငံခြားသတင်းတွင် AA သည် စစ်လက်နက်ပစ္စည်းများကို တရုတ်စစ်လက်နက်ပစ္စည်းကုမ္ပဏီ Norinco က ကြားခံများမှတဆင့် ထောက်ပံ့ခြင်းဖြစ်ကြောင်း ရေးသားဖော်ပြသည်။ မည်သို့ပင်ဖြစ်စေ AA သည် ပင်လယ်ရေကြောင်းကို အသုံးပြု၍ ဘင်္ဂလားဒေ့ရှ် နယ်မြေအစိတ်အပိုင်းအချို့အား ဖြတ်သန်းသယ်ဆောင်သည်မှာ ဖြစ်နိုင်ချေ များသည်ဟု ဆိုရမည်။ အဆိုပါ ပင်လယ်လမ်းကြောင်းမှ ရခိုင်သို့တင်သွင်းခြင်းအား ယခင် AA တည်ထောင်သူ ခိုင်ရာဇာ( ကွယ်လွန်) နှင့် အဖွဲ့က ၁၉၈၉ မှ ၁၉၉၈ အတွင်း ၄ ကြိမ်တိုင် သယ်ယူပို့ဆောင်ခဲ့ဘူးသည့် မှတ်တမ်းရှိသည်။

ဒုတိယ အနေဖြင့် နိုင်ငံရပ်ခြားသယ်ယူပို့ဆောင်သည့် လမ်းကြောင်းသည် အိန္ဒိယနိုင်ငံ နယ်စပ်အား ဖြတ်သန်း သယ်ဆောင်ခြင်းလည်း ဖြစ်နိုင်သည်ဟု အိန္ဒိယနှင့် ကူးလူးဆက်ဆံမှုများသည့် တမူး- မိုးရေး နယ်စပ်ဒေသ သတင်းအရင်းအမြစ်များက ဆိုပါသည်။ အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်တွင် မြောက်မှတောင်သို့ မြန်မာပိုင် ကချင်ပြည်နယ်သည် အိန္ဒိယပိုင် အရူနာချယ်ပရာဒေ့ရှ်ပြည်နယ်နှင့် လည်းကောင်း၊ မြန်မာပိုင် နာဂတောင်တန်းသည် အိန္ဒိယပိုင် နာဂလင်းနှင့် လည်းကောင်း၊ မြန်မာပိုင် တမူးဒေသသည် အိန္ဒိယပိုင် မဏိပူရပြည်နယ်နှင့် လည်းကောင်း၊ မြန်မာပိုင် ချင်းပြည်နယ်သည် အိန္ဒိယပိုင် မီဇိုရမ်ပြည်နယ်နှင့်လည်းကောင်း၊ မြောက်မှ တောင်သို့ အသီးသီး ဆက်စပ် ထိတွေ့နေသည်။

အိန္ဒိယနိုင်ငံအတွင်း မြောက်ဖက် အရူနာချယ် ပရာဒေ့ရှ်ပြည်နယ်မှ တောင်ဖက် မီဇိုရမ်ပြည်နယ်ထိ ကားဖြင့် ၂ ရက်ခရီးမျှ သွားလာရသည်။ သို့ဖြစ်ရာ AA တပ်ဖွဲ့သည် ကချင်ပြည်နယ်နှင့် ထိစပ်နေသော အရူနာချယ်ပရာဒေ့ရှ်ပြည် မှတဆင့် ချင်းပြည်နယ် ပလက်ဝနှင့် ထိစပ်နေသော မီဇိုရမ်သို့ ကားလမ်းကိုအသုုံးပြု၍ လက်နက်ခဲယမ်း သယ်ဆောင်သည် ဟူသည့် စိစစ်ဆဲသတင်းများ မြန်မာ-အိန္ဒိယနယ်စပ်တွင် ကြားသိရသည်။

သို့ဖြစ်ရာ AA သည် လက်နက်ခဲယမ်းများကို ပြည်တွင်းလမ်းကြောင်း၊ ပြည်ပလမ်းကြောင်းများအားလည်း အသုံးပြု၍ ရခိုင်ပြည်နယ်အတွင်းသို့ သယ်ပို့နေသည်ဟု ကောက်ချက်ချ၍ရသည်။ ဤတွင် ပေါ်ပေါက်လာသည့်မေးခွန်းမှာ ခဲယမ်းဟုဆိုလေ့ရှိသည့် ကျည်ဆံထောက်ပံ့မှု မည်သို့ရှိမည်နည်း ဆိုသည့်အချက် ဖြစ်သည်။

မေးသင့်သည့် မေးခွန်းဖြစ်ပေသည်။ ကျည်ဆံမရှိလျှင် သေနတ်များသည် တုတ်များဖြစ်သွားပေမည်။ အကဲခတ်လေ့လာသူ အချို့ တွက်ဆသည်မှာ AA သည် ရခိုင်သို့ သယ်ဆောင်ထားသည့် ခဲယမ်းသည် ၁ နှစ်စာခန့်သာ ရှိမည်၊ တနှစ်ကျော်လျင် တိုက်အားလျော့ကျသွားမည်ဟု ယူဆခဲ့ကြသည်။ ယခု တနှစ်ခွဲခန့် တိုက်ပွဲများ အရှိန်မလျော့သောအခါ AA အနေနှင့် ခဲယမ်းဖြည့်တင်းထားမှုမှာ ၂ နှစ်ခန့်သာ ခံနိုင်လိမ့်မည်ဟူ၍ ပြောင်းလဲတွက်ချက်ကြသည်ကို တွေ့ရသည်။

သို့သော် တနှစ်ခွဲခန့်အထိ AA ၏ ကျည်သုံးအားမှာ လျော့ကျခြင်း မရှိပေ။ ၂၀၂၀ မတ်လအတွင်းဖြစ်ပွားခဲ့သော ရက် ၄၀ ကျော် ကြာမြင့်သည့် မီးဝတိုက်ပွဲတွင် AA ၏ ကျည်သုံးအားကို တွေ့မြင်ရသည်။ ထိုသို့သော တိုက်ပွဲမျိုးတွင် AA တပ်ဖွဲ့ဝင်တဦး ကျည်ဆံ ၁၅၀ မှ ၂၀၀ ကြားမရှိလျှင် သို့မဟုတ် မသုံးလျှင် မတိုက်နိုင်ပေ။ တပ်ဖွဲ့ဝင် ၁ ဦးလျှင် ကျည် ၅၀ မျှဖြင့် တိုက်၍ရသော တိုက်ပွဲမျိုး မဟုတ်ပေ။ ထို့အတူ တပ်ဖွဲ့ဝင် ၁ ဦးလျှင် ကျည် ၅၀ မျှဖြင့် ကမ်းနီ တိုင်းဗဟို ၉ ကဲ့သို့ စခန်းမျိုးအား ဝင်ရောက်တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။ လူ ၁ ဦး ကျည် ၅၀ မျှသာ ဆိုပါက သာမန်ပြောက်ကျားလှုပ်ရှားရုံမျှသာ ဖြစ်နိုင်ပေလိမ့်မည်။ သို့ဖြစ်ရာ လက်ရှိအချိန်တွင် AA တပ်ဖွဲ့သည် ကျည်သုံးအား အတော်အသင့် ရှိသည်ဟု ဆိုရပေမည်။

ဤသို့ သုံးစွဲနိုင်ခြင်းမှာ အချက် ၂ ချက်ကြောင့် ဖြစ်နိုင်သည်။ ပထမအချက်မှာ AA တပ်ဖွဲ့သည် ၂၀၁၉ မတိုင်မီက လက်နက်ခဲယမ်းပို့ဆောင်စုပုံထားသော လက်နက်ခဲယမ်းများပေါ်တွင်သာ အသုံးပြုနေခဲ့သည် မဟုတ်ဘဲ ယနေ့ ကာလအထိ ဆက်လက်ပို့ဆောင်နိုင်နေ၍ဖြစ်သည်။ theEasternlink.com သတင်းအရလည်း ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ လကုန်ပိုင်းတွင် ပင်လယ်လမ်းကြောင်းကို အသုံးပြု၍ AA တပ်ဖွဲ့က လက်နက်ခဲယမ်းသယ်ဆောင်သည်ကို တွေ့ရှိရသည်။ သို့ဖြစ်ရာ AA သည် ၂၀၁၉ မတိုင်မီ သယ်ယူစုပုံထားသည့် လက်နက်ခဲယမ်းနှင့်သာ ရပ်တန့်နေသည် မဟုတ်ဘဲ လမ်းကြောင်းမျိုးစုံ အသုံးပြု၍ ယနေ့အချိန်ထိ ဆက်လက်သယ်ဆောင်နေသည်ဟု သုံးသပ်ရပေသည်။

ဒုတိယအချက်မှာ AA အနေနှင့် ကိုယ်ပိုင်လက်နက်ခဲယမ်း ထုတ်လုပ်ရန် ကြိုးပမ်းလာမှု ဖြစ်သည်။ ၂၀၂၀ ခုနှစ်အတွင်း တွေ့ဆုံမေးမြန်းခန်းတခုတွင် AA စစ်ဦးစီးချုပ်က ၎င်းတို့အနေဖြင့် ကိုယ်ပိုင်လက်နက်စက်ရုံ တည်ဆောက်သွားမည်ဟု ဆိုခဲ့သည်။ ၎င်းတို့အနေနှင့် ခေတ်မီစစ်လက်နက်ပစ္စည်းစက်ရုံ မထူထောင်နိုင်သော် အရှေ့မြောက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အစပြုသကဲ့သို့ လက်နက်ပြင်ရုံ၊ ကျည်ဆံနှင့် လက်ပစ်ဗုံးထုတ်လုပ်သည့် အလုပ်ရုံများ စတင် ထူထောင်ရန် ရည်ရွယ်ပုံရသည်။ အဆိုပါအလုပ်ရုံများမှာ တည်ဆောက်ရန် နေရာများများလည်းမလို၊ စက်ကရိယာ ပစ္စည်းလည်း ကြီးကြီးမားမား မလို၊ ကုန်ကြမ်းပစ္စည်းလည်း များများ မလိုအပ်ပေရာ အလုပ်ဖြစ်သည့် အလုပ်ရုံများ တည်ဆောက်လာနိုင်သည်။

အဆိုပါအလုပ်ရုံထွက် ခဲယမ်းများမှာ စနစ်ကျမှု အရည်အသွေး ကောင်းမွန်မှု နှင့်ပတ်သက်၍ လိုအပ်ချက်ရှိနိုင်သော်လည်း အလုပ်ဖြစ်မှုနှင့် လက်တွေ့သုံးစွဲရမှုတော့ ရှိနိုင်သည်။ ခွန်ဆာ၏ ပျက်သွားသော MTA အပါအဝင် အရှေ့နှင့် အရှေ့မြောက်နယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအပါ တိုင်းရင်းသားလက်နက်ကိုင်များသည် လက်နက် အလုပ်ရုံများ ထူထောင်နိုင်ခဲ့သည်ဖြစ်ရာ အနောက်နယ်စပ်၌ AA အဖွဲ့က လက်နက်အလုပ်ရုံတခု ထူထောင်နိုင်ခဲ့ပါက အံ့သြစရာမဟုတ်ပေ။

၂၀၂၀ အတွင်းရရှိသော မြေပြင်သတင်းများအရ မုဆိုးအဖြစ် တောလိုက်အလေ့အထ၌ မွေ့လျော်ကျွမ်းကျင်သော ပလက်ဝဒေသခံအချို့က AA တို့ သုံးစွဲသော ကျည်ဆံများသည် သိပ်ဝေးဝေးမပြေးဟု ဆိုကြသည်။ ထိုအချက်အလက်ကို ထောက်ရှုပါက ကျွမ်းကျင်မှုနှင့် နည်းပညာလိုအပ်ချက် ရှိနေသေးသော အလုပ်ရုံမှ ထွက်လာသော ကျည်ဆံများပေလော စဉ်းစားဖွယ်ဖြစ်ပေသည်။ သို့သော် ထိုကျည်ဆံများသည် လက်တွေ့ သုံးစွဲရန် အလုပ်ဖြစ်သည့် အခြေအနေတွင်တော့ ရှိသည်။ သို့ဖြစ်ရာ AA အနေဖြင့် ရခိုင်ပြည်နယ်အတွင်း၌ လက်နက်ခဲယမ်း အလုပ်ရုံများ တည်ထောင်နိုင်သည်ဟူ၍ အခိုင်အမာ မပြောနိုင်သေးသော်လည်း ထည့်သွင်းစဉ်းစားရမည့်အချက်ဖြစ်သည်။

ထို့ပြင် လက်နက်ကိုင်အဖွဲ့များ ကြာရှည်စွာ ရပ်တည်နိုင်ခဲ့သည့် မြန်မာပြည် မြောက်၊ အရှေ့မြောက်၊ အရှေ့နှင့် အရှေ့တောင်နယ်စပ်များဖြစ်သည့် တရုတ်၊ လာအို၊ ထိုင်းနယ်စပ်တလျှောက်တွင် ကြီးမားသော မူးယစ်ဆေးဝါး မှောင်ခိုဈေးကွက်နှင့်အတူ ကြီးမားသော လက်နက်မှောင်ခိုဈေးကွက်ရှိသည်။ ယနေ့ကာလ ရခိုင်ပြည်နယ် လက်နက် ကိုင်ပုန်ကန်ထကြွမှု အချိန်ကြာလာသည်နှင့်အမျှ အနောက်နယ်စပ်တွင်လည်း လက်နက်မှောင်ခိုဈေးကွက်တခု ပေါ်ပေါက်မလာနိုင်ဟု ပြော၍မရပေ။

လက်ရှိ မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်တွင် ကြီးမားသော မူးယစ်ဆေးဝါး မှောင်ခိုဈေးကွက် ၁ ခုရှိရာ လက်နက်မှောင်ခိုဈေးကွက် ၁ ခု ဖြစ်မလာနိုင်စရာ အကြောင်းမရှိပေ။ သို့ဖြစ်ရာ အနောက်နယ်စပ်တွင် လက်နက်မှောင်ခို ဈေးကွက် ဖြစ်ပေါ်လာနိုင်ချေကိုလည်း ထည့်သွင်းတွက်ချက်ရန် လိုအပ်ပေသည်။

ရခိုင်ပြည်နယ်တွင်းရှိ AA တပ်ဖွဲ့သည် တရုတ်၊ လာအို၊ ထိုင်းနယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များလောက် လက်နက်ခဲယမ်းရရှိရန် မလွယ်ကူသော်လည်း လက်ရှိအချိန်တွင် လက်နက်ခဲယမ်းဖြည့်တင်းနိုင်စွမ်း ရှိနေသေးသည်။ ဖြည့်တင်းနိုင်သည့် လမ်းကြောင်းနှင့်အလားအလာများရှိသည်ဟု သုံးသပ်ရပါသည်။

အပိုင်း ၃ ကို ဆက်လက်ဖော်ပြပါမည်။

You may also like these stories:

ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၁)

Loading