ဆောင်းပါး

ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၁)

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်အရေးဟုဆိုလျှင် ရခိုင်ပြည်နယ်ရှိ စစ်ပွဲသည် ထိပ်ဆုံး ရောက်နေသည့် ပြဿနာဖြစ်သည်ဟု ဆိုခြင်းနှင့် ပတ်သက်၍ ငြင်းပယ်ရန် မရှိပေ။ လက်ရှိ မြန်မာပြည်၏ ပြည်တွင်းစစ် (တပ်မတော်မှ သောင်းကျန်းသူ နှိမ်နင်းရေးစစ်ပွဲဟု သုံးပါသည်) တွင် အပြင်းထန်ဆုံး ဖြစ်ပွားနေသည်မှာ ရခိုင်စစ်မြေပြင်တွင် ဖြစ်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ဆက်စပ်နေသည့် ပလက်ဝမြို့နယ်မှသည် ရခိုင်ပြည်နယ်မြောက်ပိုင်းတခွင်ထိ ကျယ်ပြန့်လာပြီး ရခိုင်တောင်ပိုင်း အစပ်နား အထိ ကူးစက်လာသည်ကို တွေ့ရသည်။

ရခိုင်ပြဿနာ ဖြေရှင်းရေး ဆိုရာတွင် ရခိုင်စစ်ပွဲပြဿနာသည် ထိပ်ဆုံးဖြေရှင်းရမည့် ပြဿနာ ဖြစ်နေသည်။ ထိုသို့ ဖြေရှင်းနိုင်ရန် အဓိကကျသည့် AA လက်နက်ကိုင်တပ်ဖွဲ့နှင့် ပတ်သက်၍ ဦးစွာ စူးစမ်းလေ့လာသုံးသပ်ရန် လိုပေလိမ့်မည်။

AA နှင့် ရခိုင်စစ်မြေပြင်

၂၀၀၉ ခုနှစ်က တရုတ်နယ်စပ်တွင် စတင်ဖွဲ့စည်းခဲ့သော AA တပ်ဖွဲ့သည် ရခိုင်သို့ ပြန်လည်ထိုးဖောက်မှုများ ပြုလုပ်လာရာမှ ၂၀၁၅ ခုနှစ် မတ်လ ၂၉ ရက်တွင် ပလက်ဝမြို့နယ်အတွင်း တပ်မတော်နှင့် စတင်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု တပ်မတော်မှတ်တမ်းများအရ သိရှိရသည်။

သို့သော် ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၇နှင့် ၂၀၁၈ ခုနှစ်များတွင် တပ်မတော်နှင့် AA တို့ အကြား တိုက်ပွဲအချို့ မဆိုစလောက် ဖြစ်ပွားသည်မှအပ ပလက်ဝနှင့် ရခိုင်ပြည်နယ်အတွင်း AA ၏ စစ်ရေး လှုပ်ရှားမှုများကို သိသာလောက်အောင် မတွေ့ရပေ။

ထိုကာလသည် ၄ နှစ်ခန့် ကြာမြင့်ခဲ့ပြီး ထိုကာလအတွင်း AA သည် တရုတ်နယ်စပ် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက် ပိုင်းနှင့် ထိုင်းနယ်စပ်တို့တွင် လေ့ကျင့်ထားသော ၎င်း၏ တပ်ဖွဲ့ဝင်များအားလည်းကောင်း၊ စုဆောင်းရမိထားသော လက်နက်ခဲယမ်း မီးကျောက်များအားလည်းကောင်း ပလက်ဝနှင့် ရခိုင်မြောက်ပိုင်းသို့ နည်းလမ်းမျိုးစုံ သုံး၍ ပို့ဆောင်နေသည်ဟု သုံးသပ်ရပေသည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာလခန့်တွင် အိန္ဒိယနယ်စပ် ပလက်ဝမြို့နယ်အတွင်း AA တပ်ဖွဲ့ဝင် အင်အား ၃၀၀၀ မှ ၄၀၀၀ ခန့် အထိ ထင်ထင်ပေါ်ပေါ် လှုပ်ရှားလာသည်ကို တွေ့ရပြီး ၂၀၁၉ ခုနှစ်မှစ၍ ယနေ့ကာလထိ ပလက်ဝမြို့နယ်နှင့် ရခိုင် မြောက်ပိုင်းတွင် AA တပ်ဖွဲ့ဝင်များ ဖြန့်ကျက်လှုပ်ရှားလာပြီး တိုက်ပွဲများစွာ ဖြစ်ပွားနေသည်ကို တွေ့ရပေတော့သည်။

၂၀၀၉ ခုနှစ်တွင် လူအင်အား ၃၀ ပင်မပြည့်သည့် AA တပ်ဖွဲ့သည် ၁၀ နှစ်အကြာတွင် အင်နှင့်အားနှင့် သူ၏အစွမ်းအစကို ထုတ်ပြလာသည်ကို တွေ့ရသည်။

AA ၏ကြွေးကြော်သံနှင့်ရည်မှန်းချက်

AA ၏ကြွေးကြော်ထားသောလမ်းစဉ်မှာ ရက္ခိတ အမျိုးသားရေး လမ်းစဉ်ဖြစ်သည်။ AA ၏ ရည်မှန်းချက်မှာ ရခိုင်ပြည်နယ်အား ကွန်ဖက်ဒရေးရှင်း အဆင့်အတန်း ရရှိရန်ဖြစ်သည်ဟု ဆိုပါသည်။ ၂၀၁၉ ခုနှစ်အတွက် AA ၏ ကြွေးကြော်သံမှာ “Through the Strom၊ မုန်တိုင်းထဲမှာ ဖြတ်သန်းကြ” ဟူ၍ ဖြစ်ပြီး ၂၀၂၀ အတွက်ကြွေးကြော်သံမှာ “2020 Arakan dream၊ ၂၀၂၀ အာရကန်အိပ်မက်” ဟူ၍ဖြစ်သည်။

AA အနေဖြင့် ကြွေးကြော်သံ ထုတ်ပြန်ခဲ့သော်လည်း အကျယ်အဓိပ္ပါယ်ဖွင့်ဆိုမှုတော့ မရှိခဲ့ပါ။ ဤသို့သော အခြေအနေ အောက်တွင် လူအများကြား၌ ၂၀၁၉ ကြွေးကြော်သံနှင့် ပတ်သက်၍ ပြောဆိုဝေဖန်မှု အဓိပ္ပါယ်ဖွင့်ဆိုမှုများ မတွေ့ရ သလောက် ဖြစ်သော်လည်း ၂၀၂၀ အာရကန်အိပ်မက်နှင့် ပတ်သက်၍ ဖွင့်ဆိုမှုများကို တွေ့ရသည်။ အချို့က ၂၀၂၀ အာရကန်အိပ်မက်ဆိုသည်မှာ ၂၀၂၀ ခုနှစ်တွင် ရခိုင်လွတ်မြောက်ရေးကို ညွှန်းဆိုသည်ဟု အဓိပ္ပါယ်ဖွင့်ကြသည်ကို တွေ့ရသည်။

၂၀၁၈ နှစ်ကုန်တွင် အင်အား ၃၀၀၀၊ ၄၀၀၀ ခန့်ဖြင့် ရခိုင်သို့ စတင်ခြေချလာသော AA အနေဖြင့်၂ နှစ်အတွင်း ရခိုင် ပြည်နယ် လွတ်မြောက်ရေး ရယူနိုင်ရန် မဖြစ်နိုင်ပေ။ ဖြစ်နိုင်ခြေရှိသည်မှာ ၂၀၁၉ ခုနှစ်တွင် ပြင်းပြင်းထန်ထန် လုံးပမ်းပြီး ၂၀၂၀ တွင် ရခိုင်ပြည်နယ်၌ ခြေကုပ်ယူနိုင်ရေး၊ ရခိုင်ပြည်နယ်၌ အခြေခံစခန်းများ ဖွင့်လှစ်နိုင်ရေးကို ရည်ရွယ်သည်ဟု သုံးသပ်ရပေသည်။

ရခိုင်ပြည်နယ်ပြင်ပတွင် အင်အားစုဆောင်းဖွဲ့စည်းခဲ့ရသော AA တပ်ဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်တွင်း ခြေကုပ်ရရှိရေးသည် နိုင်ငံရေးအရဖြစ်စေ၊ စစ်ရေးအရဖြစ်စေ ဦးစွာ လိုအပ်ချက် ဖြစ်နေပေသည်။

AA ၏ တပ်ဖြန့်ခွဲလှုပ်ရှားမှူများ

၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ၂၀၂၀ မေလကုန်အထိ AA ၏လှုပ်ရှားမှုများကို သုံးသပ်ကြည့်ပါက AA အနေနှင့် အဓိက တောတွင်းလက်နက်ကိုင် ပြောက်ကျားစစ်ဆင်မှုနှင့် မြို့တွင်းပြောက်ကျားလှုပ်ရှားမှုဟူ၍ ၂ပိုင်း ခွဲကာ လှုပ်ရှားနေသည်။ အဓိက လှုပ်ရှားမှုမှာ တောတွင်း ပြောက်ကျားလှုပ်ရှားမှု ဖြစ်သည်ကို တွေ့ရသည်။

တောတွင်းပြောက်ကျားလှုပ်ရှားမှူ

AA ၏ အဓိက စစ်ရေးလှုပ်ရှားမှု ပုံစံဖြစ်သည်။ ၂၀၁၉၊၂၀၂၀ ခုနှစ်များတွင်း ဖြစ်ပွားသော တိုက်ပွဲများနှင့် AA ၏ စစ်ရေး လှုပ်ရှားမှုများအား သုံးသပ်ကြည့်ပါက AA အနေနှင့် အနည်းဆုံး ပြောက်ကျားဒေသ ၄ ခုနှင့် အဓိက လှုပ်ရှားတပ်ဖွဲ့ ၁ ခု ဖွဲ့စည်း လှုပ်ရှားနေသည်ဟု သုံးသပ်ရသည်။

အဆိုပါ ပြောက်ကျားဒေသ ၄ ခုမှာ ပလက်ဝဒေသ၊ မယူမြစ်( မေယုမြစ်)ဝှမ်း၊ ကုလားတန်မြစ်ဝှမ်းနှင့် လေးမြို့ မြစ်ဝှမ်းတို့ ဖြစ်သည်။

၁။ ပလက်ဝဒေသ

ပလက်ဝသည် ချင်းပြည်နယ်တွင် ပါဝင်သော်လည်း ချင်းပြည်နယ်ရှိ အခြားမြို့ရွာများသို့ သွားလာရေးခက်ခဲကာ ရခိုင် ပြည်နယ်နှင့်သွားလာရေး လွယ်ကူသည်။ ပလက်ဝတွင် တာဝန်ကျသည့် အစိုးရဝန်ထမ်းများသည် ရခိုင်ပြည်နယ်မှ တဆင့် ပလက်ဝသို့ သွားလာရသကဲ့သို့ ပလက်ဝအတွက် ကုန်သွယ်ရေးလမ်းကြောင်းမှာလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် အဓိက ဆက်သွယ်လျက်ရှိသည်။

ပလက်ဝမြို့နယ်အတွင်း ရခိုင်လူဦးရေ ၂၀% ကျော်မျှရှိသော်လည်း ပလက်ဝမြို့နယ်အတွင်း ဈေးစကားဟုခေါ်သည့် အများသုံးစကားမှာ ရခိုင်စကားဖြစ်သည်။ ရခိုင်မဟုတ်သည့် ချင်းအပါ အခြားတိုင်းရင်းသားများသည်လည်း ရခိုင်စကား ပြောဆိုနိုင်ကြသည်။

ပလက်ဝဒေသသည် တောတောင်ထူထပ်သည့်အပြင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် နယ်စပ်ချင်းကပ်နေသည်။ ထိုသဘာဝအခြေအနေ အချက်အလက်များကလည်း ပြောက်ကျားစစ်ဆင်နွှဲနိုင်သည့် မြေပြင်အခြေအနေကို ဖန်တီးပေးနေသည်။ ထို့ပြင် ပလက်ဝဒေသသည် ရခိုင်မြောက်ပိုင်းနှင့် တဆက်တည်း ဖြစ်သည်။ ဤသို့သော အခြေအနေ အောက်တွင် AA သည် ပလက်ဝဒေသအား အဓိက ခြေကုပ်စခန်းအဖြစ်ရယူပြီး ရခိုင်မြောက်ပိုင်းအား ထိုးဖောက်ခဲ့ခြင်း ဖြစ်ပုံရသည်။

သို့သော် ပလက်ဝဒေသတခုတည်း ပြောက်ကြားဒေသ ဖော်ဆောင်ပါက မြန်မာစစ်ဖက်၏ ဝိုင်းဝန်းပိတ်ဆို့မှုကို ခံရမည် ဖြစ်ရာ ရခိုင်မြောက်ပိုင်းတွင်လည်း ပြောက်ကျားဒေသများ တဆက်တည်း ဖော်ဆောင်ခဲ့သည်။ ရခိုင်မြောက်ပိုင်းသည် နတ်မြစ်၊ မယူမြစ်(မေယုမြစ်)၊ ကုလားတန်မြစ်၊ လေးမြို့မြစ် စသည့် မြစ် ၄ စင်း၏ မြစ်ဝှမ်းများပေါ်တွင်ရှိသည်။ ထိုမြစ် ၄ စင်းသည် မြောက်မှတောင်သို့ စီးဆင်းနေပြီး အနောက်မှ အရှေ့သို့ အစီအရီတည်ရှိသည်။

မြစ်တို့ဝဲယာတွင် မြစ်ဝှမ်းများရှိပြီး လယ်များနှင့် ရွာများ တည်ထားသည်။ မြစ်ဝှမ်းတခုနှင့်တခုကြားတွင် မြင့်မားသော တောင်တန်းများ စီးဆင်းနေသည်။ နတ်မြစ်၊ မယူမြစ်(မေယုမြစ်)၊ ကုလားတန်မြစ်နှင့် လေးမြို့မြစ်ကြားရှိ တောင်တန်းများသည် ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နှင့် မြောက်ဦး အစပ်တွင် အဆုံးသတ်သည်။ လေးမြို့မြစ်အရှေ့ ဘက်ရှိ ရခိုင်ရိုးမကား ရခိုင်တောင်ပိုင်းထိ ထိုးဆင်းသွားသည်။

ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး တောင်ဖက်ခြမ်းရှိ မင်းပြား၊ မြေပုံ၊ စစ်တွေဒေသကား ကျယ်ပြန့်သော မြစ်ဝှမ်း ကြီးဖြစ်သွားပြီး တောတောင်မရှိတော့ပေ။ နတ်မြစ်၏ အနောက်ဖက်ခြမ်းသည် ဘင်္ဂလားဒေ့ရှ် ပိုင်နက်ဖြစ်ပြီး နတ်မြစ် အနောက်ဖက်ခြမ်းနှင့် မယူ(မေယု) တောင်တန်းကြားတွင် ဘင်္ဂါလီရွာများသာ အများစုရှိပေရာ AA တပ်ဖွဲ့၏ ပြောက်ကျားဒေသ ထိုးဖောက်မှုကို နတ်မြစ်ဝှမ်းတွင် မတွေ့ရဘဲ ကျန်မြစ် ၃ စင်းတွင် တွေ့ရသည်။

သို့သော် တောတောင်နည်းပါးသော မြစ်ဝှမ်းဒေသကြီးဖြစ်သည့် မြေပုံ၊ ပေါက်တော၊ စစ်တွေဒေသတွင် လက်နက်ကိုင် ပြောက်ကျား လှုပ်ရှားမှုကို သိသာစွာ မတွေ့ရပေ။

၂။ မယူမြစ်ဝှမ်း (မေယုမြစ်ဝှမ်း)

မယူမြစ်ဝှမ်းတွင် ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များရှိသည်။ မြစ်ဝှမ်း၏ အနောက်အရပ်တွင် မယူတောင်တန်းရှိပြီး အရှေ့အရပ်တွင် စိုင်းတင်၊ သြရမ၊ လောရမတောင်ကြောများရှိပြီး တောင်ဘက် ဘဲငါးရာတောင်ကြောထိ သွယ်တန်း နေသည်။

၃။ ကုလားတန်မြစ်ဝှမ်း

ကုလားတန်မြစ်ဝှမ်းတွင်ရှိသော ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ် တို့တွင် လှုပ်ရှားသည်ကို တွေ့ရသည်။ မြစ်ဝှမ်း၏ အနောက်တွင် စိုင်းတင်၊ သြရမ၊ လောရမ၊ ဘဲငါးရာတောင်တို့ သွယ်တန်းနေပြီး အရှေ့အရပ်တွင် ဆင်တောင်ကြိုးဝိုင်းဟု သတ်မှတ်ထားသော တောထူထပ်သည့် ဝက်သထိုး တောင်ကြောရှိသည်။

၄။ လေးမြို့မြစ်ဝှမ်း

လေးမြို့မြစ်ဝှမ်းတွင်ရှိသော မြောက်ဦးနှင့် မင်းပြားမြို့နယ်များတွင် လှုပ်ရှားမှု ရှိသည်။ မြစ်ဝှမ်း၏ အနောက်တွင် အစိုးရက ဆင်တောင်ကြိုးဝိုင်းဟု သတ်မှတ်ထားသော ဝက်သထိုးတောင်တန်း ရှိပြီး အရှေ့ဘက်တွင် မြင့်မား မတ်စောက်သော ရခိုင်ရိုးမ တောင်ကြောများရှိသည်။ လေးမြို့မြစ်အရှေ့ဘက် ရခိုင်ရိုးမသည် အမ်းမြို့နယ်ကျော်၍ ရခိုင်တောင်ပိုင်းထိ ရှည်လျားသည်။

အဆိုပါမြစ်ဝှမ်းသုုံးခုရှိ မြစ်လက်တက်၊ ချောင်းလက်တက်များနှင့် ဝဲယာရှိမြင့်မားမတ်စောက်သော တောင်ကြောများတွင် AA တပ်ဖွဲ့များ လှည့်လည်လှုပ်ရှား၍ ပြောက်ကျားဒေသ တည်ဆောက်ရန် လုံးပမ်းနေသည်။

ပြောက်ကျားဒေသဖော်ဆောင်ရေးအတွက် ဖော်ပြပါ ပြောက်ကျားဒေသ ၄ ခုတွင် လူထုစည်းရုံးရေး၊ ရိက္ခာနှင့် သတင်း စုဆောင်းရေး၊ အခြေစိုက်စခန်းများ၊ လျို့ဝှက်စခန်းများတည်ဆောက်ခြင်း တို့အပြင် တိုက်ပွဲငယ်အချို့လည်း ဖော်ထုတ် နေသည် ဖြစ်ရာ ၂၀၁၉ ခုနှစ်မှစ၍ ယနေ့အထိ ထိုဒေသများတွင် တပ်မတော်နှင့်လည်း တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားနေသည်ကို တွေ့ရပေသည်။

ထို့ပြင် အဆိုပါပြောက်ကျားဒေသ ၄ ခုသည် တဆက်စပ်တည်း ဖြစ်ရာ အပြန်အလှန်ပံ့ပိုးရန်၊ လျင်လျင်မြန်မြန် ဆက်သွယ်ရန် အားကောင်းသည့်အပြင် ပြောက်ကျားဒေသ ၁ ခုတွင် တပ်မတော်ထိုးစစ်ပြင်းထန်ပါက နီးစပ်ရာ ပြောက်ကျားဒေသသို့ အလွယ်တကူ တိမ်းရှောင်နိုင်ပေသည်။

အဓိက လှုပ်ရှားတပ်ဖွဲ့ AA အနေနှင့် အဆိုပါပြောက်ကျားဒေသ ၄ ခုအပြင် အဓိက လှုပ်ရှားတပ်ဖွဲ့ ၁ ခုဖွဲ့စည်းထားပြီး အဆိုပါပြောက်ကျားဒေသ ၄ ခုအား အထောက်အကူပြုရေးနှင့် တဖက်ရန်သူ၏ သက်ရှိ အင်အားချေမှုန်းရေး လုပ်ဆောင် နေသည်ကို တွေ့ရှိရသည်။ ၂၀၁၉ ခုနှစ် အတွင်းဖြစ်ပွားသည့် ၉ ရက်ကြာ ဗုဒ္ဓေါကျေးရွာတိုက်ပွဲ၊ ၂၀၂၀ ခုနှစ်အတွင်း ဖြစ်ပွားသည့် ရက် ၄၀ ကျော်ကြာမြင့်သည့် မီးဝတိုက်ပွဲတို့အပါအဝင် တိုက်ပွဲကြီးအချို့သည် AA ၏ အဓိက လှုပ်ရှားတပ်မှ တိုက်ခိုက်ခြင်း ဖြစ်သည်ဟုသုံးသပ်ရသည်။

အဓိက လှုပ်ရှားတပ်နှင့် ပြောက်ကျားတပ်ဖွဲ့များ ပေါင်းစပ်စစ်ဆင်ခြင်း၊ အခြေခံဒေသ တည်ဆောက်ခြင်းသည် မော်စီ တုန်း၏ စစ်ရေးနည်းနာ၊ တရုတ်၏ စစ်ရေးနည်းနာများ ဖြစ်သည်။ အရှေ့မြောက်နယ်စပ်တွင် KIA နှင့် ပူးတွဲ၍ တိုက်ပွဲ ဝင်ခြင်း၊ MNDAA ကိုးကန့်အဖွဲ့နှင့်တွဲ၍ လှုပ်ရှားစစ်ဆင်ခြင်းတို့တွင် ပါဝင်တိုက်ခိုက်ခဲ့ဘူးသည့် AA တပ်မှူးတပ်သားများ သည် အရှေ့မြောက်နယ်စပ်မှ စစ်ရေးနည်းနာနှင့် အတွေ့အကြုံများ ရလာခဲ့ပုံရသည်။

ချုပ်၍ဆိုရလျှင် AA အနေဖြင့် အဓိကလှုပ်ရှားတပ်ဖွဲ့နှင့် အနည်းဆုံးပြောက်ကျားဒေသတပ်ဖွဲ့ ၄ ဖွဲ့ခွဲ၍ ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ပလက်ဝမြို့နယ်တို့အတွင်း ပြောက်ကျားစစ်ပွဲဆင်နွှဲနေသည်ဟု သုံးသပ်ရပါသည်။

မြို့တွင်းပြောက်ကျားလှုပ်ရှားမှု

AA တပ်ဖွဲ့ဝင်များသည် အစိုးရနှင့် တပ်မတော်ထိန်းချုပ်မှုအောက်ရှိ မြို့ရွာများတွင် အရပ်သားအသွင်ဖြင့် နေထိုင်လှုပ်ရှားသည်ဟု သုံးသပ်ရသည်။ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ အမ်း၊ မအီ၊ ကျောက်ဖြူ စသည့်မြို့များတွင် AA တပ်ဖွဲ့ဝင်အချို့၏ တိုက်ခိုက်မှု၊ သုတ်သင်ရှင်းလင်းမှု အချို့ကို တွေ့ရသည်။ တောင်ကုတ်နှင့် မအီကြားတွင် လုံခြုံရေး တပ်ဖွဲ့ စီးနင်းလိုက်ပါသော ယာဉ်တန်းအား တိုက်ခိုက်ခြင်းမျိုးသည် မြို့တွင်းပြောက်ကျား တပ်ဖွဲ့၏ တိုက်ခိုက်မှုမျိုးဟု ယူဆရသည်။

သို့သော် တခုလုံးအရ သုံးသပ်ပါက မြို့တွင်းပြောက်ကျားတပ်ဖွဲ့၏ တိုက်ခိုက်ရေး လှုပ်ရှားမှုများသည် အရှိန်အဟုန် မပြင်းလှသကဲ့သို့ အကြိမ်ရေလည်း မများလှပေ။ စည်းရုံးရေးလုပ်ငန်းကို အဓိကထားပုံရသည်။

မြေပြင်သတင်းများအရ အဆိုပါ မြို့တွင်းပြောက်ကျား လှုပ်ရှားမှုသည် AA လက်နက်ကိုင်တပ်ဖွဲ့ဆိုသည့် စည်းရုံးရေး ပုံစံထက် ULA (ရခိုင်အမျိုးသား အဖွဲ့ချုပ်) စည်းရုံးရေးပုံစံဖြင့် လှုပ်ရှားပုံက ပိုများသည်။ ULA အနေနှင့် မြို့တွင်းတိုက်ပွဲ ဖော်ဆောင်ရေးထက် မြို့ပေါ်နှင့် AA လက်နက်ကိုင်တပ်ဖွဲ့ဝင်များ မရောက်နိုင်သည့် ကျေးရွာများတွင် လူထုစည်းရုံးရေး၊ လျှို့ဝှက်အုပ်ချုပ်ရေးစနစ်များ တည်ထောင်၍ ချုပ်ကိုင်ခြင်းနှင့် ဘဏ္ဍာ၊ ရိက္ခာသတင်းနှင့် လူသစ်စုဆောင်းရေးတို့ကို အဓိကထား လုပ်ပုံရပေသည်။ သို့ဖြစ်ရာ AA ၏ မြို့တွင်းပြောက်ကျားလှုပ်ရှားမှုမှာ AA လက်နက်ကိုင်တပ်ဖွဲ့အနေဖြင့် လှုပ်ရှားပြီး စစ်ရေးရည်မှန်းချက် ဦးတည်သည်ထက် ULA အနေနှင့် လှုပ်ရှားပြီး နိုင်ငံရေးရည်မှန်းချက်ကို အဓိက ထားသည်။ AA လက်နက်ကိုင်အဖွဲ့များ၏ စစ်ရေးလှုပ်ရှားမှုများကို အထောက်အကူပြုနိုင်ရန် ဦးတည်ချက်ထားသည်ဟု သုံးသပ်ရပေသည်။

သို့ဖြစ်ရာ ၂၀၁၉ မှစ၍ ယနေ့ ၂၀၂၀ မေလအထိ AA တပ်ဖွဲ့သည် တောတွင်းပြောက်ကျားစစ်ဆင်ရေးကို အဓိထား လှုပ်ရှား နေသည်။ ပြောက်ကျားစစ်ပွဲဆင်နွှဲရာတွင် အဓိက လှုပ်ရှားတပ်ဖွဲ့နှင့် အနည်းဆုံး ပြောက်ကျား ဒေသ တပ်ဖွဲ့ ၄ ခုခွဲ၍ လှုပ်ရှားနေသည်ဟု သုံးသပ်ရပြီး ၂၀၂၀ ခုနှစ်အတွင်း ရခိုင်ပြည်နယ်၌ အခြေခံစခန်း တည်ဆောက်ရေးကို ဦးတည် လှုပ်ရှားနေသည်ကို တွေ့ရသည်။ ၎င်းတို့၏ ပြောက်ကျားစစ်ဆင်ရေးကို အထောက်အကူဖြစ်စေရန် မြို့တွင်းပြောက်ကျားလှုပ်ရှားမှုကို အရံထားပြီး တွဲဖက်လှုပ်ရှားနေသည်ကို တွေ့ရပေသည်။

ဆက်လက်ဖော်ပြပါမည်။

You may also like these stories:

ပလက်ဝမှာ ရွေးကောက်ပွဲ ကျင်းပဖြစ်မှာလား

ပလက်ဝ လူ့အခွင့်အရေးချိုးဖောက်မှုများ စုဆောင်းရာတွင် ခက်ခဲဟု CHRO ပြော

ဘဝကို သုညက ပြန်စရမယ့် ရန်ကုန်ရောက် ချင်းဒုက္ခသည်များ

ရခိုင်စစ်မြေပြင်တွင် တပ်မတော် ရေ အရေးပါလာ

Did you find apk for android? You can find new Free Android Games and apps.
Loading